ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်ကာလအတွင်း မြန်မာအာကာသအေဂျင်စီ(MSA) မှဆောင်ရွက်ပြီးစီးခဲ့သည့် နည်းပညာလုပ်ငန်းများအပ်နှံခြင်းနှင့် လက်တွေ့သရုပ်ပြခြင်း အခမ်းအနားသို့ တက်ရောက်၍ သုံးသပ်လမ်းညွှန်မှာကြား
မိမိတို့နေထိုင်သည့် ကမ္ဘာကြီးသည် နေ့စဉ်နှင့်အမျှ တိုးတက်ပြောင်းလဲနေသဖြင့် အာကာသနည်းပညာဆိုင်ရာများကို မဖြစ်မနေသိရှိနားလည်ရမည်၊ အကျိုးရှိအောင် အသုံးချနိုင်ရမည်ဖြစ်
နေပြည်တော်၊ ဇူလိုင် - ၂၇
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက် ကာလအတွင်း မြန်မာအာကာသအေဂျင်စီ(MSA)က ဆောင်ရွက်ပြီးစီးခဲ့သည့် နည်းပညာ လုပ်ငန်းများအပ်နှံခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ မြန်မာအာကာသ အေဂျင်စီ (MSA)၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်၍ သုံးသပ်လမ်းညွှန်အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမြထွန်းဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ ဦးအောင်ကျော်ဟိုးနှင့် ဦးမျိုးသန့်၊ အာကာသသိပ္ပံနှင့် နည်း ပညာဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ အာကာသ သိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီး များ၊ မြန်မာအာကာသအေဂျင်စီ(MSA)မှ အရာထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
ဦးစွာ နိုင်ငံတော်သမ္မတသည် အခမ်းအနားပြုလုပ်မည့်နေရာသို့ ရောက်ရှိရာ အာကာသသိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးမြတ်ဟိန်းနှင့် တာဝန်ရှိသူများက ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတအား မြန်မာအာကာသအေဂျင်စီအမှုဆောင်ချုပ်က မြန်မာအာကာသအေဂျင်စီနှင့် နိုင်ငံတကာမှ အာကာသနည်းပညာဆိုင်ရာ မိတ်ဖက် အဖွဲ့အစည်းများ၊ မိတ်ဖက်ကုမ္ပဏီများ၊ ပြည်တွင်း၊ ပြည်ပ တက္ကသိုလ်၊ ကောလိပ်များ၊ ဝန်ကြီးဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည့်အခြေအနေများကို ရှင်းလင်းတင်ပြ သည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် မြန်မာအာကာသအေဂျင်စီပြခန်းဆောင်သို့ ရောက်ရှိရာ မြန်မာအာကာသအေဂျင်စီအမှုဆောင်ချုပ်က မြန်မာအာကာသအေဂျင်စီ MAH-1 ERS ဂြိုဟ်တုပုံစံငယ်ပြုလုပ်ထားရှိမှုအား ရှင်းလင်းပြသသည်။ ထို့နောက် မြန်မာအာကာသ အေဂျင်စီပြခန်းအတွင်း၌ ခင်းကျင်းပြသထားသည့် နိုင်ငံတော်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကာလအတွင်း မြန်မာအာကာသအေဂျင်စီမှ အောင်မြင်စွာ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သည့် MAH-1 ဂြိုဟ်တုစီမံထိန်းချုပ်ရေး စခန်းဆိုင်ရာများ၊ လုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများ၊ Earth Remote Sensing (ERS) Application Platform အား စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များနှင့် ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်သွားမည့် စီမံချက်များ၊ ပဲခူး မြို့နယ်၏ သဘာဝပတ်ဝန်းကျင် နှင့် ဒေသဖွံ့ဖြိုးရေးအခြေအနေများအား Earth Remote Sensing နည်းပညာဖြင့် လေ့လာသုံးသပ်တင်ပြချက်များ၊ ဂြိုဟ်တုအခြေပြုရှာဖွေ ကယ်ဆယ်ရေးစနစ်ဆိုင်ရာများ၊ အာကာသနည်းပညာတွင် AI အသုံးပြုမှုများ၊ မြန်မာ အာကာသအေဂျင်စီမှ သုတေသန လုပ်ငန်းများတွင် AI ၏ အခန်းကဏ္ဍများ၊ ADVANCED ROBOTIC SYSTEM ၊ မြန်မာ အာကာသအေဂျင်စီနှင့် ဘယ်လာရုစ်နိုင်ငံ စာကြည့်တိုက် အကြား E-Library အပြန် အလှန်ချိတ်ဆက်ဆောင်ရွက်ထားရှိမှု၊ Library အတွင်း အာကာသသိပ္ပံနည်းပညာ ဆိုင်ရာ၊ ကွန်ပျူတာနှင့် အင်ဂျင်နီယာနည်းပညာဆိုင်ရာ၊ သင်္ချာနှင့် ရူပဗေဒဆိုင်ရာ တို့အပါအဝင် သုတရသစာအုပ်စာစောင်များ ဖြည့်သွင်းထားရှိမှု၊ အာကာသ အတွင်း နက်ရှိုင်းစွာ လေ့လာမှုပြခန်းအတွင်းရှိ မြန်မာအာကာသအေဂျင်စီမှ နေအာရုံခံ ကိရိယာအား အောင်မြင်စွာ ဒီဇိုင်းရေးဆွဲတည်ဆောက်နိုင်မှု၊ အာကာသအတွင်း တပ်ဆင် အသုံးပြုသည့် ဆိုလာစနစ်၊ ဂြိုဟ်တုရွှေ့လျားထိန်းချုပ်မှုစနစ်၊ အီလက်ထရောနစ်ဆိုင်ရာ အလုပ်ရုံ၊ အာကာသရာသီဥတု စူးစမ်းလေ့လာခြင်း၊ အာကာသအခြေအနေစောင့် ကြည့် လေ့လာခြင်း၊ ပြင်ပအာကာသထောက်လှမ်းရေးစနစ်၊ ကမ္ဘာ့အနီး အာကာသ အန္တရာယ် အလိုအလျောက် ကြိုတင်သတိပေးစနစ်၊ လကမ္ဘာ၏ အဖိုးတန်သတ္တုများနှင့် သယံဇာတများ၊ မြန်မာအာကာသအေဂျင်စီမှ လကမ္ဘာပတ်လမ်းစူးစမ်းလေ့လာရေး ဆောင်ရွက်ထားရှိမှု၊ အင်္ဂါဂြိုဟ်တွင် ပျံသန်းနိုင်သောအင်းဆက်အခြေခံတောင်ပံခတ် လေယာဉ်ငယ်ဒီဇိုင်းအား သုတေသနပြုတည်ဆောက်ခြင်း၊ လဆင်းယာဉ်များအတွက် AI အခြေပြု အလိုအလျောက် ဆင်းသက်ခြင်းနည်းပညာ စမ်းသပ်ဆောင်ရွက်ထားရှိမှု တို့အား ပြခန်းတစ်ခုချင်းစီအလိုက် စိတ်ပါဝင်စားစွာ လိုက်လံကြည့်ရှုခဲ့ပြီး ပြခန်းအလိုက်တာဝန်ခံများ၏ ရှင်းလင်းတင်ပြမှု များအပေါ် လိုအပ်သည်များ သုံးသပ်ဆွေး နွေးပြီး လိုအပ်သည်များလမ်းညွှန်မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်ကာလအတွင်း မြန်မာအာကာသအေဂျင်စီက ဆောင်ရွက်ပြီးစီးခဲ့သည့် နည်းပညာ လုပ်ငန်းများအပ်နှံခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းအခမ်းအနားကို စတင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတက “MAH-1 ဂြိုလ်တုမြေပြင် ထိန်းချုပ်ရေးစခန်းနှင့် Multi-Mission Operation Command and Control(MOCC)” အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် နိုင်ငံတော်အစိုးရ၏ ရက်ပေါင်း ၁၀၀ စီမံချက်ကာလအတွင်း