ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံအမှာစကားပြောကြား

Tuesday, July 21, 2026 - 16:00

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံအမှာစကားပြောကြား

အသိပညာ၊ အတတ်ပညာပြည့်စုံပြီး အတွေးအခေါ်မှန်ကန်ကောင်းမွန်သည့် လူသားအရင်းအမြစ်ကောင်းများကို မွေးထုတ်ပေးနိုင်မှသာလျင် ဖွံ့ဖြိုးတိုးတက်ကောင်းမွန်သည့်အနာဂတ်နိုင်ငံတော်ကို တည်ဆောက်နိုင်မည်

နေပြည်တော်၊ ဇူလိုင် -  ၂၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ တွေ့ဆုံအမှာစကားပြောကြား သည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမြထွန်းဦး၊ ဦးထိန်လင်း၊ ဦးကိုကိုလွင်၊ ဦးမောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီးတို့မှ အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။    

ဒေသဖွံ့ဖြိုးရေးဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ က တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာတွင် နိုင်ငံတော် သမ္မတ ရန်ကုန်တိုင်းဒေသကြီးသို့ ရောက်ရှိစစ်ဆေးစဉ် လမ်းညွှန်မှာကြားချက်များ အပေါ် လိုက်နာဆောင်ရွက်ထားရှိမှု၊ မြို့နယ်များအလိုက်ဆက်သွယ်ရေးကြိုးများနှင့် လျှပ်စစ်မီးကြိုးများစနစ်တကျဖြစ်စေရေးဆောင်ရွက်ထားရှိမှု၊ မြေအောက်ကေဘယ်လ် ပိုက်လိုင်းနှင့် Man Hole များ တည်ဆောက်လျက်ရှိမှု၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်လျက်ရှိမှုနှင့် ရေမြောင်းများ၊ လမ်းများ ဖောက်လုပ်ရာတွင် ဖြောင့်ဖြူးမှုရှိစေရေး ဆောင်ရွက်လျက်ရှိမှု၊ ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းလိုက်နာမှုရှိစေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိမှု၊ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် အမှိုက်များစနစ်တကျစွန့်ပစ်စေရေး ပညာပေးကြပ် မတ်ဆောင်ရွက်လျက်ရှိမှု၊ လမ်း၊ တံတားများ တည်ဆောက်ရာတွင် စနစ်တကျရှိ စေရေး ဆောင်ရွက်လျက်ရှိမှု၊ မြို့ပြများအဆင့်မြှင့်တင်ဆောင်ရွက်ရာတွင် စိုက်ပျိုး မြေများ ထိခိုက်မှုမရှိစေရေးနှင့် မြို့ကွက်များစနစ်တကျရှိစေရေး Town Plan ရေးဆွဲ ဆောင်ရွက်လျက်ရှိမှု၊ အများပြည်သူများအပန်းဖြေနိုင်ရေးပန်းခြံများ တိုးချဲ့တည် ဆောက်နိုင်ရေးဆောင်ရွက်လျက်ရှိမှု၊ ရန်ကုန်တိုင်းဒေသကြီးဆိုင်ရာ အချက်အလက် များ၊ မြေအသုံးချထားရှိမှု၊ စပါးစိုက်ပျိုးမှုနှင့် ပိုလျှံစပါးများအား ပြည်ပသို့ တင်ပို့လျက် ရှိမှု၊ ပြည်ပပို့ကုန် ပဲတီစိမ်းစိုက်ပျိုထုတ်လုပ်မှု၊ ငါး၊ ပုစွန်၊ အခြား ရေထွက်ပစ္စည်းများ ပြည်ပတင်ပို့မှု၊ သီလဝါအထူးစီးပွားရေးဇုန်၌ လုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ တိုင်း ဒေသကြီးအတွင်းရှိ ရေလှောင်တမံ၊ တာတမံ၊ ရေတံခါး၊ ရေနုတ်မြောင်း၊ လျှပ်စစ် ရေတင်စနစ်တို့မှ သောက်သုံးရေနှင့်နွေစပါးရေပေးဝေနိုင်မှုတို့နှင့်ပတ်သက်၍ ရှင်းလင်း တင်ပြသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီး ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာတွင်  တိုင်းဒေသ ကြီး ဆိုင်ရာအချက်အလက်များနှင့် မြေအသုံးချမှု၊ သီးနှံစိုက်ဧရိယာစာရင်းနှင့် အဓိကသီးနှံ များစာရင်းဆိုင်ရာ အချက်အလက်များ၊ ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၆ ခုနှစ်အထိ သီးထပ် စွမ်းအားနှင့် သီးနှံစိုက်စွမ်းအားဆိုင်ရာ အချက်အလက်များ၊ ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၆ ခုနှစ်အထိ စပါးစိုက်ပျိုးထုတ်လုပ်မှု၊ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု၊ ပဲမျိုးစုံ စိုက်ပျိုး ထုတ်လုပ်မှုနှင့် သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိမှု၊ ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးစိုက်ပျိုးထားရှိမှုနှင့် ပြည်ပပို့ကုန်အတွက် သီးသန့်ဇုန်သတ်မှတ်စိုက်ပျိုး ထားရှိမှု၊ ဆီထွက်သီးနှံ နှင့် ကော်ဖီသီးနှံ စိုက်ပျိုးထားရှိမှု၊ ရေလှောင်တမံများ၌ ရေသို လှောင်ထားနိုင်မှုနှင့် စိုက်ပျိုးရေလုံလောက်စွာ ရရှိရေးဆောင်ရွက်ထားရှိမှု၊ မိုးစပါးစိုက် ဧကများ ပန်းတိုင် အထွက်ရရှိရေး၊ ရေတော်မိုးတော်စိုက်ပျိုးနိုင်ရေးနှင့် သီးထပ်များ စိုက်ပျိုးနိုင်ရေးအတွက် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ရေကြီးရေလျှံလျော့ပါးရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့မှု၊ မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အားပေး ဆောင်ရွက်လျက် ရှိမှုနှင့် ပြည်တွင်း၊ ပြည်ပဈေးကွက်ရရှိရေး စီမံဆောင်ရွက်ပေးနိုင်မှု၊ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သင်တန်းများ ဖွင့်လှစ်သင်ကြားပေးနိုင်မှု၊တောင်ငူအထူးဖွံ့ဖြိုးရေးဒေသအတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်သွားနိုင်ရေး စီမံဆောင်ရွက်ပေးလျက်ရှိမှု တို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

