မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ  “မီလျံနာ”ရွှေဆိုင်နှင့် မဟာအောင်မြေမြို့နယ်ရှိ “ပေါ်ဦး”ရွှေဆိုင်တို့အား သေနတ်ပစ်ဖောက်ဝင်ရောက်၍ ဓားပြတိုက်လုယက်မှုကျူးလွန်ခဲ့သူ တရားခံ အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၃ ဦးတို့အား သက်သေခံပစ္စည်းများနှင့်အတူ

Tuesday, August 4, 2026 - 09:30

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ  “မီလျံနာ”ရွှေဆိုင်နှင့် မဟာအောင်မြေမြို့နယ်ရှိ “ပေါ်ဦး”ရွှေဆိုင်တို့အား သေနတ်ပစ်ဖောက်ဝင်ရောက်၍ ဓားပြတိုက်လုယက်မှုကျူးလွန်ခဲ့သူ တရားခံ အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၃ ဦးတို့အား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ် ဖမ်းဆီးရမိ

နေပြည်တော်၊ ဩဂုတ် ၁

          မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၃)ရပ်ကွက်၊ ၆၂ လမ်းနှင့် ၆၄ လမ်းကြား၊ မနော်ဟရီလမ်းရှိ “မီလျံနာ” ရွှေဆိုင်အား ဇူလိုင်လ ၂၀ ရက်နေ့ မွန်းလွဲပိုင်းက  အမျိုးသား ၆ ဦးမှ ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး ဆိုင်အတွင်းသို့ သေနတ်ပစ်ဖောက် ဝင်ရောက်ကာ ဆိုင်ရှိဝန်ထမ်းများအား ခြိမ်းခြောက်ပြီး မှန်ကောင်တာများအား ပုဆိန်ဖြင့် ရိုက်ခွဲ၍ ရွှေထည်ပစ္စည်းမျိုးစုံ၊ စုစုပေါင်းရွှေချိန် ၈၅ ကျပ်သား ၄ ပဲခန့်(တန်ဖိုးငွေကျပ် ၅၉၂၉ သိန်း)ခန့်အား ဓားပြတိုက်လုယက်ယူဆောင်ထွက်ပြေးသွားခဲ့ကြောင်း သတင်းအရ ချမ်းမြသာစည်မြို့နယ်၊ အမှတ် (၁၁)နယ်မြေရဲစခန်း (ပ)၁၁၄/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၉၅ ဖြင့် အမှုရေးဖွင့်ပြီး ပြစ်မှုကျူးလွန်သူ တရားခံများ ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့သည်။