မြန်မာအာကာသ အေဂျင်စီမှ ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းစဉ်များ၏ မှတ်တမ်း Video အား ကြည့်ရှု ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတထံ မြန်မာအာကာသအေဂျင်စီ အမှုဆောင် အရာရှိချုပ် ဒေါက်တာစိုးမြင့်မောင်က မြန်မာတစ်နိုင်ငံလုံး၏ 3D မြေပုံအချက်အလက် များအား အပ်နှံတင်ပြပြီး နိုင်ငံတော်သမ္မတက နိုင်ငံတော်အစိုးရ၏ ရက်ပေါင်း ၁၀၀ စီမံချက် ကာလအတွင်း မြန်မာအာကာသအေဂျင်စီမှ ဦးစားပေး နည်းပညာများ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့မှုနှင့် စပ်လျဉ်း၍ဂုဏ်ပြု လက်မှတ်ရေးထိုးပေးသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတက နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက် ကာလ အတွင်း မြန်မာအာကာသအေဂျင်စီက ဆောင်ရွက်ပြီးစီးခဲ့သည့် နည်းပညာလုပ်ငန်းများ အပ်နှံခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းနှင့်ပတ်သက်၍ သုံးသပ်လမ်းညွှန်အမှာစကား ပြောကြားရာတွင် ယခုကဲ့သို့ မြန်မာအာကာသအေဂျင်စီ ဖွဲ့စည်းနိုင်မှုနှင့် လုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးနေမှုများသည် နိုင်ငံတော်အတွက်အိပ်မက်တစ်ခုကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်ခြင်းပင်ဖြစ်ကြောင်း၊ နိုင်ငံတိုင်းအနေဖြင့် မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး နှင့်နည်းပညာဆိုင်ရာ တိုးတက်မြင့်မားစေရေးအတွက် အိပ်မက်များ၊ ရည်မှန်းချက်များ ကိုယ်စီရှိကြကြောင်း၊ အာကာသနည်းပညာနှင့်ပတ်သက်၍ မိမိတို့မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံအများစုအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လိုသည့် စိတ်ကူးများ၊ ရည်မှန်းချက်များကိုယ်စီရှိကြကြောင်း၊ သို့သော်လည်း အဆိုပါရည်မှန်း ချက်ကို လက်တွေ့ အကောင်အထည်ဖော်ဆောင်ရသည်မှာ လွယ်ကူသည့်လုပ်ငန်းရပ်တစ်ခုမဟုတ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် အာကာသနည်းပညာနှင့်ပတ်သက်၍ ယခင်ကတည်းကပင် စိတ်ဝင် တစားဖြင့် ဆောင်ရွက်ခဲ့ကြကြောင်း၊ လူသားအရင်း အမြစ်များလည်းကြိုတင်မွေးထုတ် လေ့ကျင့်ပေးပြီးဖြစ်ကြောင်း၊ မိမိနိုင်ငံတော် တာဝန်ကို ထမ်းဆောင်ချိန်တွင် အာကာသနှင့် သက်ဆိုင်သည့် နည်းပညာရပ်များ သင်ကြား နိုင်ရန်အတွက် ပြည်ပသို့ပညာတော်သင်များကို စေလွှတ်ခဲ့ကြောင်း၊ ထို့ပြင်အာကာသ နည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ လည်း ဘက်ပေါင်းစုံမှ အားပေး ဆောင်ရွက်ခဲ့ပြီး လက်ရှိအခြေအနေတွင် မြန်မာအာကာသ အေဂျင်စီကိုစနစ်တကျ ဖွဲ့စည်း၍ လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်သည့် အခြေအနေသို့ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း။
