အကြမ်းဖက်သောင်းကျန်းသူများ၏ အဖျက်အမှောင့်လုပ်ရပ်များကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် လျှပ်စစ်အခြေခံအဆောက်အအုံများ ပြန်လည်တည်ဆောက်ရေး ဆောင်ရွက်လျက်ရှိမှုကြောင့် ဒေသတွင်း လျှပ်စစ်ဓာတ်အားများ ပြန်လည်ရရှိ နေပြည်တော် ဇူလိုင် ၂၅

Monday, July 27, 2026 - 11:15

          လျှပ်စစ်စွမ်းအားကဏ္ဍသည် နိုင်ငံတစ်နိုင်ငံအတွက် များစွာအကျိုးဖြစ်ထွန်းပြီး လူမှုစီးပွား ဘဝများ ဖွံ့ဖြိုးတိုးတက်ရန်၊ ပြည်သူလူထု၏ လူနေမှုဘဝ မြင့်မားစေရန်နှင့် လူမှုစီးပွားဘဝ လုံခြုံတိုးတက်စေရန်အတွက် အဓိကမရှိမဖြစ်လိုအပ်သော အသက်သွေးကြောဖြစ်ပြီး နိုင်ငံတော် အစိုးရနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတို့အနေဖြင့် တိုင်းရင်းသားပြည်သူများ၏ နေ့စဉ်လူမှု ဘဝတိုးတက်စေရေးအတွက် လျှပ်စစ်ဓာတ်အားတိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေးကို ဦးစားပေးနယ်ပယ် တစ်ခုအဖြစ် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိသည်။

           သို့သော်လည်း အချို့သော နယ်မြေများတွင် PDF အမည်ခံသောင်းကျန်းသူ ပူးပေါင်း အဖွဲ့များသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတားဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ပြည်သူ လူထု၏ နေ့စဉ်ဘဝအတွက် များစွာအရေးပါသည့် လျှပ်စစ်ဓာတ်အားများကို ထုတ်လွှင့်ပေးလျက် ရှိသည့် လျှပ်စစ်အခြေခံအဆောက်အအုံများကို နည်းလမ်းပေါင်းစုံဖြင့် ယုတ်မာရိုင်းစိုင်းစွာ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးလျက်ရှိကြသည်။ ထိုသို့လုပ်ဆောင်မှုများကြောင့် ပျက်စီးဆုံးရှုံးခဲ့ရ သည့် လျှပ်စစ်အခြေခံအဆောက်အအုံများ၊ ဓာတ်အားလိုင်းများကို အမြန်ဆုံးပြန်လည်ကောင်းမွန်၍ လျှပ်စစ်ဓာတ်အားများ ပြန်လည်ပို့လွှတ်ပေးနိုင်ရေး လျှပ်စစ်ဝန်ထမ်းများနှင့် နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကြိုးပမ်းပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။

            ထိုသို့ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ၂၀၂၄ ခုနှစ်အတွင်း လားရှိုး မြို့နယ်၊ နောင်ချိုမြို့နယ်၊ ကျောက်မဲမြို့နယ်နှင့် သီပေါမြို့နယ်တို့ကို အကြမ်းဖက်သောင်းကျန်း သူများမှ ဝင်ရောက်တိုက်ခိုက်မှုများကြောင့်  ဓာတ်အားခွဲရုံ ၉ ရုံ၊ ထရန်စဖော်မာ ၈၆ လုံးနှင့် ဓာတ်အားလိုင်းများ ထိခိုက်ပျက်စီးခဲ့ပြီး ဓာတ်အားပြတ်တောက်ခဲ့သည်။

              လားရှိုးမြို့နှင့် နောင်ချိုမြို့များကို တပ်မတော်မှ ပြန်လည်ထိန်းချုပ်ပြီးနောက် ဝန်ကြီးဌာနမှ ထိခိုက်ပျက်စီးခဲ့သည့် ဓာတ်အားခွဲရုံများ၊ ဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာများကို အမြန်ဆုံး ပြန်လည်ပြုပြင်ခဲ့ပြီး နောင်ချိုမြို့နယ်နှင့် လားရှိုးမြို့တို့ကို နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အား ပြန်လည်ဖြန့်ဖြူးပေးလျက်ရှိသည်။

             သီပေါမြို့နယ်နှင့် ကျောက်မဲမြို့များတွင် ထိခိုက်ပျက်စီးခဲ့သည့် ဓာတ်အားခွဲရုံများ၊ ဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာများ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး ဖြစ်သဖြင့် ဓာတ်အားရယူသုံးစွဲရမည့် ၆၆ ကေဗွီ မန်စံ-သီပေါ ဓာတ်အားလိုင်း တိုင်အမှတ် ၂၁၀ နှင့် ၂၁၉ ကြား မြေမြှုပ်မိုင်းများရှင်းလင်းခြင်းနှင့် ဓာတ်အားလိုင်းစစ်ဆေးခြင်းများ ဆောင်ရွက်ပြီးစီးပါက သီပေါမြို့နှင့် ကျောက်မဲမြို့များကို နိုင်ငံတော်ဓာတ်အားစနစ်ဖြင့် ဓာတ်အားပြန်လည်ဖြန့်ဖြူး ပေးနိုင်မည်ဖြစ်သည်။ လတ်တလောအနေဖြင့် သီပေါမြို့ကို ဒီဇယ်ဓာတ်အားပေးစက် ၂ လုံးဖြင့် တစ်ရက်လျှင် ၆နာရီနှင့် ကျောက်မဲမြို့ကို နမ့်စောင်းငေါင်း အသေးစားရေအားလျှပ်စစ်ဓာတ်အား ပေးစက်ရုံ ၂ မဂ္ဂါဝပ်ဖြင့် မြို့ပေါ်အရေးကြီးနေရာများနှင့် အများပြည်သူအချို့အား ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိပြီး နိုင်ငံတော်ဓာတ်အားစနစ်ဖြင့် ပုံမှန်အတိုင်း ဓာတ်အားပြန်လည်ဖြန့်ဖြူး နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ 

              ထိုအတူ ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် အကြမ်းဖက်သောင်းကျန်းသူများကြောင့် ၁၃၂ ကေဗွီ လွိုင်ကော်ပင်မဓာတ်အားခွဲရုံ၊ ၃၃ ကေဗွီ ဓာတ်အားခွဲရုံ ၃ ရုံ၊ ထရန်စဖော်မာ ၇၃ လုံးနှင့် ဓာတ်အားလိုင်းများ ထိခိုက်ပျက်စီးခဲ့သဖြင့် ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး လွိုင်ကော်မြို့၊ လွိုင်လင်လေးမြို့၊ လောပိတမြို့နှင့် ကျေးရွာ ၃၀ ရွာရှိ အိမ်ထောင်စုပေါင်း ၁၃,၈၃၇ စု အား ဓာတ်အားပြန်လည်ပေးထားပြီးဖြစ်သည်။

                ဒီးမော့ဆိုမြို့နယ်အတွင်း အကြမ်းဖက်များကြောင့် ၃၃ ကေဗွီ ဓာတ်အားခွဲရုံ ၁ ရုံ၊ ထရန်စဖော်မာများနှင့် ဓာတ်အားလိုင်းများ ထိခိုက်ပျက်စီးခဲ့ပြီး ပြန်လည်ပြုပြင်မှု ပထမအဆင့် အနေဖြင့် ၁၁ ကေဗွီ ဓာတ်အားလိုင်းပြုပြင်ခြင်းအား ဆောင်ရွက်၍ မြို့နယ်အတွင်းရှိ ကျေးရွာ ၂ ရွာ နှင့် အရေးကြီးနေရာတို့ကို ဓာတ်အားပြန်လည်ပေးထားပြီးဖြစ်သည်။ လွိုင်ကော်မြို့ရှိ ၃၃ ကေဗွီ ၁၀ အမ်ဗွီအေ ရွာတန်းရှည် ဓာတ်အားခွဲရုံပြန်လည်ပြုပြင်ခြင်းအား နိုင်ငံတော် အစိုးရသစ်၏ ပထမရက်ပေါင်း ၁၀၀ စီမံချက်အတွင်း ဆောင်ရွက်ပြီးစီးပြီဖြစ်၍ ဒီးမော့ဆို မြို့နယ်အား ရွာတန်းရှည်ခွဲရုံမှ ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်သည်။