          လုံခြုံရေးတပ်ဖွဲ့ဝင်များက တရားခံများ ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး အခင်းဖြစ်ရပ်မှတ်တမ်း များရယူခြင်း၊ နယ်မြေအတွင်း သတင်းရယူစုံစမ်းခြင်းများဆောင်ရွက်ခဲ့ရာ လုယက်မှုကျူးလွန်ရာတွင် ပါဝင်သူများဖြစ်ကြသည့် ချမ်းမြသာစည်မြို့နယ်၊ (ဆ)ရပ်ကွက်နေ ထက်ဝေကျော်(ခ)ကိုထက်(၂၂)နှစ် အား ဇူလိုင်လ ၂၃ ရက်နေ့ မွန်းလွဲပိုင်းတွင် အမြန်လမ်းမကြီးမိုင်တိုင်အမှတ်(၁၅၈)မိုင်၌လည်းကောင်း၊ ချမ်းအေးသာစံမြို့နယ်၊ ဒေးဝန်းအနောက်ရပ်ကွက်နေ ရှိုင်းကို(ခ)ငရှိုင်း(၃၀)နှစ်အား ယင်းနေ့ ညနေပိုင်းတွင် ဒေးဝန်းအနောက်ရပ်ကွက်၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြားရှိ သင်္ဂဇာချောင်းဘေး၌ လည်းကောင်း၊ ယင်းနေ့ညပိုင်းတွင် စစ်ကိုင်းမြို့နယ်၊ အာလောင်ကျေးရွာနေ အောင်ကျော်ဇော(ခ) အောင်ကျော်(ခ)အကြီးကောင်(၃၃)နှစ်နှင့် ချမ်းမြသာစည်မြို့နယ်၊ (ဆ)ရပ်ကွက်နေ ကောင်းခန့်ကျော် (ခ)ဘိုကောင်း(၂၁)နှစ်တို့နှစ်ဦးအား ချမ်းမြသာစည်မြို့နယ်၊ သံလျှက်မှော်တောင်ရပ်ကွက်ရှိ Golden ကန်တော်ကြီးတည်းခိုခန်း၌လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ အာလောင် ကျေးရွာနေ သိန်းမြင့်(ခ)ရွှေဘိုမောင်နိုင်(ခ)မျိုးခိုင်(ခ)ကိုနိုင်(၅၈)နှစ်နှင့် လုယက်မှုကျူးလွန်ရာမှ ရရှိသည့် ရွှေထည်ပစ္စည်းများအား ရောင်းချပေးသူ သာကေတမြို့နယ်၊ ၆/အရှေ့ရပ်ကွက်နေ မောင်မောင်မင်းဇော်(ခ)ကိုမင်း(ခ)ကျားကြီး(၅၇)နှစ်တို့နှစ်ဦးအား သက်သေခံပစ္စည်းများဖြစ်သည့် အရည်ကျိုရွှေ ၄ တုံး၊ ဟန်းချိန်း ၂ ကုံး၊ ငွေကျပ်သိန်း ၃၀၀ တို့နှင့်အတူ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဘုရားကြီးရပ်ကွက်၊ ဘုရားကြီးလမ်းဆုံမီးပွိုင့်အနီး၌လည်းကောင်း၊ အောင်မြေသာစံမြို့နယ်၊ စံပယ် အိမ်ရာ၊ တိုက်အမှတ်(၂)၊ အလယ်ဆောင်၊ အခန်းအမှတ်(၆၇)နေ ကျော်စိုးဝင်း(၅၀)နှစ်အား ၎င်း၏ နေအိမ်အခန်း၌လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သည်။

          ဖမ်းဆီးရမိတရားခံများဖြစ်ကြသည့် သိန်းမြင့်(ခ) ရွှေဘိုမောင်နိုင်(ခ) မျိုးခိုင်(ခ) ကိုနိုင်၊ ထက်ဝေကျော်(ခ)ကိုထက်၊ ရှိုင်းကို(ခ)ငရှိုင်း၊ အောင်ကျော်ဇော(ခ)အောင်ကျော်(ခ)အကြီးကောင်၊ ကောင်းခန့်ကျော်(ခ)ဘိုကောင်းနှင့် ကျော်စိုးဝင်းတို့ ၆ ဦးအား သက်သေခံပစ္စည်းများသိမ်းဆည်း ရမိရေး ဆက်လက်စစ်ဆေးခဲ့ရာ ဇူလိုင်လ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် အောင်ကျော်ဇော(ခ) အောင်ကျော်(ခ)အကြီးကောင်၏နေအိမ်မှ လုယက်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် SHG SAUER P 320 အမျိုးအစားပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၂ ခု၊ A USA 380 AUTO ကျည် ၂၇ တောင့် တို့အားလည်းကောင်း၊ ယင်းနေ့နေ့လယ်ပိုင်းတွင် ချမ်းမြသာစည်မြို့နယ်၊ သံလျက်မှော်တောင် ရပ်ကွက်၊ Golden ကန်တော်ကြီးတည်းခိုခန်းမှ Click အနက်ရောင်နှင့် CANDA-125 အစိမ်းရင့် ရောင်ဆိုင်ကယ် ၂ စီးအားလည်းကောင်း၊ ကျော်စိုးဝင်း၏နေအိမ်မှ SHAYAN-125 အနက်ရောင် ဆိုင်ကယ် ၁ စီးနှင့် လေးခွ ၁ လက်၊ မူလီ (ကုန်းသီး) ၃၁ လုံးအားလည်းကောင်း၊ ပြည်ကြီးတံခွန် မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်၊ အိမ်အမှတ်(ညည-၇၁)မှ NEWANBO-125 အနက်ရောင်ဆိုင်ကယ် ၁ စီးအားလည်းကောင်း အသီးသီးသိမ်းဆည်းရမိခဲ့ပြီး လုယက်မှုကျူးလွန်ရာမှ ရရှိသည့် ရွှေထည် ပစ္စည်းများအား လက်ခံထားရှိသူ စစ်ကိုင်းမြို့နယ်၊ အာလောင်ကျေးရွာနေ တရားခံ အောင်ကျော်ဇော (ခ)အောင်ကျော်(ခ)အကြီးကောင်၏ဇနီးဖြစ်သူ ခင်စန်းရီ(၂၆)နှစ်အား ရွှေဟန်းချိန်း ၂ ခု၊ ရွှေဆွဲကြိုး ၂ ကုံးတို့နှင့်အတူ ဇူလိုင်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ချမ်းမြသာစည်မြို့နယ်၊ သံလျက်မှော်တောင် ရပ်ကွက်၊ Golden ကန်တော်ကြီးတည်းခိုခန်း၌လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။

          တရားခံများအား ဆက်လက်စစ်ဆေးခဲ့ရာ မီလျံနာရွှေဆိုင်အား လုယက်မှုကျူးလွန်ရာတွင် သိန်းမြင့်(ခ)ရွှေဘိုမောင်နိုင်(ခ)မျိုးခိုင်(ခ)ကိုနိုင်မှ ခေါင်းဆောင်အဖြစ်ဆောင်ရွက်ပြီး လုယက်မှု ကျူးလွန်ရန် ရွှေဆိုင်များအား လှည့်လည်ကြည့်ရှုခြင်းနှင့် လုယက်စဉ် ဆိုင်ရှေ့လမ်းပေါ်မှ အခြေအနေ စောင့်ကြည့်ပေးခဲ့ကြောင်း၊ ရွှေဆိုင်အတွင်းသို့ အောင်ကျော်ဇော(ခ)အောင်ကျော်(ခ)အကြီးကောင်မှ သေနတ်ပစ်ဖောက်ဝင်ရောက်၍ ကျော်စိုးဝင်းက ဆိုင်အပြင်မှ လေးခွဖြင့်ပစ်ခတ်ရန် အသင့်စောင့်နေ ခဲ့ပြီး ကောင်းခန့်ကျော်(ခ)ဘိုကောင်းမှ ပုဆိန်ဖြင့် မှန်ကောင်တာများအား ထုခွဲကာ ထက်ဝေကျော် (ခ)ကိုထက်နှင့် ရှိုင်းကို(ခ)ငရှိုင်းတို့နှစ်ဦးမှ ရွှေထည်ပစ္စည်းများအား သယ်ယူခဲ့ကြကြောင်း၊ လုယက်မှု ကျူးလွန်ရာမှရရှိခဲ့သည့် ရွှေထည်ပစ္စည်းများအား သိန်းမြင့်(ခ)ရွှေဘိုမောင်နိုင်(ခ)မျိုးခိုင်(ခ)ကိုနိုင်၏ နေအိမ်တွင် အရည်ကျိုပုံဖျက်၍ ၎င်း၏ဇနီးဖြစ်သူ အိအိချောနှင့် ချွေးမဖြစ်သူ နှင်းသန္တာအောင်(ခ) နှင်းနှင်းတို့က ၎င်းရွှေတုံးများအား ရန်ကုန်မြို့ရှိ မောင်မောင်မင်းဇော်(ခ)ကိုမင်း(ခ)ကျားကြီး၏ ချိတ်ဆက်ပေးမှုဖြင့် ရွှေရောင်း/ဝယ်လုပ်ကိုင်သူ နေလင်းထံတွင် ရောင်းချခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သည်။

