PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများ ဖျက်ဆီးခဲ့သည့် တာဝါတိုင်အား ပြန်လည်ပြုပြင်ပြီးစီး၍  ပခုက္ကူ၊ ရေစကြိုမြို့နယ်များ လျှပ်စစ်ဓာတ်အားပြန်လည်ရရှိ နေပြည်တော်၊ ၂၀၂၆ ဇူလိုင် - ၂၄

Friday, July 24, 2026 - 21:00

ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်ရာတွင် လျှပ်စစ်ဓာတ်အားသည် မရှိမဖြစ်လိုအပ်သည့် အဓိကမောင်းနှင်အားတစ်ရပ်ဖြစ်ပြီး ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မား ရေး၊ စက်မှုလက်မှုလုပ်ငန်းများ ပုံမှန်လည်ပတ်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လျှပ်စစ် ဓာတ်အားစဉ်ဆက်မပြတ်ရရှိရေးသည် အလွန်ပင်အရေးကြီးသည်။

နိုင်ငံတော်အစိုးရအနေဖြင့် လျှပ်စစ်မီးများ ပုံမှန်ရရှိရေးနှင့် လျှပ်စစ်ဓာတ်အားများ ပြတ် တောက်မှုမရှိစေရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိစဉ် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများသည် နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွားကို လျစ်လျူရှူ၍ ဒေသဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေရန် အဖျက်အမှောင့်လုပ်ရပ်များကို စဉ်ဆက်မပြတ် ပြုလုပ်လျက်ရှိရာ ဇူလိုင် ၁၉ ရက်နေ့တွင် ပခုက္ကူမြို့နယ်၊ ပေါင်လောင်ကန်ကျေးရွာအနီးရှိ ၁၃၂ ကေဗွီ ညောင်ပင်ကြီး - ဗုဒ္ဓကုန်း မဟာဓာတ်အားလိုင်းအား PDF အမည်ခံအကြမ်းဖက်သောင်းကျန်း သူများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် တာဝါတိုင်အမှတ် (၃၃၈) ပြိုလဲပျက်စီး ခဲ့ရသည်။ ထိုသို့ ဆင်ခြင်တုံတရားကင်းမဲ့စွာဖြင့် အဖျက်အမှောင့်လုပ်ငန်းကို ပြုလုပ်မှုကြောင့် ပခုက္ကူ၊ ရေစကြို၊ မြိုင်နှင့် ကမ္မမြို့များအတွင်းရှိ အပြစ်မဲ့ပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အား ရုတ်တရက် ပြတ် တောက်သွားခဲ့ရပြီး လူမှုစီးပွားရေးနှင့် နေ့စဉ်ဘဝများတွင် အခက်အခဲပေါင်းများစွာဖြင့် ရင်ဆိုင် ကြုံတွေ့ခံစားခဲ့ကြရသည်။

အဆိုပါ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးသည်နှင့်တစ်ပြိုင်နက် လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ မဟာဓာတ်အားလိုင်းမှူးရုံး(ဂန့်ဂေါ၊ အုန်းတော)၊ ပင်မဓာတ် အားခွဲရုံ(ဗုဒ္ဓကုန်း)နှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတို့မှ လျှပ်စစ်ဝန်ထမ်းများသည် ပြည်သူများ လျှပ်စစ်ဓာတ်အား မြန်မြန်ဆန်ဆန် ပြန်လည်ရရှိရေးအတွက် သက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များ နှင့် ပူးပေါင်းကာ (၄) ရက်တိုင်တိုင် နေ့မနား၊ ညမအား ကြိုးစားအားထုတ်၍ ပြုပြင်ခြင်းလုပ်ငန်း များဆောင်ရွက်ခဲ့ကြသဖြင့် ဇူလိုင်လ ၂၃ ရက် တွင် အဆိုပါ ပျက်စီးသွားသည့် တာဝါတိုင်အမှတ် (၃၃၈) အား ပြန်လည်ပြုပြင်ပြီးစီးခဲ့ပြီး ဓာတ်အား ပြတ်တောက်ခဲ့သော ပခုက္ကူမြို့နယ်နှင့် ရေစကြို မြို့နယ်များအတွင်းရှိ ဒေသများသို့ ဓာတ်အားများ ပြန်လည်ပို့လွှတ် ပေးနိုင်ခဲ့ပြီဖြစ်သည်။

အကြမ်းဖက်အဖျက်သမားများ၏ ယခုကဲ့သို့ မဟာဓာတ်အားလိုင်းများအား ဖျက်ဆီးမှု လုပ်ရပ်များကြောင့် ပြည်သူများက  နေ့စဉ်လူမှုစီးပွားဘဝလုပ်ငန်းများ ဆောင်ရွက်ရာတွင် နှောင့်နှေး ကြန့်ကြာမှုများကို တိုက်ရိုက်ထိတွေ့ခံစားခဲ့ကြရသဖြင့် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်အရ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ လျှပ်စစ်ဝန်ထမ်းများနှင့် တာဝန်သိ ပြည်သူများ၏ ပူးပေါင်း ကြိုးပမ်း အားထုတ်မှုကြောင့် လျှပ်စစ်မီးများအမြန်ဆုံး ပြန်လည်ပေးဝေ နိုင်ပြီဖြစ်ကြောင်း နှင့်လျှပ် စစ်မီးပြန်လည်ရရှိမှုအပေါ် ဒေသခံပြည်သူများအနေဖြင့် အထူးဝမ်းမြောက်လျက် ရှိကြောင်း သတင်းရရှိသည်။