ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံ တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည် ရန်ကုန်မြို့အခြေစိုက် ကိုရီးယားဒီမို ကရက်တစ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Jong Ho Bom ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတရုံးတော်၊ ဧည့်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ နိုင်ငံတော်သမ္မတရုံး ပြည်ထောင် စုဝန်ကြီး ဦးခင်မောင်ရီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ နှင့် တာဝန်ရှိသူတို့တက်ရောက်ကြပြီး ရန်ကုန်မြို့အခြေစိုက် ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီးနှင့်အတူ သံရုံးမှ တာဝန်ရှိသူများတက်ရောက် ကြသည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်လျက်ရှိမှုနှင့် သံတမန် ဆက်ဆံမှုများ ပိုမိုမြှင့်တင်ဆောင်ရွက်သွားမည့်အခြေအနေ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုများ၊ ကိုရီးယားနိုင်ငံ၏ လက်ရှိဖွံ့ဖြိုးတိုးတက်မှု နှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေ၊ ကိုရီယားဒီမိုကရက်တစ် သမ္မတနိုင်ငံအနေဖြင့် နိုင်ငံတကာဆက်ဆံရေးနှင့်ပတ်သက်၍ မူဝါဒများချမှတ် ဆောင်ရွက်ထားရှိမှုအခြေအနေ၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွားနိုင်မည့်အခြေအနေ များနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် ရန်ကုန်မြို့အခြေစိုက် ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီးတို့သည် တက်ရောက်လာကြ သူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်းသတင်းရရှိသည်။ (သတင်းစဉ်)