နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုး မျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့်် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဉပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဉပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက် ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည် သဘောပေါက်လာသည့် AA အဖွဲ့ဝင်၂၀ ဦးနှင့် PDF အမည်ခံအဖွဲ့များမှ အဖွဲ့ဝင် ၁၂ ဦး တို့သည် လက်နက်ခဲယမ်းများနှင့်အတူ ဉပဒေဘောင်အတွင်းသို့ ထပ်မံ ဝင်ရောက် လာကြသည်။
ထိုသို့ ဉပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာကြသည့် ရခိုင်ပြည်နယ် ဂွမြို့နယ်မှ ၄ ဦး၊ မင်းပြားမြို့နယ်မှ ၁ ဦး၊ သံတွဲမြို့နယ်မှ ၆ ဦး၊ ရမ်းဗြဲမြို့နယ်မှ ၁ ဦး၊ မြေပုံမြို့နယ်မှ ၂ ဦး၊ တောင်ကုတ်မြို့နယ်မှ ၁ ဦး၊ ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ်မှ ၃ ဦး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်မှ ၁ ဦး ၊ လေးမျက်နှာမြို့နယ်မှ ၁ ဦး ၊ စုစုပေါင်း AA အဖွဲ့ဝင် အမျိုးသား ၂၀ ဦးနှင့် ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့ နယ်မှ ၂ ဦး၊ ပုသိမ်မြို့နယ်မှ ၂ ဦး၊ ဓနုဖြူမြို့နယ်မှ ၂ ဦး၊ လေးမျက်နှာမြို့နယ်မှ ၃ ဦး၊ အင်္ဂပူမြို့နယ်မှ ၁ ဦး၊ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်မှ ၁ ဦး၊ ဒဂုံဆိပ် ကမ်းမြို့နယ်မှ ၁ ဦး၊ စုစုပေါင်း PDF အဖွဲ့ဝင် အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၁ ဦး တို့ကို ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယနေ့ နံနက်ပိုင်းတွင်အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ဧရာဝတီခန်းမ၌ ပြုလုပ်ရာ ဧရာဝတီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်ခိုင် နှင့် တာဝန်ရှိသူများ၊ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဉပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် လာခဲ့ကြ သူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တိုင်းမှူးက တရားဥပဒေများနှင့်ပက်သက်၍ အသိပညာပေးစကားများ ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ထို့နောက် ဉပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့် အတူပါလာသည့် MA-1 