          ပေါ်ပေါက်ချက်အရ ပူးပေါင်းပါဝင်ကျူးလွန်သူများအား ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ လုယက်မှုကျူးလွန်ရာမှရရှိသည့် ရွှေထည်ပစ္စည်းများလက်ခံဝယ်ယူသူ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ၁/ထူပါရုံရပ်ကွက်နေ နေလင်း(၅၀)နှစ်အား အလေးချိန် ၂၆ ကျပ်သားရှိ ရွှေချောင်း ၂ ချောင်းနှင့်အတူ ဇူလိုင်လ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ၎င်း၏နေအိမ်၌လည်းကောင်း၊ အရည်ကျို ရွှေတုံးများအား သယ်ယူရောင်းချပေးသူ စစ်ကိုင်းမြို့နယ်၊ အာလောင်ကျေးရွာနေ အိအိချော(၃၉)နှစ် နှင့် နှင်းသန္တာအောင်(ခ)နှင်းနှင်း(၁၈)နှစ်တို့အား အရည်ကျိုရွှေတုံးများ ရောင်းချရာမှရရှိသည့် ငွေကျပ်သိန်း ၂၄၀ နှင့်အတူ ဇူလိုင်လ ၂၈ ရက်နေ့ ညနေပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင် မြို့နယ်၊ ကုန်းတန်းကြီးတာပတ်အနောက်ရပ်ကွက်၌လည်းကောင်း အသီးသီးထပ်မံဖမ်းဆီးရမိခဲ့သည်။

          တရားခံ သိန်းမြင့်(ခ)ရွှေဘိုမောင်နိုင်(ခ)မျိုးခိုင်(ခ)ကိုနိုင်ပါ ၆ ဦးတို့အား အခြားပြစ်မှုများ ကျူးလွန်ထားမှု ရှိ/မရှိ ဆက်လက်စစ်ဆေးခဲ့ရာ သိန်းမြင့်(ခ)ရွှေဘိုမောင်နိုင်(ခ)မျိုးခိုင်(ခ)ကိုနိုင်၊ ကောင်းခန့်ကျော်(ခ)ဘိုကောင်း၊ အောင်ကျော်ဇော(ခ)အောင်ကျော်(ခ)အကြီးကောင်တို့ ၃ ဦးသည် ဖမ်းဆီးရန်ကျန် တရားခံများဖြစ်ကြသည့် ထွန်းလင်းအောင်(ခ)နိုင်ကိုကိုနှင့် ဝေဖုန်းသူ(ခ)ဝေကြီးတို့ ၂ ဦးနှင့်အတူ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် မဟာအောင်မြေမြို့နယ်၊ ရွှေဘုန်းရှိန်ရပ်ကွက်ရှိ “ပေါ်ဦး”ရွှေဆိုင်အား သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများ လုယက်မှုကျူးလွန်ခဲ့ကြကြောင်း၊ လုယက်ရာမှရရှိသည့် ရွှေထည်ပစ္စည်းများအား သန်းစိုးမှထုခွဲ ရောင်းချပေးခဲ့ကြောင်းဖော်ထုတ်သိရှိသဖြင့် တရားခံများဖမ်းဆီးရမိဆောင်ရွက်ခဲ့ရာ ရွှေထည်ပစ္စည်း များထုခွဲရောင်းချပေးသူ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်နေ သန်းစိုး(၅၅)နှစ်အား ဇူလိုင်လ ၂၆ ရက်နေ့ မွန်းလွဲပိုင်းတွင် ၎င်း၏နေအိမ်၌လည်းကောင်း၊ လုယက်မှုကျူးလွန်ရာတွင် ပါဝင်သူ ချမ်းမြသာစည်မြို့နယ်၊ ဧရာထွန်းရပ်ကွက်နေ ထွန်းလင်းအောင်(ခ)နိုင်ကိုကို(၂၈)နှစ်အား ဇူလိုင်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ၎င်း၏နေအိမ်၌လည်းကောင်း အသီးသီးထပ်မံဖမ်းဆီးရမိခဲ့သည်။

