ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်    (၇၉) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်ဂါရဝပြု နေပြည်တော် ဇူလိုင် ၁၉

Monday, July 20, 2026 - 05:00

၂၀၂၆ ခုနှစ်၊ (၇၉) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ဂါရဝပြု သည်။

အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ (၇၉) နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဟိုတယ်ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာ ချောချောစိန်၊ ဦးထိန်လင်း၊ ဦးကိုကိုလွင်၊ ဦးခင်မောင်စိုး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး ချုပ် ဦးအောင်နိုင်သူ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ အခမ်းအနား ကျင်းပရေးလုပ်ငန်းကော်မတီဝင်များ၊ ဆပ်ကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်သမ္မတသည် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင် များနှင့် ဖိတ်ကြားထားသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်သည်။ ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ (၇၉) နှစ်မြောက် အာဇာနည် နေ့အခမ်းအနားကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဟိုတယ်ခရီးသွားလာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် တို့နှင့်အတူ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်၌ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ လွမ်းသူ့ပန်းခွေကိုချ၍ အလေးပြုကြသည်။

ထိုအချိန်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တိုင်ဝက်သို့လျှော့ချလွှင့်ထူ၍ ဂုဏ်ပြုတပ်ဖွဲ့ဝင်များက သေနတ် မြှောက်၍လည်းကောင်း၊ စစ်ခရာအဖွဲ့က ကျဆုံးရဲဘော် အလေးပြုခရာမှုတ်၍ လည်းကောင်း အလေးပြုကြပြီး နှစ်မိနစ်ငြိမ်သက်စွာ မေတ္တာပို့သအမျှပေးဝေ ကြသည်။

ယင်းနောက် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များ၊ ကိုယ်စား လှယ်များက အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချ ဂါရဝပြု ကြပြီး မေတ္တာပို့သအမျှပေးဝေကြသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံရုံးအကြီးအကဲများနှင့် သံရုံးယာယီတာဝန်ခံများက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင် ကြီးများ၏ အထိမ်းအမှတ်ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချ အလေးပြုကြသည်။

ထို့နောက် မြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ်၊ မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန် အသင်းချုပ်၊ မြန်မာနိုင်ငံ ပိုးကရင်နှစ်ခြင်း ခရစ်ယာန်အသင်းချုပ်၊ အရှိုနှစ်ခြင်းခရစ် ယာန်အသင်းချုပ်၊ မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၊ ခရစ်ယာန်ကလျာဏယုဝအသင်း၊ မြန်မာနိုင်ငံဆရာဝန်များ အသင်း၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ မြန်မာနိုင်ငံဟိန္ဒူအဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၊ မြန်မာနိုင်ငံဗိသုကာကောင်စီ၊ ဖွံ့ဖြိုးတိုးတက်ရေးအကျိုးပြု အသင်း၊ လေးကျွန်းသူဖောင်ဒေးရှင်း၊ မြန်မာနိုင်ငံသဘင်အစည်းအရုံးဗဟို၊ မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံစာရေးဆရာအသင်း၊ မြန်မာနိုင်ငံဂီတ အစည်းအရုံး၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ ဖူးလ်ဂေါ်စပယ်အသင်းတော်အဖွဲ့ချုပ်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစ္စလာမ်သာသနာရေးရာ ကောင်စီဌာနချုပ်၊ သနန္တနဓမ္မပါလက(ဟိန္ဒူ)အဖွဲ့ချုပ်၊ မြန်မာနိုင်ငံရိုးရာ ပန်းပညာရှင်များအစည်းအရုံး၊ မြန်မာ့မွတ်စလင် အမျိုးသားရေးအဖွဲ့ဌာနချုပ်၊ မြန်မာ့မွတ်စလင်လူငယ်များအဖွဲ့ ဌာနချုပ်၊ မြန်မာ့မွတ်စလင်သာသနာ့ပညာရှင်များအဖွဲ့ချုပ်၊ စားသုံးသူသမဂ္ဂ၊ မြန်မာ နိုင်ငံတော်ကတ်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအသင်း(ဗဟို)၊ မြန်မာ-အိန္ဒိယ အပြည်ပြည် ဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်များအသင်းချုပ်၊ ရှင်သန်ရေးကူညီမှုအသင်း၊ အိုလမာ အစ္စလာမ်သာသနာ့ ပညာရှင်များအဖွဲ့ချုပ် အပါအဝင် လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ၏ အထိမ်းအမှတ်ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချ အလေးပြုကြသည်။

ယင်းနောက် (၇၉) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက် ဂါရဝပြုကြသည့် ရဟန်းရှင်လူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အများပြည်သူ များက စနစ်တကျတန်းစီ၍ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားကို အောက်မေ့အမှတ်ရသောအားဖြင့် ဂါရဝပြုကြသည်။

၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက် အာဇာနည်နေ့တွင် ဝမ်းနည်းခြင်းအထိမ်းအမှတ် အနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို နိုင်ငံတစ်ဝန်းလုံးတိုင်ဝက် လွှင့်ထူခဲ့ကြပြီး အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးခဲ့သည့် နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန်တွင် မြန်မာအသံနှင့်ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြားတို့က ဥဩဆွဲ အချက်ပေးခဲ့သည်။

ယနေ့တွင် အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၊ ဝန်ကြီးများရုံး (အတွင်းဝန်ရုံး) များသို့လည်း အများပြည်သူများက လာရောက်ဂါရဝပြုလေ့လာခဲ့ကြ ကြောင်း သတင်းရရှိသည်။( သတင်းစဉ်)