ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၌ အိမ်ရာတစ်ခုအတွင်း လူသတ်၊ မုဒိန်းမှုကျူးလွန်ခဲ့သည့် တရားခံအား မရမ်းကုန်းခရိုင် တရားရုံးမှ သေဒဏ်နှင့် ပြစ်ဒဏ်များ အမိန့်ချမှတ်
နေပြည်တော်၊ ဇူလိုင် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့ နံနက် ၁ နာရီ ၄၀ မိနစ် အချိန်ခန့်တွင် ရန်ကုန်မြို့၊ အိမ်ရာတစ်ခုအတွင်း အိပ်ခန်းထဲ၌ အိပ်ပျော်နေသည့် (၁၅)နှစ်အရွယ် အမျိုးသမီးငယ်အား အဓမ္မပြုကျင့်၍ သတ်ဖြတ်ခဲ့သည့် တရားခံ အောင်ကျော်စိုး(ခ)အင်ဂျင်ဝိုင်(၃၈)နှစ်၊ (ဘ)ဦးသိန်းထွန်း၊ မှတ်ပုံတင်(မရှိ)၊ ဗမာ/ဗုဒ္ဓ၊ ကျပန်း၊ သရက်နှစ်ပင်ကျေးရွာ၊ တွံတေးမြို့နယ်နေသူအား လှိုင်မြို့မရဲစခန်း၌ (ပ)၁၅၁/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂၊ ၃၇၆ အရ အမှုဖွင့်အရေးယူခဲ့ပြီး မရမ်းကုန်း ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ကြောင်း သိရသည်။
အဆိုပါတရားခံအား ဇူလိုင်လ ၂ ရက်နေ့တွင် မရမ်းကုန်းခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ မရမ်းကုန်းခရိုင်တရားရုံးမှ ရာဇဝတ်ကြီးမှုအမှတ် (၈၃/၂၀၂၆)ဖြင့် လက်ခံစစ်ဆေးခဲ့ပြီး ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသဖြင့် ဇူလိုင်လ ၂၃ ရက်နေ့တွင် တရားခံ အောင်ကျော်စိုး(ခ)အင်ဂျင်ဝိုင်အား ရာဇသတ်ကြီးပုဒ်မ ၃၀၂(၁)(ဂ)အရ သေဒဏ် (မသေမချင်းကြိုးကွင်းစွပ်၍သတ်စေ)နှင့် အဆိုပါတရားခံသည် အခင်းဖြစ်နေ့က အဆိုပါအိမ်ရာအတွင်းရှိ အခြားအိမ်တစ်အိမ်မှ ပစ္စည်းများ ဝင်ရောက်ခိုးယူခဲ့သဖြင့် ရာဇသတ်ကြီးပုဒ်မ ၄၅၇၊ ၃၈၀/၇၅ ဖြင့်စွဲချက်တင်ခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ ၃၈၀/၇၅ အရ အလုပ်နှင့်ထောင်ဒဏ် (၇)နှစ်၊ ရာဇသတ်ကြီးပုဒ်မ ၄၅၇ (ဒုတိယပိုင်း/၇၅)အရ အလုပ်နှင့် ထောင်ဒဏ်(၇)နှစ် သီးခြားစီပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။