ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အမျိုးသားစာကြည့်တိုက်(ရန်ကုန်)နှင့် အမျိုးသားပြတိုက်(ရန်ကုန်) တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဇူလိုင် -  ၂၇

Tuesday, July 28, 2026 - 11:00

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ အမျိုးသားစာကြည့်တိုက်(ရန်ကုန်) နှင့် အမျိုးသားပြတိုက်(ရန်ကုန်) တို့သို့ သွားရောက် ကြည့်ရှု စစ်ဆေးသည်။

အမျိုးသားစာကြည့်တိုက်(ရန်ကုန်)

ဦးစွာ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ပန်းဘဲတန်းမြို့နယ်၊ ကုန်သည် လမ်းရှိ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက်ဦးစီးဌာန၊ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)သို့ ရောက်ရှိကြ ရာ တာဝန်ရှိ သူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် စာကြည့်တိုက်ညီလာခံ ခန်းမ၌ စာကြည့် တိုက်တာဝန်ခံက စာကြည့်တိုက်သမိုင်းအကျဉ်းနှင့် စာကြည့်တိုက် လုပ်ငန်းစဉ်များ၊ ဒစ်ဂျစ်တယ်စာကြည့်တိုက်လုပ်ငန်း အကောင်အထည်ဖော်ဆောင် ရွက်နေမှု၊ စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းများနှင့် စာကြည့်တိုက်ပညာပြန့်ပွားရေး လုပ်ငန်းများ ဆောင်ရွက် လျက်ရှိမှု၊ ကလေးစာကြည့်တိုက်ဆောင်ရွက်ထားရှိမှု၊ စာကြည့်တိုက်သို့ ကျောင်းသား၊ ကျောင်းသူများလာရောက်လေ့လာနိုင်ရေး ဆောင်ရွက် ပေးထားမှုနှင့် လာရောက် လေ့လာမှု မှတ်တမ်းများ၊ စာကြည့်တိုက်စီမံခန့်ခွဲမှုပညာ ဒီပလိုမာသင်တန်းများ ဖွင့်လှစ်ပို့ချ ပေးလျက်ရှိမှု၊ စာကြည့်တိုက်မှ စာအုပ်မှ ငှားရမ်း ဖတ်ရှုနိုင်ရေး ဆောင်ရွက်ပေးထားမှု၊ စာကြည့်တိုက်ပညာပြန့်ပွားရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှု၊ စာပေနှင့် အနုပညာ မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတကာ စာကြည့်တိုက်များ၊ အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်နေမှုနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု တို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက စာကြည့်တိုက်ပညာ ပြန့်ပွားရေးလုပ်ငန်းများကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လိုကြောင်း၊ နိုင်ငံတော်အနေဖြင့် ကျောင်းပြင်ပပညာရေးအထောက်အကူဖြစ်စေရန် ရည်ရွယ် ၍ ကျေးလက်ဒေသများအပါအဝင် အမြို့မြို့အနယ်နယ်၌ စာကြည့်တိုက်များကို တည်ဆောက်ပေးလျက်ရှိပြီး စာအုပ်စာပေများကိုလည်း ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ သို့သော်လည်း မိမိတို့နိုင်ငံ၌ စာပေဖတ်ရှုသူနှုန်းမှာ နည်းပါးနေဆဲဖြစ်ပြီး စာကြည့်တိုက်များရှိ စာအုပ်စာပေများကို  