            အလားတူ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်း အကြမ်းဖက်သောင်းကျန်းသူများကြောင့် ၆၆ ကေဗွီ ဓာတ်အားခွဲရုံ ၁ ရုံ၊ အသေးစားရေအားလျှပ်စစ်စက်ရုံ ၂ ရုံ၊ ထရန်စဖော်မာ ၃၁ လုံးနှင့် ဓာတ်အားလိုင်းများ ပျက်စီးခဲ့သဖြင့် လိုအပ်သောပစ္စည်းများ ပို့ဆောင်၍ ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။ လတ်တလောတွင် ဖလမ်းမြို့ ယာယီဆေးရုံ၌ ၁၂ ကီလိုဝပ် ဆိုလာမီးဖြင့်လည်းကောင်း၊ အရေးကြီးနေရာများ၌ ၆ ကီလိုဝပ် ဆိုလာမီးများဖြင့် လည်းကောင်း ယာယီဓာတ်အားပေးနိုင်ရန် ပြည်နယ်အစိုးရအစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိပြီး အရေးကြီးနေရာများအား ယာယီဓာတ်အားပေးနိုင်ရန်အတွက် ၃၀၀ ကေဗွီအေ ဒီဇယ်ဓာတ်အားပေး စက်အားပြန်လည်ပြုပြင်ထားရှိပြီးဖြစ်သည်။ 

          တွန်းဇံမြို့အား ဓာတ်အားပြန်လည်ပေးနိုင်ရေးအတွက် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်တွင် လျှပ်စစ်ဝန်ထမ်း (၁၂)ဦး ရောက်ရှိ၍ ပျက်စီးမှုစာရင်းများ ကောက်ယူခြင်းနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိသည်။ လတ်တလောတွင် ၃၀၀ ကေဗွီအေ ဒီဇယ် ဓာတ်အားပေးစက်ကို ပြန်လည်ပြုပြင်ပြီး ဌာနဆိုင်ရာရုံး ၁၁ ရုံးနှင့် ဓာတ်အားသုံးစွဲသူ ၃၁၀ ခန့်အား ညစဉ် တစ်နေ့ ၃ နာရီ ဓာတ်အားပေးလျက်ရှိပြီး ၂၀၀ ကီလိုဝပ် တွီးဆောင်းရေအားလျှပ်စစ် စက်ရုံမှ ဓာတ်အားပြန်လည်ရရှိသုံးစွဲနိုင်ရေးအတွက် သွားရောက်စစ်ဆေးနိုင်ရန် အုပ်ချုပ်ရေး အဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။

          နိုင်ငံတော်အစိုးရနှင့်လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ အားသွန်ခွန်စိုက်ကြိုးပမ်းမှုကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ရသည့်ဒေသများတွင် လျှပ်စစ်ဓာတ်အားများ ပြန်လည်ရရှိ လာသည်နှင့်အညီ ဒေသခံပြည်သူများ၏ နေ့စဉ်လူမှုဘဝသွားလာနေထိုင်မှုများ ပြန်လည်အဆင်ပြေ ချောမွေ့လာခြင်း၊ အသေးစား/အလတ်စား စီးပွားရေးလုပ်ငန်းများ၊ ဒေသတွင်းကုန်ထုတ်လုပ်မှု များနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ခြင်း၊ ဆေးရုံ/ဆေးခန်းများတွင် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ကျောင်းသူ/ ကျောင်းသားများ၏ ပညာသင်ကြားရေးကဏ္ဍများတွင် များစွာအကျိုးဖြစ်ထွန်းလာခဲ့ပြီဖြစ်သည့် အတွက် ပြည်သူလူထု၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို တိုးမြှင့်ဖြည့်ဆည်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။