မြန်မာနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်နေသည့် ပြည်ပနိုင်ငံသား ၄၁ ဦးအား တာချီလိတ်မြို့နယ်အတွင်း ဖမ်းဆီးရမိ နေပြည်တော်၊ ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၅ ရက်

Thursday, August 6, 2026 - 08:30

‌          မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်း များ လုံးဝအခြေမပြုနိုင်စေရေးအတွက် အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို ပြည်တွင်းအင်အားစုများ၊  အိမ်နီးချင်းနိုင်ငံအစိုးရများနှင့် ပေါင်းစပ်ညှိနှိုင်း ၍ တက်ကြွစွာ ဆောင်ရွက်လျက်ရှိသည့်အပြင် တရားမဝင်ပြည်ပနိုင်ငံသားများ မြန်မာနိုင်ငံ အတွင်းသို့ ဝင်ရောက်အခြေချနေထိုင်ခြင်း မရှိစေရေးအတွက်လည်း အသေးစိတ်စစ်ဆေး ကြပ်မတ် ဆောင်ရွက်လျက်ရှိသည်။

          ထိုသို့ ဆောင်ရွက်လျက်ရှိစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များသည် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊  တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)အုပ်စု၊ ဝှေလေလန် ပူးပေါင်း စစ်ဆေးရေးဂိတ်အနီး ရှောင်ကွင်းလမ်းအား ယနေ့ နံနက် ၄ နာရီခန့်တွင် ရှောင်တခင်စစ် ဆေးခဲ့ရာ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် တရုတ် နိုင်ငံသား အမျိုးသား ၂ ဦး အား ဖမ်းဆီးရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိသည့် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော တရုတ် နိုင်ငံသား အမျိုးသား ၂ ဦးအား စစ်ဆေးမေးမြန်းချက်အရ ဝမ်ပုံကျေးရွာအနီးတွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်၍ ခိုအောင်းနေထိုင်သော တရုတ်နိုင်ငံသားများရှိကြောင်း သိရှိရ သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များသည် တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူများအား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်ခဲ့ရာ တာချီလိတ် မြို့နယ်၊ ဝမ်ပုံကျေးရွာ၏တောင်ဘက် မီတာ ၄၆၀၀ ခန့်အကွာတွင် တရုတ်နိုင်ငံသား အမျိုးသား ၁၉ ဦး၊ အမျိုးသမီး ၁ ဦး၊ ပေါင်း ၂၀ ဦးအား လည်းကောင်း၊ အဆိုပါနေရာ၏ အရှေ့မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာတွင် တရုတ်နိုင်ငံသား အမျိုးသား ၁၉ ဦးအား လည်းကောင်း ထပ်မံဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့သဖြင့် တရုတ်နိုင်ငံသား အမျိုးသား ၄၀ ဦး၊ အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၄၁ ဦးအား ဖမ်းဆီးထိမ်းသိမ်းနိုင်ခဲ့သည်။

          ထိုသို့ မြန်မာနိုင်ငံအတွင်း တရားမဝင်နယ်စပ်ဖြတ်ကျော်၍ ဝင်ရောက်လာသော တရုတ်နိုင်ငံသား ၄၁ ဦးအား  သက်ဆိုင်ရာ၌ ထိန်းသိမ်းထားရှိပြီး ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များ) အက်ဉပဒေပုဒ်မ ၃(၁)/ ၁၃(၁)အရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းသတင်းရရှိသည်။