အမျိုးအစားမောင်းပြန်ရိုင်ဖယ် ၂ လက်၊ MA-2 အမျိုးအစားမောင်းပြန်ရိုင်ဖယ် ၁ လက်၊ BA-63 မောင်းပြန်ရိုင်ဖယ် ၂လက်၊ Type-81အမျိုးအစား ၅ လက်၊ M-22 အမျိုးအစား မောင်းပြန် ရိုင်ဖယ် ၁ လက်၊LM-16 ပါရီ စက်လတ် ၁ လက်၊ AK-47 အမျိုးအစားမောင်းပြန်ရိုင်ဖယ် ၁ လက်၊ စုစုပေါင်း လက်နက်မျိုးစုံ ၁၃ လက်၊ တရုတ်ကြိုးဆွဲ လက်ပစ်ဗုံး ၆ လုံး၊ ကျည်မျိုးစုံ(၄၅၆) တောင့်နှင့် ကျည်အိမ်မျိုးစုံ(၂၀)ခုတို့ကို လွှဲပြောင်းအပ်နှံရာ တိုင်းမှူးက လက်ခံရယူသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လက်နက်ခဲယမ်း များနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား သေနတ် ၁ လက်လျှင် ဆုကြေးငွေ ကျပ်သိန်း(၅၀)နှုန်းဖြင့် သေနတ် ၁၃ လက်အတွက် ကျပ်သိန်း ၆၅၀ ကျပ်၊ လက်ပစ်ဗုံး(၆)လုံးအတွက် ဆုကြေးငွေ ၁၈ သိန်းကျပ်နှင့် အလင်းဝင်ရောက်လာသူ ၁ ဦးလျှင် ၃ သိန်းကျပ်နှုန်းဖြင့် ၃၂ ဦးအတွက် ၉၆ သိန်းကျပ် စုစုပေါင်းချီးမြှင့်ငွေ ကျပ်သိန်း (၇၆၄)သိန်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ပေးအပ် ချီးမြှင့်ခဲ့ပြီး ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ မိဘအုပ်ထိန်းသူများထံ ပြန်လည် လွှဲပြောင်းအပ်နှံပေးကြသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် လာသူများ၏ အုပ်ထိန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါ ဉပဒေဘောင်အတွင်းသို့ဝင်ရောက်လာကြသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ အဖွဲ့ဝင်များနှင့် PDF အမည်ခံအဖွဲ့များမှ အဖွဲ့ဝင်များသည် အတင်းအဓမ္မစုဆောင်းခံကြရခြင်း၊ အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ စစ်ရေး ပစ်မှတ်မဟုတ်သည့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင် တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် လူမျိုးရေးခွဲခြားဆက်ဆံမှုနှင့် အဆင့်အတန်း ခွဲခြား၍ အချင်းချင်းဗိုလ်ကျ နှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုများကျူးလွန်ခြင်း၊ အနေအစား ဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာနေထိုင်ရခြင်းနှင့် တပ်မတော်၏ တိုက်စစ်ကို ခုခံနိုင်တော့ခြင်းမရှိဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့် တပ်မတော် ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဉပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ် ကို စွန့်လွှတ်၍ ဉပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည် ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးပြီး မိဘအုပ်ထိန်းသူများ ထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဉပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်း သိရှိရပြီး ယခုကဲ့သို့ ဉပဒေဘောင် အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများ၏ စကားသံများကို လည်း ယခုကဲ့သို့ ကြားသိရပါသည်။
၁။ ကျွန်တော်ကတော့ AA တပ်ဖွဲ့ဝင် တစ်ယောက်ပေါ့ ကျွန်တော် AA ထဲရောက်ရှိသွားတဲ့ အကြောင်းကတော့ ဒီကောင်တွေက တစ်အိမ်တစ်ယောက် မဖြစ်မနေ စစ်မှုထမ်းရမယ်ဆိုပြီး တော့ ပြောတယ်။ အဲ့ဒီတော့ မလိုက်လို့ရှောင်ပုန်းနေပြန်တော့လည်း ဒီကောင်တွေက အိမ်က မိသားစုတွေကို အန္တရာယ်ပေးတယ်။ အိမ်ကမိသားစုကို ချိတ်ပိတ်တာမျိုးတို့ အိမ်ကိုခြိမ်း ခြောက်တာတွေ ခေါ်ပေးပေါ့ မခေါ်ပေးရင် ရှိတဲ့သူဆွဲမယ်။ ဒီလိုနဲ့ ကျွန်တော်တို့ AA ထဲရောက် ခဲ့တယ်။ ဟိုရောက်တဲ့အခါတော့ သင်တန်းမှာသင်တန်းတက်ရတယ်။ ဒီကောင်တွေကရိုင်း စိုင်းအားကြီးတယ်။ ပြောတာဆိုတာ လုပ်တာကိုင်တာလည်း တစ်ခုမှမဟုတ်ဘူး။ စားတာ သောက်တာကအစ အဆင်မပြေဘူးပေါ့။ ကိုယ့်သားလောက်ရှိတဲ့ ကောင်လေးတွေကအစ အားလုံးအထက်အောက် ညှင်းပန်းနှိပ်စက်မှုကို ပြုလုပ်တယ်။ သင်တန်းဆင်းပြန်တော့လည်း နေရထိုင်ရတာတွေ အဆင်မပြေဘူး အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့နေရတယ်။ ကျွန်တော်တို့ ဆိုရင် သင်တန်းဆင်းတာနဲ့ရှေ့တန်းပို့တယ်။ရှေ့တန်းပို့တဲ့အခါ ကျွန်တော်တို့မှာ လွယ်အိတ် လည်းမရှိဘူး။ ရှေ့တန်းရောက်တော့ တိုက်ပွဲတစ်ခါမှ မတိုက်ဖူးတဲ့သူကို တိုက်ဆိုတိုက်ရမယ် နောက်ပြန်ဆင်းလာရင် ပစ်သတ်ပစ်မယ်တို့ အဲ့လိုအနေအထားမျိုးတွေရှိတယ်။ အဲ့ကနေပြီး တော့ မင်းတို့ပြန်မဆင်းလာနဲ့ မင်းတို့တိုက် မနိုင်ရင်နိုင်အောင်တိုက်ရဖို့ ဆိုတဲ့အနေထားမျိုး တွေရှိတယ်။ ကျွန်တော်တို့ ပြန်ပြေးချင်ပေမယ့်လည်း ပြေးလို့မရဘူး။ ကိုယ့်လူအချင်းချင်းပစ် ဖို့ သေနတ်နဲ့ အဲ့လိုမျိုးခြိမ်းခြောက်မှုတွေရှိတယ်။ ကျွန်တော်တို့သူငယ်ချင်းနှစ်ယောက်ရှိ တယ်။ ပြေးမယ်လို့ပြောလိုက်တယ်။ ဒီနေရာမှာ ဒီအဖွဲ့အစည်းမှာ မနေတော့ဘူး။ အဆင်မပြေဘူး။ ပြေးမယ်လို့ ဆုံးဖြတ်လိုက်တယ်။ သူငယ်ချင်းနှစ်ယောက် ပြေးလာတာပေါ့။ ပြေးလာတော့ သူငယ်ချင်း သေနတ်တွေပါ ယူဆိုပြီး သေနတ်တွေပါ ပါလာခဲ့တယ်။ ဒီကောင်တွေက သေနတ်ပါတဲ့ အခါကျတော့ အမိအရ လိုက်တယ်။ အမိအရလိုက်ပြီး လမ်းမှာ လိုက်ဖမ်းတယ်။ ကျွန်တော့်ကို လိုက်ဖမ်းတော့ ကျွန်တော်နဲ့ တိုက်ပွဲဖြစ်ပါတယ်။ အချင်းချင်း ကျွန်တော်လည်း ပြန်ပစ်တယ်။ တစ်ယောက်ကတော့ ပြန်အဖမ်းခံသွားပါတယ်။ သူကတော့ ပြန်မပစ်တဲ့ အတွက် အဖမ်းခံသွားပါတယ်။ ကျွန်တော်ကတော့ ပြန်ပစ်တဲ့အတွက် ကျွန်တော့် ကိုတော့ လိုက်ပြီးမဖမ်းတော့ဘူး။ ကျွန်တော်ကတော့ အန္တရယ်ကင်းကင်းနဲ့ပဲ ဒီဘက်ရောက်လာတယ်။ ဒီဘက်ရောက်တော့လည်း ရောက်တာနဲ့ နေရထိုင်ရတာကအစ အားလုံး အဆင်ပြေပါတယ်။ ကျွန်တော်ပြောနေတဲ့ အသံဖိုင်ကို AA မှာ ကျန်ခဲ့တဲ့ ညီတွေ၊ သူငယ်ချင်းတွေ တွေ့ရင် ကျွန်တော့်လိုပဲ အလင်းဝင်ပါ။ ဒီဘက်မှာ တစ်ချို့က စိုးရိမ်တာတွေရှိ တယ်။ ဒီဘက်ရောက်ရင် ဖမ်းဖို့လား။ အဲ့လို မဟုတ်ပါဘူး။ အဲ့လိုမျိုးလည်း မဖမ်းဘူး။ နှိပ်လည်းမနှိပ်စက်ဘူး။ အေးအေးဆေးဆေး ကြိုဆိုတယ်။ အေးအေးဆေးဆေး ထားတယ်။ အေးအေးဆေးဆေး အိပ်ရတယ်။ ကျွန်တော်ပြောချင်တာက ရခိုင်မှာ ကျန်ခဲ့တဲ့ ကျွန်တော့် သူငယ်ချင်းတွေ ရှေ့တန်းစစ်မြေပြင် ရောက်နေတဲ့ သူငယ်ချင်းတွေ ဒီဗီဒီယို ဖိုင်ကြည့်ပြီးတော့ ဒီဘက်ကို အလင်းဝင်စေချင်ပါတယ်။ တပ်မတော်ဘက်ကို ဒီဘက်ရောက်တော့ ကောင်းကောင်းမွန်မွန် နွေးနွေးထွေးထွေး ကြိုဆိုပါတယ်။
၂။ ကျွန်တော့် ယောက်ျားနဲ့ PDF ထဲကို ဝင်တယ်။ ဝင်ပြီးတော့ နောက်တော့ ရခိုင်ဘက်မှာ နေခဲ့ရတယ်။ ပြီးတော့ သင်တန်းတုန်းက ရိုက်နှက်တာတွေ ရှိတယ်။ အဲ့တာတွေ မြင်ရတွေ့ရ တယ်။ ကျွန်တော်တို့တွေ မသုံးမစွဲဘဲ နေခဲ့ရတယ်။ မစားမသောက်ရဘူး။ သတင်းပေးပြန် တော့လည်း ဘယ်သူသုံးခိုင်းတာလဲ ဘာလဲနဲ့ အဲ့လိုမျိုးတွေဖြစ်တယ်။ လုံးဝကို စိတ်ဖိစီးမှုတွေ များတယ်။ အဆင်မပြေဘူး။ တစ်ကယ်လို့ ထွက်ပြေးသွားပြီး ပြန်မိလာပြီဆိုရင် အသားကုန် ရိုက်တယ်။ အဲ့တော့ ကျွန်တော်တို့ အလင်းဝင်ဖို့ဆိုတာ တော်တော်ကိုကြောက်တာ။ ဒီဘက်မှာတောင် ဒီလောက်ရိုက်နေရင် ဟိုဘက်ကလည်း အဲ့လိုဘဲ ရိုက်နှက်မှာဘဲ ဆိုပြီးတော့ တော်တော်နှိပ်စက်တယ်။ တော်တော်ရိုက်တယ်။ လူတွေကို ကြောက်စိတ်တွေ ဖြစ်အောင် သွင်းပေးထားတာပေါ့။ အမြဲတမ်းကြောက်စိတ်ဖြစ်တယ်။ ပြီးတော့ လူတစ်ယောက်မှာ ပစ္စည်း ဘာပါလဲ။ ရွှေပါလား ရွှေသိမ်းတယ်။ ပိုက်ဆံပါလား။ ပိုက်ဆံ ဘယ်နှစ်သိန်းပါလဲ။ သိမ်းတယ်။ ပြီးရင် ဆိုင်ကယ်ပါလား ဆိုင်ကယ်သိမ်းတယ်။ သူတို့မှာ အမြတ်ကြီးစား ဂုတ်သွေးစုပ် အဲ့လို ကြီးပဲ လုပ်နေတယ်။ သူတို့မှာ အဲ့စိတ်ဓာတ် အမြဲရှိတယ်။ အဲ့တာလေးကို ကျွန်တော်ပြောချင် တယ်။ ဖုန်းသုံးရတာကအစ အဆင်မပြေဘူး။ ဘယ်သူနဲ့မှလည်း အဆက်အသွယ် မရဘူး။ ကိုယ်မရှိရင် ကိုယ်မစားရဘူး။ အဲ့လိုမျိုးတွေပေါ့။ နောက်ကျတော့ ကျွန်တော် ကျန်းမာရေး မကောင်းလို့ ဆိုပြီးတော့ အကြောင်းပြတယ်။ ကျန်းမာရေး တော်တော်မကောင်းဖြစ်လို့ ဆေးရုံ သွားပါရစေ။ ကျွန်တော့် ယောကျ်ားနဲ့ပဲ အတူတူနေပါရစေတော့လို့ တင်ပြတော့ ကျွန်တော့်အရှေ့ကို ရောက်လာပြီးတော့ ကျွန်တော် အချုပ်ထောင်ထဲမှာ နေရပါတယ်။ မိန်းကလေး အချုပ်ထောင်မှာကျတော့ တာဝန်နဲ့နေရပါတယ်။ နေပြီးတော့ နှစ်လပိုင်းလောက်မှာ ကျွန်တော့် ယောကျ်ား အလင်းဝင်သွားတယ်။ အဲ့မှာ နေရာက ကွဲနေတဲ့ အခါကျတော့ ကျွန်တော့်ကို မခေါ်နိုင်ဘူးပေါ့။ အလင်းဝင်သွားပြီးတဲ့နောက်ပိုင်းမှာ ကျွန်တော့် ကိုလည်း စောင့်ကြည့်နဲ့ပဲ ထားတယ်။ အချုပ်သားတွေနဲ့ မိန်းကလေး နှစ်ယောက် ယောကျ်ား လေး လေးယောက် ကလေး တစ်ယောက်နဲ့ ကျွန်တော် အဲ့မှာ ညဘက်ကြီး ထွက်ပြေးပါတယ်။ ဒီဘက်ကို အလင်းဝင်ခဲ့ပါတယ်။ ဒီဘက်ကို အလင်းဝင်ခဲ့တော့လည်း ကျွန်တော်တို့ကို ကြားထားတာကပေါ့ ဒီဘက်က အလင်းဝင်လို့ရှိရင် ရိုက်နှက်တယ်။ အဆင်မပြေဘူးလို့ ကြားထားပါတယ်။ တစ်ကယ်တော့ ရောက်လာတဲ့ အချိန်မှာ လုံးဝတစ်ခြားစီ ဖြစ်ပါတယ်။ နွေးနွေးထွေးထွေး ဆက်ဆံပါတယ်။ ဒီဘက်က အရမ်းကောင်းခဲ့ပါတယ်။ ကျွန်တော်တို့ ထင်ထားတာထက်တောင် ပိုကောင်းပါတယ်။ ကျွန်တော်တို့က အဲ့ဒီလိုတောင် မထင်ထားပါဘူး။ အမြဲနှိပ်စက်မယ်လို့တောင် ထင်ထားတာပါ။ ဒါပေမယ့် ဒီဘက်က ကောင်းခဲ့ ပါတယ်။ ကျွန်တော်တို့ လမ်းမှားကို ရောက်သွားတော့ ကျွန်တော့် မိဘတွေတော့ မသိပါဘူး။ ဒါပေမယ့် ဒီကနေပြီးတော့ဘဲ ကျွန်တော်မိဘတွေကို တောင်းပန်ပါတယ်။ ကျွန်တော်တို့ လမ်းမှားရောက်သွားတယ်။ အခုလို အချိန်မှာ ကျွန်တော်တို့ ပြန်ရမယ်ဆိုရင်တော့ အရမ်းဝမ်း သာပါတယ်။ အမေ့ကို မတွေ့ရတာလည်း တော်တော်ကြာပြီဆိုတော့ အဖေနဲ့အမေနဲ့လည်း ဝမ်းသာမယ်လို့ မျှော်လင့်ပါတယ်။ တပ်မတော်က အခုလို နွေးနွေးထွေးထွေး ကြိုဆိုပေးတဲ့ အတွက် ကျွန်တော်တို့က ကျေးဇူးတင်ပါတယ်။