စနစ်တကျဖြင့် ထိန်းသိမ်းဆောင်ရွက်သွား ရန်လည်းလိုအပ်နေသည်ကို တွေ့ရှိရကြောင်း၊ လူငယ်လူရွယ်များနှင့် အသိပညာ ဗဟုသုတရှာမှီးလိုသူများအနေဖြင့် စာကြည့်တိုက်သို့ လာရောက်၍ စာပေများ ဖတ်မှတ် လေ့လာနိုင်အောင် ဆောင်ရွက်ပေးရ မည်ဖြစ်သကဲ့သို့ စာအုပ်စာပေများဖတ်ရှု လေ့လာစေရေး စည်းရုံးပညာပေးဆောင်ရွက် သွားကြရန်လိုကြောင်း၊ ခေတ်ကာလ တိုးတက် ပြောင်းလဲလာသည်နှင့်အညီ အွန်လိုင်းမှတဆင့်လည်းစာပေများကို ဖတ်မှတ် လေ့လာခြင်းများ ဆောင်ရွက်နိုင်ကြောင်း၊ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)သည် နိုင်ငံတော်၏သမိုင်းဝင် စာကြည့်တိုက်ကြီးတစ်ခု ဖြစ်ကြောင်း၊ သို့ဖြစ်၍ အဖိုးတန် သမိုင်းဝင် စာအုပ်စာစောင်များကို ပြည့်ပြည့်စုံစုံထိန်းသိမ်း ထားရှိသွားရန်လိုပြီး သမိုင်း ကြောင်းအထောက်အထားများသည် နိုင်ငံတော်၏ ယဉ်ကျေးမှု တန်ဖိုးများ၊ ပုံရိပ်မှန်များပင်ဖြစ်ကြောင်း၊ သမိုင်းကိုအထောက်အကူပြုသည့် စာအုပ်စာပေ များ၊ မှတ်တမ်းများကို ထားရှိသည့် စာကြည့်တိုက်တစ်ခုဖြစ်ရန်လိုပြီး အနှစ်သာရရှိသည့် စာကြည့် တိုက်ဖြစ်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းများ ကိုဖတ်ရှုလေ့လာ ရခြင်းဖြင့် အမျိုးသားရေးစိတ်ဓာတ်များရှင်သန်လာပြီး နိုင်ငံချစ်စိတ်၊ တိုင်းပြည်ချစ်စိတ် များလည်း ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ အတွက်လည်း အထောက်အကူဖြစ်စေမည့် စာကြည့်တိုက်ဖြစ်ရန်လိုကြောင်း၊ စာအုပ် စာပေများသည် သမိုင်းကြောင်းအရ တန်ဖိုးမဖြတ်နိုင်သည့် အရာများဖြစ်သည့်အတွက် မပျောက်ပျက်စေရေး စနစ်တကျနှင့် လက်ဆင့် ကမ်းထိန်းသိမ်းသွားကြရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လူဦးရေများပြားသော မြို့ကြီးများ၌ စာကြည့် တိုက်များအပြင် သမိုင်းကြောင်းအရ အဖိုးမဖြတ်နိုင်သည့်၊ တန်ဖိုးရှိသည့် စာအုပ်၊ စာပေများ၊ စာစောင်များ၊ သတင်းစာများ ပြည့်ပြည့်စုစုံဖြင့် ထိန်းသိမ်းထားရှိသည့် ပြည်သူ့ စာကြည့်တိုက်များကို ဖော်ဆောင်သွားကြရန်လိုကြောင်း ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် အမျိုးသားစာကြည့်တိုက် (ရန်ကုန်) ပထမ ထပ်ရှိ ဒစ်ဂျစ်တယ်စာကြည့်တိုက်၊ ဒုတိယထပ်ရှိ ရည်ညွှန်းစာဖတ်ခန်း၊ အထွေထွေ စာ ဖတ်ခန်း၊ ရှားပါးစာဖတ်ခန်း၊ တတိယထပ်ရှိ ကလေးစာကြည့်တိုက်၊ မြေညီထပ်ရှိ Data Center ၊ စာအုပ်စင်ခန်းနှင့် ပြခန်းငယ်တို့အတွင်း ခင်းကျင်းပြသထားသည့် စာအုပ် စာစောင်များနှင့် စာဖတ်ခန်းများ ပြုလုပ်ထားရှိမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြား၍ စာကြည့်တိုက်ဝန်ထမ်းများအတွက် ဂုဏ်ပြု ချီးမြှင့်ငွေများကို ပေးအပ်ရာ တာဝန်ရှိသူ တစ်ဦးက လက်ခံရယူသည်။

အမျိုးသားပြတိုက်(ရန်ကုန်)

ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ဒဂုံမြို့နယ်၊ ပြည်လမ်းရှိ အမျိုးသားပြတိုက်(ရန်ကုန်)သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုကြသည်။ ထို့ နောက် ပြတိုက်အစည်းအဝေးခန်းမတွင် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ် ဦးကျော်ဦးလွင် က ပြတိုက် နောက်ခံသမိုင်းအကျဉ်း၊ လုပ်ငန်းတာဝန်များ၊ ဝန် ထမ်းများ ခန့်အပ်ထားရှိမှု၊ ပြတိုက်အတွင်း စုဆောင်း၊ ထိန်းသိမ်း၊ ပြသထားရှိသည့် ပစ္စည်းများ၊ ပြတိုက်သို့ ပြည်တွင်း၊ ပြည်ပ ဧည့်သည်များ၊ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ လာရောက်ကြည့်ရှုလေ့လာမှုအခြေအနေများ၊ ပြခန်းများအလိုက် ပြသထားရှိမှုအခြေအနေ များနှင့် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ ပြတိုက် ဘက်စုံခန်းမ၌ ပြည်တွင်း၊ ပြည်ပ အထူးပြပွဲများဆောင်ရွက် ခဲ့မှုအခြေအနေများ၊ မြန်မာ့ သနပ်ခါးယဉ်ကျေးမှုဓလေ့အား UNESCO စာရင်းတင်သွင်း နိုင်ရေးဆောင်ရွက်ချက်များ၊ (၄၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာပြတိုက်များ နေ့အထိမ်းအမှတ် လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်ခဲ့ မှုအခြေအနေများ၊ မြန်မာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ စကား ဝိုင်းဆွေးနွေးပွဲနှင့် ပြပွဲအခမ်းအနားတွင် မြန်မာ့လက်ဖက်၏ သမိုင်းနှင့် အရေးပါမှု၊ ထိန်းသိမ်းမှု နည်းလမ်း များနှင့် UNESCO စာရင်းဝင်နိုင်ရေး ဆောင်ရွက်ချက်များ၊ ပြည်တွင်း၊ ပြည်ပမှ နိုင်ငံတော် အဆင့် ဧည့်သည်တော်ကြီးများ လာရောက်လေ့လာမှု မှတ်တမ်းများ၊ ပြတိုက်လုပ်ငန်းဆိုင်ရာ စာတမ်းဖတ်ပွဲများ ပြုလုပ်ဆောင်ရွက်လျက်ရှိမှု၊ Digital Museum ဖြစ်ပေါ်လာစေရေး နည်းပညာပိုင်း ဆိုင်ရာဟောပြောပွဲများ ဆောင်ရွက်လျက်ရှိမှု၊ ပြတိုက်ဝန်ထမ်းများအား အရည်အသွေး မြှင့်တင်ရေးဆိုင်ရာ သင်တန်းများနှင့် ဘွဲ့လွန်ပြတိုက်ပညာဒီပလိုမာ သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိမှု၊ နိုင်ငံတကာပြတိုက်အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက အမျိုးသားပြတိုက်အနေဖြင့် နိုင်ငံတော်၏သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုတန်ဖိုးများကို ဖော်ညွှန်းပြသနေခြင်းပင် ဖြစ်ပြီး မိမိတို့နိုင်ငံ၏ ခိုင်မာမှုရှိသည့်သမိုင်းကြောင်းများကို မြင်တွေ့ရမည်ဖြစ်ကြောင်း၊ လာရောက် လေ့လာကြည့်ရှုသူများအနေဖြင့် မိမိတို့နိုင်ငံ၏သမိုင်းကြောင်းနှင့် ယဉ်ကျေး မှုတန်ဖိုးများကို သိရှိနားလည်ကာ တန်ဖိုးထားလိုစိတ်၊ ထိန်းသိမ်းလိုစိတ်များ ဖြစ်ပေါ် လာစေမည် ဖြစ်ကြောင်း၊ ခေတ်များအလိုက် သမိုင်းမှတ်တမ်းတင်ထားမှုများကို