နမ့်စန်မြို့နယ်၊ နားရိုင်းရွာသစ်ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူများအား လက်နက်၊ ခဲယမ်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ နေပြည်တော်၊ ၂၀၂၆ ဩဂုတ် ၄

Tuesday, August 4, 2026 - 13:45

        နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ခြင်းများ ပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှု မရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အွန်လိုင်းလိမ်လည် လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အထူးအလေး ထား၍ တက်ကြွစွာ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ  ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့နယ်အတွင်း    နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းများသည် အွန်လိုင်း လိမ်လည်လောင်း ကစားမှုများ လုပ်ကိုင်နေကြောင်း သတင်းအရ လိုအပ်သည့် ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ယနေ့မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် နမ့်စန်မြို့နယ်၊ နားရိုင်းရွာသစ်ကျေးရွာ၏ တောင်ဘက် မီတာ ၂၅၀ ခန့်အကွာရှိ    အွန်လိုင်းလိမ်လည် လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် အလျား ၈၀ ပေ၊ အနံ ၆၀ ပေ (အုတ်ကာ၊ သွပ်မိုး)အဆောက်အအုံ ၁ လုံး အတွင်းမှ အွန်လိုင်းလိမ်လည် လောင်းကစားမှုများလုပ်ကိုင်နေသည့် တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား  အမျိုးသား ၃၆ ဦး နှင့် အမျိုးသမီး ၂ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၇ ဦး၊ အမျိုးသမီး ၄ ဦး၊ စုစုပေါင်း အမျိုးသား ၄၃ ဦးနှင့် အမျိုးသမီး ၆ ဦးတို့အား P-365 အမျိုးအစား ပစ္စတို ၁ လက်၊   ကျည်အိမ် ၂ ခု၊ ၉ မမကျည် ၅ တောင့်၊ UZI အမျိုးအစား ပစ္စတို ၁ လက်၊  ကျည်အိမ် ၁ ခု၊ ပွိုင့် ၃၈ ကျည် ၉ တောင့်၊ AK-47 မောင်းပြန်ရိုင်ဖယ် ၂ လက်၊ ကျည်အိမ် ၂ ခု၊ ၇ ဒသမ ၆၂ မမ ကျည် ၅၀ တောင့်၊ လုပ်ငန်းသုံးပစ္စည်းများဖြစ်သည့် ဖုန်းမျိုးစုံ ၆၇ လုံး၊ All  in One ကွန်ပျူတာ ၄ လုံး၊ CPU ၁ လုံး၊ Star Linl ၆ စုံတို့နှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။

အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်လျက်ရှိသည့် ဖမ်းဆီး ရမိသူများအား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် စစ်ဆေးမှု ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး နောက်ကွယ်မှ ပါဝင် ပတ်သက်နေသူများကိုလည်း စုံစမ်းဖော်ထုတ်ကာ အရေးယူဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်ခြင်းများ ပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှု မရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တက်ကြွစွာ ဆက် လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။