ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ၂၀၂၆ခုနှစ်၊ ဇူလိုင်လ ၃၀ ရက် ညပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့်မြစ်ရေတိုက်စားမှုကြောင့် ငဝန်မြစ်ရေကာတာ ကျိုးပေါက်မှုဖြစ်ပွားခဲ့သဖြင့် ယနေ့အထိ လေးမျက်နှာမြို့ပေါ်ရပ်ကွက် (၅)ခု၊ မြို့တွင်း လမ်းမကြီးများနှင့် ပတ်ဝန်းကျင်ကျေးရွာ ၅၇ ရွာသို့ ရေဝင်ရောက်မှုများဖြစ်ပွားလျက်ရှိသည်။
အဆိုပါ ရေကာတာကျိုးပေါက်မှုဖြစ်ပွားခဲ့မှုကြောင့် လေးမျက်နှာမြို့ပေါ် ရပ်ကွက် (၅)ခု ၊ မြို့တွင်းလမ်းမကြီးများနှင့် ပတ်ဝန်းကျင်ကျေးရွာ ၅၇ ရွာရှိ လူနေအိမ်များ အတွင်းသို့ ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် ရေဘေးကူညီကယ်ဆယ်ရေးစခန်း ၁၃ ခု ဖွင့်လှစ်ထားရှိပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ ပရဟိတ အဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ စုပေါင်း၍ ရေဘေးသင့်ပြည်သူများအား ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ပစ္စည်းများအား ဘေးလွတ်ရာ သို့ ကူညီရွှေ့ပြောင်းခြင်းများ၊ စားသောက်ဖွယ်ရာများ လိုက်လံပို့ဆောင်ပေးခြင်း၊ လိုအပ် သော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး မြစ်ရေတိုက်စား ပြိုကျမှုမှ ကာကွယ်ရန် တာခြေထောက်ခြင်းအဖြစ် ကမ်းထိန်းအိတ်များချခြင်း၊ ရေရှိန်တား ပြုလုပ်ခြင်း၊ ရေကာတာ တာဘောင်မြေဖို့ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်လျက်ရှိသည်။
ယင်းသို့ ဆောင်ရွက်နေမှုများကို အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန် ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်းရရှိသည်။