နိုင်ငံ၏ GDP တိုးတက်မှုရှိစေရေး တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် GDP များ ယခုထက်ပိုမိုတိုးတက်မှုရှိအောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်လို

ယင်းနောက် နိုင်ငံတော်သမ္မတက ဆွေးနွေးမှာကြားရာတွင် ရန်ကုန်တိုင်းဒေသ ကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့သည် နိုင်ငံတော်တွင် အဓိကစီးပွားရေးအား ကောင်းသည့် တိုင်းဒေသကြီး ၆ ခုတွင်ပါဝင်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသည့် MSME ကုန်ထုတ်လုပ်ငန်းများနှင့် စက်မှုဇုန်များ၌ ကုန်ထုတ်လုပ်ငန်း များကို ဆောင်ရွက်နေကြခြင်းဖြစ်ပြီး ပြည်တွင်း၊ ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချပေးလျက်ရှိ သည်ကိုတွေ့ရှိရကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အရေအတွက်ထက် အရည်အသွေးကောင်းမွန်မြင့်မားရေးကို အဓိကထားဆောင်ရွက်သွားကြရန်လိုကြောင်း၊ ယခင်က မိမိတို့နိုင်ငံတွင် စီမံကိန်း စီးပွားရေးစနစ်ဖြင့် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး ထုတ်ကုန်ပစ္စည်းများ၌ အရည်အသွေး ပိုင်းတွင် အားနည်းချက် အချို့ရှိခဲ့ကြောင်း၊ ကုန်ဈေးနှုန်းများကြီးမြင့်ရခြင်းသည် ထုတ်လုပ်မှုနှင့် သုံးစွဲမှု မမျှတခြင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ်များ ကြီးမြင့်ခြင်းတို့ ကြောင့်ဖြစ်သဖြင့် ပြည်တွင်း၌ ထုတ်ကုန်ပစ္စည်းများကိုဖူလုံမှုရှိအောင်ထုတ်လုပ် ပေးနိုင်ရန်လိုကြောင်း၊ မိမိ၏ စီးပွားရေး မူဝါဒမှာ ပစ္စည်းချင်းတူပါကဈေးနှုန်း သက်သာရမည်၊ ဈေးနှုန်းချင်းတူပါက အရည်အသွေးပိုမို ကောင်းမွန်ရမည် ဖြစ်ကြောင်း၊စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ကုန်ထုတ် လုပ်မှု လုပ်ငန်းများဆောင်ရွက ်ကြရာတွင် ကိန်းဂဏန်းအချက်အလက်များ မှန်ကန် မှုရှိရန်နှင့် ထုတ်လုပ်မှုများ မှန်မှန်ကန်ကန်ဖြစ်ရန်လိုအပ်ကြောင်း၊ နိုင်ငံတစ်ခု၏ ဖွံ့ဖြိုးတိုးတက်မှုကို GDP ဖြင့်တိုင်းတာကြခြင်းဖြစ်သဖြင့် နိုင်ငံ၏ GDP တိုးတက် မှုရှိစေရေး တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် GDP များ ယခုထက်ပိုမိုတိုးတက် မှုရှိအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း။

နိုင်ငံရေးအရသဘောထားကွဲလွဲမှုများကို နိုင်ငံရေးနည်းလမ်းတကျဖြေရှင်းရန်လို

နိုင်ငံ့စီးပွားအားကောင်းစေရေးအတွက် စီမံဆောင်ရွက်ရာတွင် အခြေခံ ကိန်းဂဏန်းအချက်အလက်များ မှန်ကန်မှုရှိရေးသည်အဓိကကျသည့်အတွက် တိုင်း ဒေသကြီးနှင့် ပြည်နယ်များအလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြ သည့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာကုန်ထုတ်လုပ်မှု အခြေခံကိန်းဂဏန်းများ မှန်ကန်မှု ရှိစေရေးစနစ်တကျစိစစ်တင်ပြသွားကြရန်လိုကြောင်း၊ မြေပြင်အချက်အလက်များကို မှန်ကန်စွာကောက်ယူနိုင်ရေးအတွက်လည်း နယ်မြေဒေသတည်ငြိမ်အေးချမ်း မှုရှိရန် လိုကြောင်း၊ နိုင်ငံရေးအရဖြစ်ပေါ်ခဲ့သည့် သဘောထားကွဲလွဲမှုများကို နိုင်ငံရေး နည်းလမ်းတကျ ဖြေရှင်းခြင်းမပြုဘဲ လက်နက်ကိုင်အကြမ်းဖက်သည့်လမ်းစဉ်ကို ရွေး ချယ်ခဲ့ကြခြင်းကြောင့် နိုင်ငံအတွင်းရှိ အချို့နယ်မြေဒေသများ၌တည်ငြိမ်အေးချမ်းမှုရရှိ ရန်လိုအပ်နေဆဲဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ပြည်သူလူထုက ရွေးချယ်ထားသည့် ရွေးကောက်ခံအစိုးရ၏ဦးဆောင်မှုနှင့်အတူ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေပြီဖြစ်သဖြင့် နိုင်ငံရေးအရသဘောထားကွဲလွဲမှုများကို ဒီမိုကရေစီ နည်းလမ်းတကျဖြေရှင်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ လက်နက်ကိုင် အကြမ်း ဖက် သည့်နည်းလမ်းဖြင့် ဖြေရှင်းနေကြခြင်းသည် ဖြေရှင်းနည်းအစစ်အမှန်မဟုတ်ဘဲ ၎င်းတို့ ကျင်လည်ရာ ဒေသနှင့်ဒေသခံတို့၏ အကျိုးစီးပွားကိုဖျက်ဆီး နေကြခြင်း ပင်ဖြစ်ပြီး တစ်နည်းအားဖြင့် ဒေသနှင့်နိုင်ငံတော်၏ အနာဂတ်ကို နှောင့်ယှက် ဖျက်ဆီးနေကြ ခြင်းပင်ဖြစ်ကြောင်း။

