နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် စစ်ဆင်ရေး တာဝန်များကို ထမ်းဆောင်ခဲ့ပြီး   ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားများ ကျင်းပ နေပြည်တော်၊ ၂၀၂၆ ဇူလိုင် ၂၂

Thursday, July 23, 2026 - 08:45

        နိုင်ငံတော် တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်၍ ပြန်လည်ရောက်ရှိ လာသော ရှေ့တန်းပြန်နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်း အခမ်းအနားများကို ယနေ့ညနေပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ရှိ နယ်မြေခံတပ်ရင်း၌ လည်းကောင်း၊ ဝန်းသိုမြို့ရှိ နယ်မြေခံတပ်ရင်း၌လည်းကောင်း၊ ကျောက်မြောင်းမြို့ရှိ နယ်မြေခံတပ်ရင်း၌လည်းကောင်း အသီးသီးပြုလုပ်ရာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင် များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။           

        တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေးချမ်း သာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ် စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေ ရေး၊ နိုင်ငံတော်တည်ငြိမ်ရေး၊ နယ်မြေအေးချမ်းသာယာရေးအတွက် ရှေ့တန်းစစ်မျက်နှာ များတွင် စစ်ဆင်ရေးတာဝန်များကို မိဝေး ဖဝေး၊ မိသားစုများနှင့် ဝေးကွာ၍ နေ့မအား၊ ညမနား စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့သော ရှေ့တန်းပြန်တပ်မတော်သားများအား  တက်ရောက်လာကြသူများက အောင်သပြေခက်ကမ်း၍ လည်းကောင်း၊  အိုးစည်ဒိုးပတ် အတီး အမှုတ်၊ အကအခုန်များဖြင့် လည်းကောင်း သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြ သည်။ ယင်းနောက် သက်ဆိုင်ရာ တာဝန်ရှိသူများက အောင်ပွဲရ ရှေ့တန်းပြန် တပ်မတော်သားများအား  ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။