ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ဘုရား၊ စေတီပုထိုးများနှင့် ဘုန်းတော်ကြီးကျောင်းများ၌ ဘုရားဖူးမိဘ ပြည်သူများ စိတ်အေးချမ်းသာစွာ ကောင်းမှုကုသိုလ်များပြုလုပ် နေပြည်တော်၊ ၂၀၂၆  ဇူလိုင် ၂၉

Thursday, July 30, 2026 - 07:00

              ဝါဆိုလပြည့်နေ့သည့် သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တစ်ချက်ပြာဋိဟာ ဟူသော ထူးမြတ်သည့် ဂုဏ်ဒြပ်လေးရပ်နှင့် မင်္ဂလာရှိပြီး မြင့်မြတ်သော လပြည့်နေဖြစ်သည့်အပြင် ဗုဒ္ဓမြတ်စွာဘုရားဖြစ်ကြောင်း ဝန်ခံသောနေ့ဖြစ်ခြင်း၊ တရားရတနာစတင်ပေါ်ပေါက်လာသောနေ့ဖြစ်ခြင်း၊ သံဃာရတနာစတင်ပေါ်ပေါက် လာသော နေ့ဖြစ်ခြင်း၊ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့်ကြုံလာ သောနေ့ဖြစ်ခြင်း၊ မြတ်ဗုဒ္ဓ၏ ဧဟိဘိက္ခုဟူသောစကားကို စတင်ကြားရသော နေ့ဖြစ်ခြင်းစသည်ဖြင့် ထူးခြားသည့် ဂုဏ်ဒြပ်တို့နှင့် ပြည့်စုံ သောနေ့ထူးနေ့မြတ် ဖြစ်သည်။

            အဆိုပါနေ့ထူးနေ့မြတ်တွင် ဗုဒ္ဓဘာသာဝင်များအနေဖြင့် မြတ်စွာဘုရားရှင် အား ရည်မှန်း၍ ဝါဆိုသင်္ကန်းကပ်လှူခြင်း၊ ဝါဆိုပန်းများကပ်လှူခြင်း၊ ဥပုသ်သီလ ဆောက်တည်ခြင်း၊ ပဋ္ဌာန်းဒေသနာတော်နှင့် ပရိတ်တရားတော်များ ရွတ်ပွားပူဇော် ခြင်း၊ ကုသိုလ်ဒါနသီလပွားများခြင်း၊ စတုဒီသာအလှူများ ကျွေးမွေးလှူဒါန်းကြခြင်း စသည့် သူတော်ကောင်းတရားများကို ကြိုးစားအားထုတ်ဆောင်ရွက်ကြရာ ပြည်ထောင်စု နယ်မြေ နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် မန္တလေးမြို့ရှိ မဟာမြတ်မုနိဘုရားကြီး အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ ဘုရား၊ စေတီ၊ ပုထိုးများနှင့် ဘုန်းတော်ကြီး ကျောင်းများ၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ မိဘပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် လာရောက်ဖူးမြော် ကြည်ညို ကုသိုလ်ယူ ကြသူများနှင့် စည်ကားလျက်ရှိသည်။

            ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အများပြည်သူနှင့် သက်ဆိုင်သည့် ပန်းခြံများ၊ အပန်းဖြေစခန်းများ၌လည်း လာရောက်အပန်းဖြေ အနားယူကြသူများနှင့် အထူးစည်ကားလျက်ရှိကြောင်း သတင်းရရှိသည်။