ပညာရေးအားနည်းချက်များပြုပြင်နိုင်ရေး အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်

မိမိတို့နိုင်ငံတွင် ခေတ်အဆက်ဆက် ပညာရေးအားနည်းချက်များရှိခဲ့သည်ကို အချက်အလက်များအရတွေ့မြင်ရမည်ဖြစ်ကြောင်း၊ ပညာရေးအားနည်းချက်၏ နောက် ဆက်တွဲအနေဖြင့် စဉ်းစားတွေးခေါ်မျှော်မြင်နိုင်စွမ်းနှင့် အကောင်းအဆိုး၊ အကြောင်း အကျိုးကို ဝေဖန်ပိုင်းခြားဆုံးဖြတ်နိုင်စွမ်းများ အားနည်းခဲ့ကြကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများဖြစ်ပေါ်လာချိန်တွင် နိုင်ငံတော် တည် ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မလိုလားကြသည့် ပြည်ပအဖွဲ့အစည်း များနှင့် လူပုဂ္ဂိုလ်များ၏ သွေးထိုးလှုံ့ဆော်မှုများကို နားယောင်ကာ ဆူပူအကြမ်းဖက် သည့်လမ်းကြောင်းပေါ်သို့ ပညာရေးအားနည်းသူအများစု ရောက်ရှိသွားကြကြောင်း၊ နိုင်ငံအတွင်း၌ စုစည်းညီညွတ်မှုနှင့် စည်းလုံးမှုရှိမှသာ ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်တွင်ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများ၊ အရေး အခင်းများကို ပြန်လည်သုံးသပ်ကြည့်မည်ဆိုပါကလည်း ပညာရေးအရအားနည်းချက် များရှိခဲ့ခြင်း၊ နိုင်ငံရေးအရ ထွက်ပေါက်မရှိခြင်းနှင့် စီးပွားရေးကျဆင်းခြင်းတို့ကြောင့် ဖြစ်သည်ကို သုံးသပ်တွေ့မြင်ရမည်ဖြစ်ကြောင်း။