အာကာသနည်းပညာဆိုင်ရာများနှင့် ပတ်သက်၍ လိုအပ်သည့်စက်ပစ္စည်းများ၊ အခြေခံအဆောက်အဦများ၊ လူသားအရင်းအမြစ်များ ဖြည့်တင်းရေးနှင့်ပတ်သက်၍ လည်း မိမိတို့အနေဖြင့် အကောင်းဆုံးဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး အဆင့်ဆင့် ဖွံ့ဖြိုးတိုးတက် လာမှုများအတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ မိမိတို့နေထိုင်သည့် ကမ္ဘာကြီးသည် နေ့စဉ်နှင့်အမျှ တိုးတက်ပြောင်းလဲနေသည်ဖြစ်သဖြင့် အာကာသနည်း ပညာဆိုင်ရာများကို မဖြစ်မနေသိရှိနားလည်ရမည်၊ အကျိုးရှိအောင် အသုံးချနိုင်ရမည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံနှင့် ကမ္ဘာပေါ်တွင် ဖြစ်ပေါ်နေသည့် ပထဝီမြေပြင် ပြောင်းလဲမှုဆိုင်ရာများ၊ မီးတောင်များ ပေါက်ကွဲခြင်း၊ ရေကြီးခြင်း စသည့်သဘာဝဘေးအန္တရာယ် များကို အာကာသနည်းပညာ အသုံးပြု၍ အသေးစိတ်အချက်အလက်များအား သိရှိနိုင်ကြောင်း၊ ထိုသို့ဂြိုလ်တုများ အသုံးပြု၍ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် ကမ္ဘာမြေပြင်အတွက် များစွာအကျိုးဖြစ်ထွန်းစေကြောင်း၊ မြေပြင်အချက်အလက်များကို အာကာသတွင်းရှိ ဂြိုလ်တုများမှရရှိသည့် အချက်အလက်များနှင့်ပေါင်းစပ် ဆောင်ရွက်မည်ဆိုပါက များစွာ အကျိုးဖြစ်ထွန်းစေနိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ အာကာသနည်းပညာကို မိမိတို့အနေဖြင့် မဖြစ်မနေအသုံးချနိုင်ရမည်ဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကိုလည်း များစွာအကျိုးရှိစေနိုင် မည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံ၏ အာကာသနည်းပညာ မြင့်မားတိုးတက်လာစေရေးအတွက် မိမိ အနေဖြင့် နိုင်ငံတော်၏ရေရှည်အကျိုးကိုကြည့်၍ ပံ့ပိုးအကောင်အထည်ဖော်ဆောင် ရွက်ခဲ့ကြောင်း၊ ယခုကဲ့သို့ အာကာသနည်းပညာများ တိုးတက်လာခြင်းဖြင့် နိုင်ငံအတွက် များစွာ အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ ယနေ့သုတေသနပြခန်းများအတွင်း ပြသထားသည့် လေ့လာဆန်းစစ်မှုများသည်လည်း နိုင်ငံ၏အကျိုးစီးပွားအတွက် များစွာ အထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်း၊ အာကာသအတွင်းသို့ ဂြိုဟ်တု လွှတ်တင်နိုင်ရေး သာမက အာကာသယာဉ်မှူးများကိုလည်း စေလွှတ်နိုင်ရမည် ဖြစ်ပြီး ထိုသို့ဆောင်ရွက် နိုင်ခြင်းဖြင့် နိုင်ငံတော်၏ ဂုဏ်ကို ပိုမိုမြှင့်တင်ပေးနိုင်မည် ဖြစ် သည့်အပြင် ရရှိလာမည့် အသိပညာ၊ နည်းပညာနှင့်အချက်အလက်များသည်လည်း နိုင်ငံတော်အတွက် များစွာအကျိုး ဖြစ်စေနိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ အာကာသ နည်းပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်မှုများအားလုံးကို အောင်မြင်အောင် စနစ်တကျဖြင့် ဆောင်ရွက်သွားကြစေလိုကြောင်း။
ထို့ကဲ့သို့ ဆောင်ရွက်နိုင်ရေးအတွက် အသိပညာအတတ်ပညာနှင့် ပြည့်စုံသည့် လူသားအရင်းအမြစ်ကောင်းများကိုလည်း မိမိတို့အနေဖြင့် စဉ်ဆက်မပြတ်မွေးထုတ် ပေးရမည်ဖြစ်ကြောင်း၊ အာကာသဗဟုသုတနှင့်နည်းပညာဆိုင်ရာ ပြိုင်ပွဲများ၊ ပြပွဲများ ကျင်းပပြုလုပ်ပေးခြင်း၊ အာကာသပြတိုက်အား ခေတ်နှင့်အညီ စဉ်ဆက်မပြတ် အဆင့်မြှင့် တင်ခြင်းတို့ဖြင့်လည်း အာကာသနည်းပညာကို စိတ်ပါဝင်စားမှု မြင့်တက် လာစေရေး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် နည်းပညာဖွံ့ဖြိုး တိုးတက်သည့် ပြည်ပနိုင်ငံများသို့ ချစ်ကြည်ရေးခရီးစဉ်များရောက်ရှိစဉ် သိပ္ပံ နည်းပညာရပ်များဖြစ်သည့် သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ တို့နှင့်ပတ်သက်၍ ပညာ တော်သင် သင်တန်းသားများ စေလွှတ်ခွင့်ရရှိရေးအတွက် အလေးအနက်ထား ဆွေးနွေးပြောကြားခဲ့ကြောင်း၊ မိမိတို့နိုင်ငံ တွင်လည်း သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ ဘာသာရပ်တို့နှင့် ပတ်သက်၍ ပညာတော်သင်ဆု များပေးအပ်ပြီး မိမိတို့နိုင်ငံ၏ လူသားအရင်းအမြစ်ကောင်းများ စဉ်ဆက်မပြတ် မွေးထုတ်ပေးရန်လိုကြောင်း၊ အလားတူ စီးပွားရေး၊ ဥပဒေပညာရပ်များနှင့်ပတ်သက်၍လည်း ပညာသင်ထူးချွန် ဆုများ ပေးအပ်သွားမည်ဖြစ်ကြောင်း၊ အာကာသနည်းပညာ တိုးတက်ရေး သည် နိုင်ငံ၏ဂုဏ်သိက္ခာပင်ဖြစ်သည့်အတွက် လုပ်ငန်းဆောင်ရွက်မှုများ အားလုံးအောင်မြင် အောင်ဆောင်ရွက်သွားကြစေလိုကြောင်း၊ ယခုထက် ပိုမိုဆောင်ရွက်နိုင်သည့် လူသား အရင်းအမြစ်များ၊ စက်ပစ္စည်းကိရိယာများ၊ အခြေခံအဆောက်အဦများကိုလည်း ဆက်လက်ဖြည့်ဆည်းတည်ဆောက် ပေးသွားရမည်ဖြစ်ကြောင်း။
မြန်မာအာကာသအေဂျင်စီအနေဖြင့် အစိုးရ၏ ရက် ၁၀၀ ကာလအတွင်း ယခု ကဲ့သို့ လုပ်ငန်းဆောင်ရွက်မှုများ အောင်မြင်တိုးတက်မှုရှိစေရေး ကြိုးပမ်းဆောင်ရွက် ပေးမှုများအတွက်လည်း ဂုဏ်ယူပါကြောင်း၊ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုး စီးပွားနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးကို ရှေ့ရှု၍စဉ်ဆက်မပြတ် ကြိုးပမ်း ဆောင်ရွက်သွားမည်ဆိုပါက မိမိတို့နိုင်ငံအနေဖြင့် ဒေသတွင်းနှင့် ကမ္ဘာ့အလယ်တွင် အာကာသနည်းပညာဆိုင်ရာနှင့်ပတ်သက်၍ ဂုဏ်ယူဝံ့ကြွားနိုင်သော နိုင်ငံတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း သုံးသပ်ဆွေးနွေးမှာကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် မြန်မာအာကာသအေဂျင်စီက ဆောင်ရွက်ပြီးစီးခဲ့သည့် နည်းပညာလုပ်ငန်းများ အပ်နှံ ခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းအခမ်းအနားအောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတသည် မြန်မာနိုင်ငံမှ ပထမဆုံးသော အာကာသယာဉ်မှူးတာဝန် ထမ်းဆောင်ရန်အတွက် ပဏာမရွေးချယ်ထားရှိသော အာကာသယာဉ်မှူးလောင်းများအားရင်းရင်းနှီးနှီးတွေ့ဆုံ၍ မိမိတို့နိုင်ငံအတွက် ပဏာမ ရွေးချယ်ထားသည့် အာကာသယာဉ်မှူးလောင်းများအား ယခုကဲ့သို့တွေ့ဆုံရသည့် အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ အာကာသနည်းပညာဆိုင်ရာနှင့် အာကာသယာဉ်မှူး များမွေးထုတ်ပေးနိုင်ရေးနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် လွန်ခဲ့သည့် နှစ်အနည်းငယ် ကတည်းကပင် စတင်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်၏ ပထမဆုံးသော အာကာသယာဉ်မှူး များအဖြစ် တာဝန်ထမ်းဆောင်လိုသည့် ပြင်းပြသည့် စိတ်ဆန္ဒများဖြင့် ယခုကဲ့သို့ ဆန္ဒပြုခဲ့ ရွေးချယ်ခြင်းခံခဲ့ကြရသည့်အတွက်လည်း ဝမ်းမြောက်မိပါကြောင်း၊ အဆင့်ဆင့်သော စိစစ်မှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး နောက်ဆုံးတွင် နိုင်ငံတော်အတွက် ပထမဆုံးသော အာကာသယာဉ်မှူးများကို ရွေးချယ်သွားမည်ဖြစ်ကြောင်း၊ အာကာသ ယာဉ်မှူးလောင်းများအနေဖြင့် လက်ရှိ အခြေ အနေအထိ ရောက်ရှိနိုင်ရေး စာတွေ့၊ လက်တွေ့၊ ကျန်းမာရေးတို့နှင့်ပတ်သက်၍ စိစစ်မှုများကို အဆင့်ဆင့်ကျော်ဖြတ် ခဲ့ကြရခြင်းဖြစ်ပြီး အာကာသဆိုင်ရာအတွေ့ အကြုံများ၊ ဗဟုသုတများ၊ နည်းပညာများကို သင်ကြားခဲ့ကြရမည်ဖြစ်သဖြင့် တစ်ဦးချင်းစီနှင့် နိုင်ငံတော်အတွက် အာကာသနည်းပညာ ဆိုင်ရာ တန်ဖိုးရှိလူသားအရင်း အမြစ်ကောင်းများပင်ဖြစ်ကြောင်း။
အာကာသယာဉ်မှူးများအဖြစ် တာဝန်ထမ်းဆောင်ရန် ရည်ရွယ်ဆုံးဖြတ်ပြီး ကြသူများဖြစ်သဖြင့် မိမိတို့တစ်ဦးချင်းစီအလိုက် ကျန်းမာကြံ့ခိုင်မှုရှိသူများဖြစ်စေရေး အတွက်လည်း နေထိုင်သွားလာစားသောက်မှုများကို အသိ၊ သတိဖြင့် ထိန်းထိန်းသိမ်း သိမ်းနေထိုင်သွားကြရန်လိုကြောင်း၊ မိမိတို့တစ်ဦးချင်းစီ၏ အနာဂတ်ဘဝခရီးလမ်း အတွက် အထောက်အကူဖြစ်စေမည့် အသိပညာဗဟုသုတများ၊ ဘာသာ စကားဆိုင်ရာ များ ခေတ်နှင့်အညီပြောင်းလဲတိုးတက်နေသည့် နည်းပညာရပ်ဆိုင်ရာများကိုလည်း စဉ်ဆက် မပြတ် လေ့လာဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ပထမ ဆုံးသော အာကာသယာဉ်မှူးလောင်းများအဖြစ် လက်ရှိအဆင့်အထိ ရွေးချယ်ခံ ခဲ့ကြရသူများဖြစ်သည့် အတွက်လည်း မိဘများနှင့် ထပ်တူများစွာ ဂုဏ်ယူဝမ်းမြောက် မိပါကြောင်းနှင့် ဆက်လက်၍ ကြိုးပမ်းအားထုတ်သွားကြရန် အလေးအနက်ထား မှာကြားလိုကြောင်း ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် ပဏာမရွေးချယ်ထားရှိပြီးဖြစ်သော မြန်မာ့ပထမဆုံးသော အာကာသယာဉ်မှူးလောင်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက် ခဲ့ကြောင်း သတင်းရရှိသည်။(သတင်းစဉ်)




