နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ရန်အတွက် ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၂၇)တွင် ပါဝင်တက်ရောက်ကြမည့် အရည်အချင်းကိုက်ညီသူ နိုင်ငံ့သားကောင်းများ သည် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်နယ်မြေများရှိ သင်တန်းကျောင်းအသီးသီးသို့ရောက်ရှိ၍ လိုအပ်သည့် ကြိုတင် ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ကြသည်။ ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းအသီးသီး၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၇)သင်တန်းဖွင့်ပွဲများ ပြုလုပ်ကြသည်။ သင်တန်းဖွင့်ပွဲများတွင် သင်တန်းကျောင်းများအလိုက် ကျောင်းအုပ်ကြီးများက သင်တန်း ဖွင့်အမှာစကားများ ပြောကြားကြသည်။
အဆိုပါ သင်တန်းဖွင့်ပွဲများသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများ၊ နေပြည်တော်ကောင်စီဝင်များနှင့်တာဝန်ရှိသူများ တက်ရောက်၍ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၇)မှသင်တန်းသားများအားတွေ့ဆုံကာ သင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေ၊ စားသောက်ဖွယ် ရာများနှင့် အသုံးအဆောင်ပစ္စည်းများပေးအပ်ကြပြီး သင်တန်းသားများအား လိုက်လံနှုတ်ဆက်အား ပေးခဲ့ကြ သည်။
ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိကြသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင် ရေးအတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နိုင်ရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာတည်စေခဲ့ပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းများကို ဖွင့်လှစ် သင်ကြားပေးခဲ့သည်။ အဆိုပါပြည်သူ့စစ်မှုထမ်းသင်တန်းများမှ သင်တန်းဆင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းများသည် တာဝန်ကျရာ တပ်ရင်း/တပ်ဖွဲ့အသီးသီးတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဦးလည်မသုန်ကျေပွန်စွာ ထမ်းဆောင်နေကြပြီ ဖြစ်သည်။
ယနေ့တွင် ဖွင့်လှစ်လိုက်သည့်ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၇)မှ နိုင်ငံ့သားကောင်း လူငယ်များအဖြစ် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ဂုဏ်ယူစွာထမ်းဆောင်ရန် သင်တန်း တက်ရောက်ကြမည့် သင်တန်းသားများ၏ စကားသံများကိုလည်း ယခုလိုပဲ ကြားသိရပါတယ် ။
၁။ ပြည်သူ့စစ်မှုထမ်းအမှတ်စဉ်(၂၇)က ကိုယ့်သဘောကိုယ့်ဆန္ဒနဲ့ ဝင်ရောက်ခဲ့တာပါ။ ဒီပြည်သူ့စစ်မှု ထမ်းဥပဒေကိုချမှတ်ထားတဲ့အပေါ် နိုင်ငံသားတိုင်းရဲ့ တာဝန်လို့ တာဝန်ရှိတဲ့အတွက် ဒီဥပဒေကို ချမှတ်ထား တယ်လို့ဘဲထင်ပါတယ်။ အခုလို အခြေခံစစ်ပညာတွေကို လေ့ကျင့်သင်ကြားပေးခြင်းအားဖြင့် ကျွန်တော် တို့ကိုယ်တိုင်အတွက်ရော နောက်ပြီးတော့ မိသားစု အတွက်ရော တိုင်းပြည်အတွက်ရော ကာကွယ်နိုင်မယ်လို့ ထင်ပါတယ်။ ဒီသင်တန်းကာလမှာ ဆရာတွေသင်ပေးတဲ့ သင်ခန်းစာမှန်သမျှကို အကောင်းမွန်ဆုံး လေ့ကျင့် ဖြစ်အောင် လေ့ကျင့်လိုက်နာပြီးတော့ ကိုယ့်အပေါင်းအသင်း သူငယ်ချင်းတွေနဲ့လည်း တန်းတူညီတူ အကုန် လုံးဖြစ်အောင် အကောင်းဆုံးလိုက်နာဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ “ဘယ်သူခွဲခွဲ တို့မကွဲ အမြဲစည်း လုံးမည်” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ကျွန်တော်ကတော့ အဲ့ဒီစိတ်ဓာတ် အဲ့ဒီလိုမျိုုးစိတ်ဓာတ် ခံယူပြီးတော့ ဆောင်ရွက်သွားမှာပါ။
၂။ ကျွန်တော် စစ်သားတစ်ယောက်ဖြစ်ချင်လို့ပါ။ ကိုယ့်ခံယူချက်နဲ့ ကိုယ့်ဘာသာဝင်လာတာ ပါ။ ကျွန်တော့်အကိုလည်း ရှေ့အပတ်စဉ်တုန်းက ဝင်သွားတာရှိတယ်။ စစ်မှုထမ်းဖို့ ကျွန်တော်တို့ကို လူခေါ် တယ်လေ။ ဒါကြီးကို ရှောင်လွှဲနေလည်း အချိန်တန်ရင် ကိုယ့်အလှည့် ကျလာမှာဘဲ။ ကိုယ့်ဘာသာ ကိုယ့် အသိစိတ်ဓာတ်နဲ့ ကိုယ့်ဘာသာဝင်လိုက်တာက အကောင်းဆုံးဘဲ ထင်တယ်။ အဲ့ဒါကြောင့်မို့ ကျွန်တော် ဝင်ဖြစ်တာပါ။ ကျွန်တော်နောက်လာမယ့် အပတ်စဉ်က ညီအစ်ကိုများလည်း လာခဲ့ပါ။ ဘာမှမကြောက်ပါနဲ့။ အဲ့ဒါဘဲပြောချင်ပါတယ်။
၃။ ရှမ်းပြည်နယ်(တောင်ပိုင်း) အောင်ပန်းမြို့ကနေ လာရောက်တက်ရောက်ပြီး စစ်မှုထမ်း ဆောင်တာ ဖြစ်ပါတယ်။ ကိုယ်တိုင်လည်း စိတ်ပါလို့ လာရောက်တက်ရောက်တာပါ။ ဆရာတွေ သင်ကြားပို့ချပေးတာ တွေကို သေချာ အကောင်းဆုံး ကျွန်တော်တို့ လိုက်နာမှာပါ။ အမေကတော့ အကောင်းဆုံး ကြိုးစားပေါ့။ သင်တန်း (၃)လ မှာ ဆရာတွေရဲ့ စကားကိုလည်း နားထောင်ဖို့။ အဖေက စစ်သားပါဗျ။ အဖေကလည်း မှာတယ်။ စစ်သားလုပ်ရင် အမိန့်ကို နာခံပါ။ နောက်ထပ်ဝင်ဖို့ရှိတဲ့ ညီအစ်ကိုတွေကို ကြိုဆိုပါတယ်။ ဒီမှာတော်တော်ကောင်းပါတယ်။