ခေတ်အဆက်ဆက်နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ကြသည့် အစိုးရများ အနေဖြင့်လည်း နိုင်ငံတော်၏ပညာရေးအားနည်းချက်များကို ပြုပြင်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသော်လည်း နိုင်ငံတော်၏ ပညာရေးတွင် အားနည်းချက်များ ရှိနေဆဲ ဖြစ်သည်ကိုတွေ့မြင်ရမည်ဖြစ်ပြီး ပညာရေးအားနည်းမှုတွင် ပညာသင်ကြားရာ၌ အမှန်တကယ်ပညာတတ်မြောက်ရေးထက် အတန်းတက်ရေးကိုသာ ဦးစားပေး ဆောင် ရွက်ခဲ့မှုများကြောင့်လည်း ပါဝင်ကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံတော်တာဝန်ယူခဲ့ ရသည့် ၂၀၂၁ ခုနှစ်မှစတင်၍ အခြေခံပညာနှင့် အဆင့်မြင့်ပညာရေးတို့တွင် ပညာရည် မြင့်မားရေးကို ဦးစားပေးဆောင်ရွက်ခဲ့ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအား သက်ဆိုင်ရာအတန်းနှင့် ဘာသာရပ်များအလိုက် သင်ကြားပေးသည့် ပညာရပ်များကို အမှန်တကယ် တတ်မြောက်စေရေး သင်ကြားပေးကြရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက် ပေးနိုင်မှသာလျင် အနာဂတ်နိုင်ငံတော်အတွက် အမှန်တကယ် ပညာတတ်ကျွမ်းသည့် လူသားအရင်းအမြစ်ကောင်းများကို မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း၊ ကျောင်းပညာ ရေးကိုသင်ကြားပေးရုံသာမက ကျန်းမာကြံ့ခိုင်မှုရှိစေရေး ကာယအချိန်များတွင် အား ကစားနှင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်းနှင့် ပြင်ပဗဟုသုတ များ ရရှိစေရေး၊ အခြားလူမှုဆက်ဆံရေးနှင့် ပြည်သူ့နီတိများကိုလည်း သိရှိနားလည် စေရေး သင်ကြားလေ့ကျင့်ပေးခြင်းများကို ဆောင်ရွက်ပေးသွားကြရမည်ဖြစ်ကြောင်း၊ အဓိက အားဖြင့် ကျောင်းနေအရွယ်ကလေးငယ်များကို ငယ်ရွယ်စဉ်မှစ၍ အသိပညာ၊ အတတ် ပညာများရရှိအောင် ဆောင်ရွက်ပေးနိုင်ခြင်းအားဖြင့် ၎င်းတို့ဘဝတိုးတက်ရေး အတွက် များစွာအထောက်အကူဖြစ်စေမည်ဖြစ်သကဲ့သို့ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး၊ တရား ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကိုလည်း များစွာ အထောက်အကူပြု စေမည်ဖြစ်ကြောင်း၊ အသိပညာအတတ်ပညာပြည့်စုံပြီး အတွေးအခေါ်မှန်ကန် ကောင်း မွန်သည့် လူငယ်များကို မွေးထုတ်ပေးနိုင်မှသာလျင် နိုင်ငံ၏ အနာဂတ် သည်လည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ပညာရေးအရအား နည်းချက်များကို မြင်အောင်ကြည့်၍ အားလုံးက ဝိုင်းဝန်းပြုပြင် ထိန်းသိမ်းဆောင်ရွက် သွားကြရန်လိုကြောင်း၊ နိုင်ငံအတွက် လိုအပ်သည့်လူသား အရင်းအမြစ်ကောင်း များကို မွေးထုတ်ပေးနိုင်ရေး တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် အစိုးရ အဖွဲ့ဝင်များက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ကျောင်းသား ကျောင်းသူများအတွက် လိုအပ်သည့် သင်ကြားမှုသင်ယူမှုဆိုင်ရာ အထောက်အကူ ပြုပစ္စည်းများ ပြည့်စုံကောင်းမွန်မှုရှိစေရေးနှင့် ပတ်ဝန်းကျင်ကောင်းများကို ဖန်တီး ပေးနိုင်ရေး အတွက် လည်း ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း။

ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍမြင့်မားစေရေး

ပညာရေးနှင့် ဆက်စပ်၍ ကျန်းမာရေးကဏ္ဍတွင်လည်း နိုင်ငံသားတိုင်း ကျန်းမာ ကြံ့ခိုင်မှုရှိစေရေးနှင့် သက်တမ်းစေ့နေနိုင်ရေးအတွက်လည်း အစိုးရတစ်ရပ်အနေဖြင့် စီမံဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် “ဆေးရုံရှိပါက ဆရာဝန်ရှိရမည်၊ လူ့အသက်ထက်အရေးကြီးတာ ဘာမှမရှိ စသည့် မူဝါဒများချမှတ်၍ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍမြင့်မားစေရေး အလေးထားဆောင်ရွက်စေလျက်ရှိ ကြောင်း၊ နိုင်ငံတစ်ဝန်းရှိ ဆေးပေးခန်းများ၊ ဆေးရုံ၊ ဆေးခန်းများ၌ ကျန်းမာရေးဝန် ထမ်းများ အလုံအလောက်ခန့်ထားပေးနိုင်ရေးအတွက်လည်း နိုင်ငံတော်မှ စဉ်ဆက် မပြတ်မွေးထုတ်ပေးလျက်ရှိကြောင်း၊ ကျောင်းကျန်းမာရေးနှင့် ပတ်သက်၍လည်း ကျောင်းနေအရွယ်ကလေးငယ်များ ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိများ ရရှိ အောင် တိုင်း၊ ခရိုင်၊ မြို့နယ်၊ ကျေးလက် ကျန်းမာရေးဌာနများရှိ ကျန်းမာရေး ဝန်ထမ်းများမှ အချိန်အခါအလိုက်၊ အသက်အရွယ်အလိုက် ကျန်းမာရေးစစ်ဆေးပေး ခြင်း၊ အာဟာရပြည့်ဝစွာစားသုံးကြရေး အသိပညာပေးခြင်းများကို ထိထိရောက် ရောက် ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ကျောင်းပတ်ဝန်းကျင် တစ်ဝိုက်ကျန်းမာ ရေးနှင့် ညီညွတ်မျှတသည့် ပတ်ဝန်းကျင်ဖြစ်စေရေး၊ အစားအသောက်နှင့် သောက်သုံးရေများ သန့်ရှင်းမှုရှိစေရေးအတွက်လည်း စီမံဆောင်ရွက်ပေးသွားရမည် ဖြစ်ကြောင်း။    

ကလေးငယ်များ ကျန်းမာကြံ့ခိုင်ဖွံ့ဖြိုးသည့် ခန္ဓာကိုယ်ရရှိစေရေးအတွက်လည်း အာဟာရပြည့်ဝသည့် အစားအစာများ ကျွေးမွေးနိုင်ရန်လိုကြောင်း၊ ခန္ဓာကိုယ်ဖွံ့ဖြိုးမှု အားနည်းခြင်းကြောင့် အားကစားကဏ္ဍတွင်လည်းအားနည်းနေခြင်းဖြစ်ကြောင်း၊ တိုင်း ဒေသကြီးနှင့်ပြည်နယ်များအလိုက် ကျောင်းသားအားကစားပြိုင်ပွဲများ ကျင်းပ ပြုလုပ် ပေးရန်လည်းလိုကြောင်း၊  အခြေခံပညာကျောင်းများကို သတ်မှတ်ထားသည့် စံချိန် စံညွှန်းနှင့်ကိုက်ညီသော စံကိုက်ဖြစ်သည့်ကျောင်းများဖြစ်အောင်အတတ်နိုင် ဆုံးဆောင် ရွက်ပေးသွားရန်လိုကြောင်း၊ ပြည်သူများကိုယ်လက်လှုပ်ရှား အားကစား ပြုလုပ်ခြင်းနှင့် အပန်းဖြေခြင်းများဆောင်ရွက်နိုင်ရန်အတွက် အပန်းဖြေနေရာများနှင့် ပန်းခြံများ တည်ဆောက်ပေးသွားရန်လည်းလိုကြောင်း၊ မိမိတို့အနေဖြင့် ပြည်သူများ၏ လူမှုစီးပွား ဘဝများဖွံ့ဖြိုးတိုးတက်ရေး ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်သွား ကြရန်လို ကြောင်း။