ခိုင်ခိုင် မာမာပြသသွား နိုင်ရန်လိုကြောင်း၊ သမိုင်းကြောင်းများကို တစ်ဆက်တစ်ဆက်တည်း ကြည့်ရှုလေ့လာ၍ မိမိတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် အစဉ်အလာကြီးမားသည့် အမျိုး ဘာသာသာသနာ ယဉ်ကျေးမှုတန်ဖိုးများကိုသိရှိနားလည်လာမည်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံသို့ လာရောက်လည်ပတ်ကြသည့်၊ လာရောက်တာဝန်ထမ်းဆောင် ကြသည့် ပြည်ပမှ ခရီးသွားဧည့်သည်များအနေဖြင့်လည်း နိုင်ငံတော်၏သမိုင်းကြောင်း ဆိုင်ရာ အထောက်အထားများကို ကြည့်ရှုခြင်းအားဖြင့် အထင်ကြီးလေးစားမှုကို ရရှိစေ မည်ဖြစ်ကြောင်း၊ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာတို့၏ ဘုန်းတန်ခိုးကြီးမားခဲ့သည့် သမိုင်း ဖြစ်ရပ်များကို မြင်တွေ့ခံစားနိုင်မည်ဖြစ်ကြောင်း၊ လူငယ်လူရွယ်များ အနေဖြင့်လည်း ပြတိုက်သို့ လာရောက်လေ့လာခြင်းအားဖြင့် သမိုင်း၏တန်ဖိုးကို နားလည်လာမည်ဖြစ်ပြီး တိုင်းချစ်ပြည်ချစ်စိတ်များ၊ အမျိုးဘာသာသာနာကို ကာကွယ်စောင့်ထိန်းလို စိတ်များ ဖြစ်ပေါ်လာစေမည်ဖြစ်ကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန် မှာကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် အမျိုးသားပြတိုက်(ရန်ကုန်) မြေညီထပ်ရှိ သီဟာသနပလ္လင်ပြခန်းအတွင်း ပလ္လင်တော်များနှင့် အသုံးအဆောင်ပစ္စည်းများ ခင်း ကျင်း ပြသထားရှိမှု၊ ရတနာပုံခေတ်ပြခန်းအတွင်း မန္တလေးမြနန်းစံကျော်ရွှေနန်း တော်ပုံစံငယ်များ၊ နန်းတွင်းပရိဘောဂများ၊ ဘုရင်၊ မိဖုရား၊ ဝန်ကြီး၊ စစ်သူကြီးတို့၏ နန်းတွင်းအဝတ်အစားများ၊ နန်းသုံး အဆင်တန်ဆာများနှင့် အသုံးအဆောင်ပစ္စည်းများ၊ ဓာတ်ပုံနှင့် ပန်းချီကားများ ခင်းကျင်းပြသထားရှိမှု၊ မြန်မာအက္ခရာနှင့် လက်ရေးမူပြခန်း အတွင်း မြန်မာအက္ခရာများအဆင့်ဆင့်ပြောင်းလဲလာမှုဇယား၊ မြန်မာဗျည်း၊ သရနှင့် ဂဏန်းတို့အား ခေတ်အဆက်ဆက်မှ လက်ရေးမူပါအထောက်အထားများ ခင်းကျင်းပြ သထားရှိမှု၊ ပြတိုက်ပထမထပ်ရှိ သဘာဝသမိုင်းနှင့် မြန်မာ့သမိုင်းမတင်မီခေတ် ပြခန်း အတွင်း ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်းများ၊ ပုံတောင်ကျောက်လွှာစုမှ ကျောက်ဖြစ် ရုပ်ကြွင်းနှင့် ဧရာဝတီကျောက်လွှာစုမှ ကျောက်ဖြစ်ရုပ်ကြွင်းများ၊ သမိုင်းမတင်မီ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်ဆိုင်ရာ သမိုင်းအထောက်အထားများ ခင်းကျင်း ပြသထားရှိမှု၊ မင်းခမ်းတော်ပစ္စည်းများပြခန်းအတွင်း လက်ယာ၊ လက်ဝဲ မင်းခမ်းတော် ပစ္စည်းများ၊ မင်းခမ်းတော်မဟုတ်သည့် ပစ္စည်းများ ခင်းကျင်းပြသထားရှိမှု၊ မြန်မာ့မြို့ပြ ယဉ်ကျေးမှု ပြခန်းအတွင်း အန္တကူဗုဒ္ဓရုပ်ကြွများ၊ မြေမီးဖုတ်အုတ်ခွက်ဘုရားများ၊ တန်ဆာဆင်ထားသော အင်္ဂတေပန်းတန်းများ၊ နံရံဆေးရေးပန်းချီပုံစံတူ လက်ရာများ၊ ပုဂံရှိစေတီများ၏ ဓာတ်ပုံ များနှင့် ပန်းချီကားများ၊ အေဒီ ၁၀ ရာစုမှ ၁၃ ရာစုအတွင်း ကျောက်စာများ၏ မင်ကူးများ၊ ပင်းယခေတ်မှကုန်းဘောင်ခေတ်အထိထွန်းကားခဲ့သော လက်ရာပစ္စည်းများ ခင်းကျင်းပြသ ထားရှိမှုတို့ကို ပြကွက်တစ်ခုချင်းစီအလိုက် စိတ်ပါဝင်စားစွာဖြင့် လိုက်လံကြည့်ရှုခဲ့ရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက ယခုကဲ့သို့ အမျိုးသားပြတိုက် ၌ သမိုင်းကြောင်းဆိုင်ရာများကို လေ့လာကြည့်ရှုခြင်းအားဖြင့် မြန်မာတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားမှု၊ အဆင့်အတန်းမြင့်မားပြီး  ကြွယ်ဝသည့်ယဉ်ကျေးမှု အမွေအနှစ် များနှင့် မြန်မာတိုင်းရင်းသားတို့၏ စွမ်းဆောင်ချက်များကို သိရှိနိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ရှည်လျားသည့် သမိုင်းစဉ်အဆက်ဆက်ကိုလေ့လာနိုင်ခြင်း၊ ဘိုးဘေး များ၏  ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းမြှင့်တင်လိုစိတ် ဖြစ်ပေါ်လာစေခြင်း နှင့် မြန်မာနိုင်ငံသား များအဖြစ် ဂုဏ်ယူတတ်လာစေခြင်းတို့ကိုလည်း ဖြစ်ပေါ်စေမည် ဖြစ်ကြောင်း၊ တန်ဖိုးဖြတ်၍ မရနိုင်သည့် သမိုင်းကြောင်းအထောက်အထားများ ဖြစ် သည့်အတွက် ပျက်စီးယိုယွင်းမှု များမဖြစ်ပေါ်စေရေးနှင့် လာရောက်ကြည့်ရှုလေ့လာကြ သူများအနေဖြင့်လည်း စည်းကမ်း တကျဖြင့် လေ့လာနိုင်ရေး ကြပ်မတ်ထိန်းသိမ်းပြသ သွားကြရန်လိုကြောင်း၊ ရှေးဟောင်း အမွေအနှစ်ပစ္စည်းများအား လာရောက်လှူဒါန်းကြသည့် အလှူရှင်များ၏ အမည်များနှင့် အချက်အလက်များကိုလည်း ဖော်ပြထားရှိရန် လိုကြောင်း၊ အချို့သော ဓာတ်ပုံမှတ်တမ်းများ၊ စာရွက်စာတမ်းများအား နည်းပညာ အသုံးပြု၍ ယခုထက် ကြည်လင်ပြတ်သားမှုရှိအောင် ဆောင်ရွက်ပြီး ပြသထားရှိရန် လိုကြောင်း၊ ရဟန်းရှင်လူပြည်သူများ၊    ကျောင်းသား၊ ကျောင်းသူများ၊ နိုင်ငံခြားသားများ၊ သမိုင်းလေ့လာလိုက်စားသူ သုတေသီများ၊  လူမှုရေး အသင်းအဖွဲ့များ၊ ဝန်ထမ်းများအနေဖြင့် လာရောက်လေ့လာကြရာတွင် သမိုင်းကြောင်း အထောက်အထားများအား လွယ်ကူရှင်းလင်းစွာနှင့် အချက်အလက်ပြည့်ပြည့်စုံစုံ သိရှိနိုင် ရေး စနစ်တကျ ရေးသားရှင်းလင်းဖော်ပြထားရှိရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန် မှာကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် အမျိုးသားပြတိုက်(ရန်ကုန်)ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် အမှတ်တရလက်မှတ်ရေးထိုးပြီး ပြတိုက်ဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကိုပေးအပ်ရာတာဝန်ရှိသူတစ်ဦးက လက်ခံရယူခဲ့ကြောင်းသတင်း ရရှိသည်။ (သတင်းစဉ်)