လေးမျက်နှာမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ငဝန်တာ၏အောက်ခံ မြစ်ကျိုးအင်းသဲကြောမှထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှု ဖြစ်ပွားပြီး လေးမျက်နှာမြို့ပေါ်ရပ်ကွက်များ နှင့် ပတ်ဝန်းကျင်ကျေးရွာ များ ရေဝင်ရောက်မှုဖြစ်ပွားခဲ့သဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
နေပြည်တော်၊ ၂၀၂၆ ဩဂုတ် ၅ ရက်
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ၂၀၂၆ခုနှစ်၊ ဇူလိုင်လ ၃၀ရက် ညပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့်မြစ်ရေတိုက်စားမှုကြောင့် ငဝန်တာ၏ အောက်ခံ မြစ်ကျိုးအင်းသဲကြောမှထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ် ပွားပြီး ရေကျော်စီးဝင်ခြင်းကြောင့် ယနေ့အထိ လေးမျက်နှာမြို့ပေါ်ရပ်ကွက် (၅)ခု၊ မြို့တွင်း လမ်းမကြီးများနှင့် ပတ်ဝန်းကျင်ကျေးရွာ ၇၂ ရွာ၊ ဟင်္သာတမြို့နယ် ၂၆ ရွာ၊ ရေကြည်မြို့နယ် ၆ရွာနှင့် ကျုံပျော်မြို့နယ် ၂ ရွာ၊ စုစုပေါင်း ၁၀၆ ရွာ သို့ ရေဝင်ရောက်မှုများဖြစ်ပွားလျက်ရှိ သည်။
အဆိုပါ ငဝန်တာ၏အောက်ခံမြစ်ကျိုးအင်းသဲကြောမှထူးပေါက်၍ ရေဖြတ်သန်း စီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားပြီး ရေကျော်စီးဝင်ခြင်းကြောင့် လေးမျက်နှာမြို့ ပေါ်ရပ်ကွက် (၅)ခု၊ မြို့တွင်း လမ်းမကြီးများနှင့် ပတ်ဝန်းကျင်ကျေးရွာ ၇၂ ရွာ၊ ဟင်္သာတ မြို့နယ် ၂၆ ရွာ၊ ရေကြည်မြို့နယ် ၆ ရွာနှင့် ကျုံပျော်မြို့နယ် ၂ ရွာ၊ စုစုပေါင်း ၁၀၆ ရွာရှိ လူနေ အိမ်များအတွင်းသို့ ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် ရေဘေးကူညီကယ်ဆယ်ရေး စခန်း ၁၃ ခုဖွင့်လှစ်ထားရှိပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သား များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ ပရဟိတအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ စုပေါင်း၍ ရေဘေးသင့်ပြည်သူများ အား ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ပစ္စည်းများအား ဘေးလွတ် ရာသို့ ကူညီရွှေ့ပြောင်းခြင်းများ၊ စားသောက်ဖွယ်ရာများ လိုက်လံပို့ဆောင်ပေးခြင်း၊ လိုအပ် သော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး မြစ်ရေတိုက်စား ပြိုကျမှုမှ ကာကွယ်ရန် တာခြေထောက်ခြင်းအဖြစ် ကမ်းထိန်းအိတ်များချခြင်း၊ ရေရှိန်တား ပြုလုပ်ခြင်း၊ ရေကာတာ တာဘောင်မြေဖို့ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်လျက်ရှိသည်။
ယင်းသို့ ဆောင်ရွက်နေမှုများကို အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန် ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