          ဖမ်းဆီးရမိတရားခံများအနက် အောင်ကျော်ဇော (ခ)အောင်ကျော် (ခ)အကြီးကောင် သည် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ “မိုးမန္တလေး” ရွှေဆိုင်အား လုယက်မှုမှ ဖမ်းဆီးရမိတရားခံများဖြစ်ကြသည့် ငြိမ်းလင်းကိုကို(ခ)ငလက်မ၊ ရဲနိုင်စိုးနှင့် နိုင်လင်းခန့်(ခ)မိုးဒီ၊ ဖမ်းဆီးရန်ကျန်တရားခံများဖြစ်ကြသည့် အောင်ကျော်ဦး(ခ)ဆံရှည်၊ ဝေဖုန်းသူ (ခ)ဝေကြီးတို့နှင့်အတူ လုယက်မှုကျူးလွန်ခဲ့ကြောင်း ထပ်မံဖော်ထုတ်သိရှိရသည်။

          ဖြစ်စဉ်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ “မီလျံနာ”ရွှေဆိုင်အား လုယက်မှုကျူးလွန်သူ တရားခံ သိန်းမြင့်(ခ)ရွှေဘိုမောင်နိုင်(ခ)မျိုးခိုင်(ခ)ကိုနိုင်၊ အောင်ကျော်ဇော (ခ)အောင်ကျော်(ခ)အကြီးကောင်၊ ကောင်းခန့်ကျော်(ခ)ဘိုကောင်း၊ ထက်ဝေကျော်(ခ)ကိုထက်၊ ရှိုင်းကို(ခ)ငရှိုင်း၊ ကျော်စိုးဝင်းတို့ ၆ ဦးနှင့် ပူးပေါင်းပါဝင်သူ မောင်မောင်မင်းဇော်(ခ)ကိုမင်း(ခ) ကျားကြီး၊ နေလင်း၊ အိအိချော၊ နှင်းသန္တာအောင်(ခ)နှင်းနှင်း၊ ခင်စန်းရီတို့ ၅ ဦး၊ စုစုပေါင်းတရားခံ ၁၁ ဦးတို့အား သက်သေခံပစ္စည်းများဖြစ်သည့် ရွှေထည်ပစ္စည်းစုစုပေါင်း အလေးချိန် ၄၂ ကျပ်သား ၁၄ ပဲ ၃ ရွေး၊ ငွေကျပ် ၅၄၀ သိန်း၊ SHG SAUER P 320 အမျိုးအစား ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၂ ခု၊ A USA 380 AUTO ကျည် ၂၇ တောင့်၊ ဆိုင်ကယ် ၄ စီး၊ လေးခွ ၁ လက်၊ မူလီ(ကုန်းသီး) ၃၁ လုံးတို့နှင့်လည်းကောင်း၊ မဟာအောင်မြေမြို့နယ်ရှိ “ပေါ်ဦး”ရွှေဆိုင်အား လုယက်ရာတွင်  သိန်းမြင့်(ခ)ရွှေဘိုမောင်နိုင်(ခ)မျိုးခိုင်(ခ)ကိုနိုင်၊ အောင်ကျော်ဇော(ခ)အောင်ကျော် (ခ)အကြီးကောင်၊ ကောင်းခန့်ကျော်(ခ)ဘိုကောင်းတို့ ၃ ဦးနှင့်အတူ ပူးပေါင်းကျူးလွန်ခဲ့သူများဖြစ် ကြသည့် ထွန်းလင်းအောင်(ခ)နိုင်ကိုကိုနှင့် သန်းစိုးတို့ ၂ ဦးအားလည်းကောင်း ထပ်မံဖော်ထုတ် ဖမ်းဆီးရမိခဲ့ရာ လုယက်မှု ၂ မှုမှ ဖမ်းဆီးရမိတရားခံ အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၃ ဦး၊ စုစုပေါင်း တရားခံ ၁၃ ဦးတို့အား ဥပဒေနှင့်အညီ အရေးယူနိုင်ရေးနှင့် လုယက်မှုများမှ ဖမ်းဆီးရန်ကျန် တရားခံများနှင့် သက်သေခံပစ္စည်းများ သိမ်းဆည်းရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။