မြေအသုံးချမှုများအား စနစ်တကျဖြင့် အကျိုးရှိရှိဆောင်ရွက်သွားကြရန်လို

နိုင်ငံအတွင်း၌ မြေအသုံးချမှုများနှင့်ပတ်သက်၍လည်း အကျိုးရှိစွာဖြင့် အသုံးချ ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အခြေခံအဆောက်အဦဖွံ့ဖြိုးတိုးတက်ရေးအတွက် ခွင့်ပြုပေးထားသည့် မြေနေရာများတွင် တည်ဆောက်ရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်သွားရန်လိုသကဲ့သို့ စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုလုပ်ငန်းများအတွက် ခွင့် ပြုပေးထားသည့် မြေနေရာများတွင်လည်း ခွင့်ပြုချက်များနှင့်အညီ စနစ်တကျဖြင့် အကျိုးရှိရှိ အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်လိုကြောင်း၊  မြို့ပြများ တည် ဆောက်ရာတွင် ကျစ်ကျစ်လျစ်လျစ်ဖြင့် စနစ်တကျတွက်ချက်၍ အကွက်ချတည် ဆောက်သွားကြရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် လမ်း၊ မီးနှင့် ရေ များကို စနစ်တကျဆောင်ရွက်နိုင်မည်ဖြစ်သကဲ့သို့ အုပ်ချုပ်မှုကိစ္စရပ်များကိုလည်း လွယ်ကူစွာ ဖြင့်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အလားတူ မြို့ပြများ တိုးချဲ့တည်းဆောက်ခြင်း၊ လမ်းများတိုးချဲ့ခြင်းတို့ကို ဆောင်ရွက်ရာတွင်လည်း စနစ်တကျတွက်ချက်၍ မြေကို အကျိုးရှိရှိ အသုံးချသွားကြရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းမရှိပါက ပြန်လည် ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရနိုင်ပြီး နိုင်ငံ့ဘဏ္ဍာငွေများကို ပိုမိုသုံးစွဲကုန်ကျ ရမည်ဖြစ်သဖြင့် နိုင်ငံတော်အတွက်နစ်နာဆုံးရှုံးမှုမရှိစေရေး ရေရှည်အတွက် စဉ်းစား တွက်ချက်ပြီးမှသာ တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားရန်လိုကြောင်း၊ စက်မှုဇုန်များနှင့်ပတ်သက်၍ ဆောင်ရွက်ရန်ကျန်ရှိသည့်မြေနေရာများတွင်လည်း စနစ် တကျ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်လိုကြောင်း။

ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူး တိုင်းဒေသကြီးတို့တွင် ကမ္ဘာလှည့်ခရီးသွားများ လာရောက်လည်ပတ်လိုသည့် သမိုင်း ဝင်တန်ခိုးကြီး ဘုရား၊ ပုထိုးစေတီများ၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် အဆောက်အဦများနှင့် သာယာလှပသည့် ပတ်ဝန်းကျင်ကောင်းများစွာရှိကြကြောင်း၊ မိမိနိုင်ငံတော်တာဝန်ထမ်းဆောင်ချိန်တွင် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များနှင့် အဆောက်အဦများကို ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး အဆိုပါရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်နေရာများသည် နိုင်ငံတော်၏ သမိုင်း ကြောင်းအစဉ်အလာကြီးမားမှုနှင့် ယဉ်ကျေးမှုစရိုက်လက္ခဏာမြင့်မားမှုတို့ကို ဖော် ညွှန်းနေခြင်းဖြစ်သဖြင့် ပြည်တွင်း၊ ပြည်ပမှ ခရီးသွားများစွာကိုလည်း ဆွဲဆောင်နိုင် မည်ဖြစ်ကြောင်း၊ ခရီးသွားများဝင်ရောက်ခြင်းဖြင့် ၎င်းတို့၏စားသောက်နေထိုင်သွား လာရေးများကို ဝန်ဆောင်မှုပေးနိုင်ခြင်း၊ ဒေသထွက်နှင့် အမှတ်တရလက်ဆောင် ပစ္စည်းများရောင်းချခြင်း စသည်ဖြင့် ဒေသအတွက်ဝင်ငွေများကို ရရှိစေမည်ဖြစ် ကြောင်း၊ ထို့ကြောင့် ခရီးသွားလုပ်ငန်းများတိုးတက်စေရေး မိမိတို့ဒေသအလိုက် သန့်ရှင်းသာယာလှပရေးနှင့် ဝန်ဆောင်မှုကောင်းများပေးနိုင်ရေး အားလုံးက ဝိုင်းဝန်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများစနစ်တကျဖြစ်စေရေး၊ ရေစီးရေလာကောင်းမွန် ပြီး စိမ်းလန်းစိုပြေကာ သန့်ရှင်းသာယာလှပသည့် ဒေသများဖြစ်စေရေးအတွက်လည်း စိစစ်ကြပ်မတ်ခြင်းများ၊ စီမံခန့်ခွဲပေးခြင်းများဖြင့် ဆောင်ရွက်သွားကြရန်လိုကြောင်း။

