နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် KNLA အဖွဲ့နှင့် PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၁၈ ဦးနှင့် အမျိုးသမီး ၁ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဉပဒေဘောင်အတွင်းသို့ ဝင်ရောက် နေပြည်တော်၊ ၂၀၂၆ ဇူလိုင် ၂၂ ရက်
နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့်် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဉပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဉပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက် ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည် သဘောပေါက်လာသည့် KNLA အဖွဲ့နှင့် PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၁၈ ဦးနှင့် အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၁၉ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဉပဒေဘောင် အတွင်းသို့ ထပ်မံဝင်ရောက်လာကြရာ ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူ များထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိ အေးချမ်းဖြိုးခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် စိုးကျော်ထက်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဉပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ကြသည့် အဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက နယ်မြေဒေသတည်ငြိမ် အေးချမ်းရေး၊ တရားဉပဒေပုဒ်မ များနှင့် ပတ်သက်၍ အသိပညာပေးစကားများ ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် ဉပဒေဘောင်အတွင်း ပြန်လည်ဝင် ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့် MA -1 သေနတ် ၁ လက်၊ MA -4 သေနတ် ၁ လက်၊ M-79 သေနတ် ၁ လက်၊ အီနာဂါဗုံးသီး ၁ လုံး၊ လက်ပစ်ဗုံး ၃ လုံး၊ ၅ ဒသမ ၅၆ မမကျည် ၉၅ တောင့်၊ ကျည်အိမ် ၄ ခုနှင့် စနက်တံ ၁ ချောင်းတို့ကို လွှဲပြောင်းအပ်နှံရာ တိုင်းမှူးက လက်ခံရယူသည်။ ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား မောင်းပြန် ရိုင်ဖယ် ၃ လက်အတွက် ဆုကြေးငွေကျပ် သိန်း ၁၅၀ ၊ အီနာဂါဗုံးသီး ၁ လုံးအတွက် ဆုကြေး ငွေကျပ် ၃ သိန်း၊ လက်ပစ်ဗုံး ၃ လုံးအတွက် ဆုကြေး ငွေကျပ် ၉ သိန်းနှင့် အလင်းဝင်ရောက်လာသူ ၁၉ ဦးအား တစ်ဦးလျှင် ဆုကြေးငွေကျပ် ၃ သိန်းစီ ပေးအပ် ကာ ခံဝန်ကတိလက်မှတ် ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်း အပ်နှံပေးရာ အလင်းဝင် ရောက်လာသူများ၏ ကိုယ်စား အလင်းဝင်လာသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထိုသို့ ဉပဒေဘောင်အတွင်း လက်နက်/ခဲယမ်းများနှင့်အတူ ပြန်လည် ဝင်ရောက်လာကြသူများမှာ လက်ပံတန်းမြို့မှ အမျိုးသား ၁ ဦး၊ ပြည်မြို့မှ အမျိုးသား ၁ ဦး၊ ကျောက်တံခါးမြို့မှ အမျိုးသား ၃ ဦး၊ ကြို့ပင်ကောက်မြို့မှ အမျိုးသား ၁ ဦး၊ ပေါင်းတည်မြို့မှ အမျိုးသား ၃ ဦး၊ ညောင်လေးပင်မြို့မှ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁ ဦး၊ နတ်တလင်းမြို့မှ အမျိုးသား ၁ ဦး၊ မင်းလှမြို့မှ အမျိုးသား ၂ ဦး၊ ပေါက်ခေါင်းမြို့မှ အမျိုးသား ၁ ဦး၊ စုစုပေါင်း ၁၉ ဦးဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ဉပဒေဘောင်အတွင်းသို့ဝင်ရောက်လာကြသည့် PDF အမည်ခံ အဖွဲ့ဝင်များသည် မိသားစုဝင်ဆွေမျိုးများနှင့် အကြပ်ကိုင်၍ အတင်းအဓမ္မ စုဆောင်းခံကြရခြင်း၊ အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ပြည်သူ များနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ် မဟုတ်သည့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များ အတွင်း၌ပင် အထက်အောက် အဆင့်အတန်းခွဲခြား၍ အချင်းချင်းဗိုလ်ကျ နှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှု ကျူးလွန်ခြင်း၊ အနေအစားဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာ နေထိုင် ရခြင်းနှင့် တပ်မတော်၏ တိုက်စစ်ကို ခုခံနိုင်တော့ခြင်းမရှိဘဲ စိတ်ဓာတ်ကျဆင်းလာ ခြင်းတို့အပြင် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည် လက်ခံပြီး ဉပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှု များဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်း တို့ကြောင့် လက်နက်ကိုင် လမ်းစဉ်အား စွန့်လွှတ်၍ ဉပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည် ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများ ထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဉပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်း သိရှိရပြီး ဉပဒေဘောင် အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆို လက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရ သည်။
ထိုသို့ ဥပေဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများ၏ စကားသံများ ကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်။
ကျောင်းတက်တုန်းက ကျောင်းအုပ်ကြီးက CDM လုပ်ပြီးတော့ သူ့တပည့် ဆိုတော့ သူနဲ့ ပါသွားတာ။ ပထမတစ်ခေါက်ထွက်ပြေးတုန်းကတော့ လက်နက်(၃) လက်ပါသွားတယ်ပေါ့။ တစ်ယောက်ထဲပြေးတာ ပြေးတဲ့အချိန်မှာ KNU ဂိတ်တွေက အများကြီးပဲ။ ကိုယ်ကတောလမ်း ကနေပတ် တစ်ခါပတ်လည်း ဂိတ်ပြန်ရောက်၊ နှစ်ခါ ပတ်လည်း ဂိတ်ပြန်ရောက်နဲ့ ပြန်မိသွား တာ။ ဟိုရောက်သွားလို့ရှိရင် သူတို့က ငါတို့ကို မြှားခေါ်တာလား။ ငါတို့ကို ထုမှာလား။ ထောင်း မှာလား။ ဒီထဲရောက်လာတဲ့ အချိန်မှာတော့ ကိုယ်ထင်တာသလိုမဟုတ်ဘူးပေါ့။ ကိုယ့်အပေါ် အများကြီးကောင်း ခဲ့တယ်။ အများကြီး နားလည်မှုပေးကြတယ်ပေါ့။ အခုလက်ရှိကျန်ခဲ့တဲ့ ရဲဘော်တွေ ကတော့ ကျွန်တော့်ကို အခုကြည့်နေတယ်ဆိုရင်တော့ လာခဲ့ကြပါလို့ပဲ ဖိတ်ခေါ် ချင်ပါတယ်။
၂။ ရောက်ရှိခဲ့တဲ့ အဖွဲ့အစည်းကတော့ KNU တပ်မဟာ(၃) ရောက်ရှိခဲ့တာပါ။ အသက်ကတော့ခုမှ ၂၀ ပြည့်တာပေါ့။ အားကစားသိပ္ပံ တက်မယ်ဆိုပြီးတော့ သူငယ် ချင်းတွေရဲ့ အဖော်ဆွယ်မှုကြောင့် ဟိုဘက်ထဲရောက်သွားတယ်။ ရောက်ပြီးတော့ ကိုယ်ဖြစ်ချင်တဲ့ အရာနဲ့ လုံးဝဆန့်ကျင်ဘက်ကြီး ဖြစ်သွားတာပေါ့။ လှူတဲ့ပိုက်ဆံတွေ ရတဲ့ပိုက်ဆံတွေ ကတော့ ဘာတွေဝယ်တယ်။ ဘာတွေလုပ်လဲတော့ မသိဘူးပေါ့ လစာမရှိဘူး။ ပထမတစ်နှစ် ဖာပွန်မသွားခင်မှာထဲက စိတ်ကုန်တာ စိတ်ပျက်တာပေါ့။ ဒါပေမယ့် ပြန်လာဖို့ကျတော့ အခွင့် အလမ်းမရခဲ့တဲ့အတွက် အချိန်တွေနည်းနည်းလေး ကြာသွားခဲ့တယ်။ အခုဒီနောက်ပိုင်းမှာ ချိတ်ဆက်ပြီး ဒီဘက်ကို ပြန်ပြီး အခြေချ ခဲ့တာပေါ့။ ဒီဘက်ကတော့ ကိုယ်လုံးဝမထင်ထားတဲ့ အရာမျိုးနဲ့ ကြိုဆိုတာပေါ့။ အရမ်း လည်းဝမ်းသာပါတယ်။ ဒီလိုမျိုးကြိုဆိုမှုအတွက် ကျေးဇူးလည်းတင်ပါတယ်။ ပြောမပြ တက်လောက်အောင် ပျော်တာပေါ့နော်။ ကိုယ့်မိသားစုနဲ့ကိုယ် အတူပြန်နေရတယ်။ ကိုယ်လုံးဝရည်မှန်းထားတဲ့ အရာကိုလည်း ပြန်ပြီးတော့ ဖြည့်ဆည်းလို့ ရတာပေါ့။ တိုက်တွန်းချင်တာကတော့ ဦးနှောက်ပါတဲ့ လူတစ်ယောက်ကတော့ ဒီအရာကို ဘယ်လို တွေးတယ်။ ဘယ်လိုလုပ်လဲ။ ဘယ်လိုဖြတ်သန်းရလဲဆိုတာကို ဆုံးဖြတ်လို့ ရတာပေါ့။ တစ်ဖက်လူရဲ့ တွန်းအားပေးမှုကြောင့် သူများလုပ်တဲ့အတိုင်း လိုက်မလုပ်ဖို့လည်း ပြောချင် ပါတယ်။ ကျွန်တော် ဒီကနေပြီးတော့ ဖိတ်ခေါ်ပါတယ်။