ဒေသတွင်းစားရေးဖူလုံမှုရှိစေရေး အလေးထားဆောင်ရွက်

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့် ပတ် သက်၍လည်း မိမိတို့တိုင်းဒေသကြီးအလိုက်နေထိုင်သည့် လူဦးရေအပေါ်တွင်မူတည်၍ ဒေသ၏စားရေးဖူလုံမှုရှိအောင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုတွက်ချက် ဆောင် ရွက်သွားကြရန်လိုကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း ငါးမွေးမြူခြင်းလုပ်ငန်းများကို ယခုထက်တိုးချဲ့ဆောင်ရွက်နိုင်ရမည်ဖြစ်ကြောင်း၊ အလားတူ ရန်ကုန်တိုင်းဒေသကြီး အတွင်း၌လည်း အသား၊ ငါးများ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရန် လိုကြောင်း၊ ပြည်သူများစားသောက်မှုအဆင်ပြေစေရေးသည် နိုင်ငံ့အရေးပင်ဖြစ်ပြီး မိမိတို့ဒေသအတွင်း ပြည်သူများ၏ စားသောက်မှုအဆင်ပြေစေရေး ဒေသအလိုက် တာဝန်ရှိသူများက အလေးထားဂရုပြု ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်မှလိုအပ်သည်များကို ကူညီဆောင်ရွက်ပေးမည် ဖြစ်ပြီး လက်တွေ့အကောင်အထည်ဖော်ရမည်မှာ တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရ အဖွဲ့များပင်ဖြစ်ကြောင်း။

ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့်ပတ်သက်၍လည်း မိမိတို့နိုင်ငံအနေဖြင့် နှစ်စဉ် ပြည်ပမှ စားသုံးဆီများကိုတင်သွင်းရလျက်ရှိပြီး နိုင်ငံခြားငွေများကို သုံးစွဲရလျက်ရှိ ကြောင်း၊ မိမိတို့နိုင်ငံတွင် ဆီထွက်သီးနှံများစိုက်ပျိုးဖြစ်ထွန်းလျက်ရှိသော်လည်း ပြည်တွင်း တစ်ဦးချင်းဆီစားသုံးမှုနှုန်းမှာ များပြားလျက်ရှိကြောင်း၊ ထို့ကြောင့် ဆီ စားသုံးမှုကိုလျှော့ချသွားကြရန်လိုပြီး ဆီကိုလိုအပ်သည်ထက် ပိုမိုစားသုံးမည်ဆိုပါက လူတစ်ဦးချင်းစီ၏ ကျန်းမာရေးကိုလည်းထိခိုက်စေနိုင်ကြောင်း၊ မိမိတို့၏ ကျန်းမာရေး ကိုထိခိုက်စေမည့် ဆီအလွန်အကျွံစားသုံးခြင်းများကိုရှောင်ကျဉ်သွားကြရန် လို ကြောင်း။

ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့အနေဖြင့် စီးပွားရေး အခြေခံ ကောင်းများနှင့် စိုက်ပျိုးမွေးမြူရေးရေခံမြေခံကောင်းများကို ပိုင်ဆိုင်ထားရှိပြီးဖြစ် သဖြင့် ဒေသနှင့်နိုင်ငံ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်း လိုကြောင်း မှာကြားသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)