ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး အတွင်း စိုက်ပျိုးမွေးမြူရေးဇုန်များ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုအခြေအနေ များကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ကျောက်တန်းမြို့နယ်၊ ရန်ကုန်မြစ် နှင့် မှော်ဝန်းချောင်းကြားနေရာရှိ သီလဝါ ဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်သို့ ရောက်ရှိကြ ရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် သီလဝါဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန် ရှင်းလင်းဆောင်ခန်းမတွင် နိုင်ငံတော် သမ္မတအား မြန်မာစီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဇော်မျိုးတင် နှင့်တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သီလဝါဘက်စုံ စိုက်ပျိုး မွေးမြူရေးဇုန်၊ ရွှေပြည်စိုက်ပျိုးမွေးမြူရေးဇုန်(မှော်ဘီ)၊ (၂၆)မိုင် ဘက်စုံ စိုက်ပျိုး မွေးမြူရေးဇုန် တို့သို့ နိုင်ငံတော်အကြီးအကဲ ရောက်ရှိစစ်ဆေးစဉ် လမ်းညွှန်မှာကြားချက် များအား အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု၊ ဇုန်များအလိုက် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှုနှင့် လုပ်ငန်း လည်ပတ်နေမှု၊ ငါး၊ ဥစားဘဲ၊ ဥစား ကြက်၊ အသားတိုးဝက်၊ အသားတိုးကြက်၊ နို့စား နွား၊ အသားစားနွား စသည့်မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အထွက်နှုန်းတိုးတက်မြင့်မားစေရေး၊ မျိုးကောင်းမျိုးသန့်များ ရွေးချယ်မွေးမြူခြင်း၊ ခေတ်မီ နည်းစနစ်နှင့် စက်ကိရိယာများ သုတေသနပြုအသုံးချ မွေးမြူခြင်း၊ သားဖောက် မွေးမြူခြင်းနှင့် မွေးမြူရေးအစာအရည်သွေး ပြည့်စုံကောင်း မွန်မှုရှိစေရေးစီမံ ဆောင်ရွက် လျက်ရှိမှု၊ ထွက်ရှိလာသည့် စိုက်ပျိုးမွေးမြူရေး ထွက်ကုန် များကို ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးလျက်ရှိမှု၊ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများဖြင့် Bio-Gas ထုတ်လုပ်နိုင်ရေးနှင့် သဘာဝမြေဩဇာထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ မွေးမြူရေးဇုန်များ၌ အစာစပ် လုပ်ငန်းနှင့် အစာတောင့်စက်များထုတ်လုပ်လျက်ရှိမှု၊ အစေ့ ထုတ်ပြောင်း စပ်မျိုး (Hybrid) စိုက်ပျိုးထုတ်လုပ်လျက်ရှိမှု၊ အရိပ်ရလေကာပင်များ စိုက်ပျိုးပြီးစီးမှု၊ ရော်ဘာ စိုက်ပျိုးရေး စီမံကိန်းအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ နှစ်ရှည်သီးနှံပင်များ၊ ရာသီသီးနှံပင် များစိုက်ပျိုးထားရှိမှုနှင့် ဇုန်များအလိုက် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ် များနှင့် ပတ်သက်၍လည်းကောင်း၊ မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ဇော်ဟိန်း က ငါးမွေးမြူရေးလုပ်ငန်း(မအူပင်)၊ ငါးမွေးမြူ ရေးလုပ်ငန်း (ရွှေမုယင်း)တို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ တန်(၅၀၀)အအေးခန်း စက်ရုံ(လှိုင်သာယာ)၏ အချက်အလက်များနှင့် လုပ်ငန်းဆောင်ရွက် နိုင်မှုတို့ကိုလည်း ကောင်း ရှင်းလင်း တင်ပြကြသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးဆိုင်ရာ အချက်အလက်များ၊ မြေအသုံးချမှုနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထား ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတ က ရန်ကုန်ဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေးဇုန်များ အကောင်အထည်ဖော်ဆောင်ရွက်စေခြင်းသည် ဒေသတွင်း အသား၊ ငါး၊ ဥအမျိုးမျိုးနှင့် ရာသီသီးနှံများဖူလုံမှုရှိစေရန် ရည်ရွယ်ဆောင်ရွက်စေခြင်း ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူဦးရေ ၇ သန်းကျော် ၈ သန်းခန့်၏ နေ့စဉ် အသား၊ ငါး၊ ဥ အမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက်လိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရေး၊ ဈေးနှုန်းသက်သာစွာဖြင့် ပြည့်ပြည့်ဝဝ ဝယ်ယူစားသုံးနိုင်ရေးအတွက် မိမိ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်စဉ်ကတည်းကပင် စဉ်းစား ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ မြန်မာ့စီးပွားရေးဦးပိုင်အများ နှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်တို့ကို တာဝန်များခွဲဝေကာ အကောင်အထည်ဖော်ဆောင်ရွက်စေခဲ့ခြင်း ဖြစ်ကြောင်း။
သီလဝါ စိုက်ပျိုးမွေးမြူရေးဇုန်မှ ထွက်ရှိသည့် အသားငါးများသည် တပ်မတော် တပ်ရင်း၊တပ်ဖွဲ့များနှင့် သီလဝါစက်မှုဇုန်တို့၏စားရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေလျက်ရှိကြောင်း၊ အလားတူ ငါးမွေးမြူရေးလုပ်ငန်း(ရွှေမုယင်း) မှ ထွက်ရှိ သည့်ငါးများ၊ ရွှေပြည်စိုက်ပျိုးမွေးမြူရေးဇုန်(မှော်ဘီ)မှထွက်ရှိသည့် ဝက်သား၊ ကြက်ဥနှင့် ကြက်သားများ၊ (၂၆) မိုင် ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံမှထွက်ရှိသည့် အသား၊ နို့နှင့်နို့ထွက် ပစ္စည်းများသည်လည်း ရန်ကုန်တိုင်းဒေသကြီး၏ စားရေးကို များစွာ အထောက်အကူ ဖြစ်စေနိုင်မည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း မွေးမြူရေးဇုံများ အကောင်အထည်ဖော်ဆောင်ရွက်နေကြကြောင်း၊ ဥစား ကြက်၊ ဘဲ မွေးမြူရေးနှင့်ပတ်သက်၍ ဥထွက်ရှိမှု ပမာဏ၊ ဥသည့်အချိန်ကာလတို့ကို စနစ်တကျ တွက်ချက်ချိန်ညှိ၍ အသုတ်လိုက် မွေးမြူသည့်စနစ်ဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက် ကြရမည်ဖြစ်ပြီး အထွက်နှုန်းတိုးမြင့်လာစေမည့် မွေးမြူရေးနည်းလမ်း များကိုလည်း ဆက်လက်လေ့လာ ဆောင်ရွက်သွားကြရန်လိုကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း မိရိုးဖလာသမားရိုးကျ နည်းလမ်းများဖြင့် မွေးမြူခြင်းထက် ခေတ်မီ နည်းစနစ်များ အသုံးပြုစိုက်ပျိုးသည့် နည်းလမ်းများကိုအသုံးပြုဆောင်ရွက်ကြရန် လိုကြောင်း။
ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်ရုံ၊ အလုပ်ရုံများစွာရှိပြီး လူဦးရေများပြားစွာ ရှိနေခြင်းကြောင့် ဝယ်လိုအားနှင့်ရောင်းလိုအား မျှတစေရန်နှင့် အခြေခံစားကုန်များ ကုန်ဈေးနှုန်းကြီးမြင့်မှုကို ထိန်းသိမ်းနိုင်ရန်ရည်ရွယ်၍ အသား၊ ငါးနှင့် ရာသီသီးနှံများ ထုတ်လုပ်မှုကို တိုးမြှင့်ဆောင်ရွက်စေခြင်းဖြစ်သဖြင့် လုပ်ငန်းဆောင်ရွက်မှုများကို အောင်မြင်အောင် ဆက်လက်အကောင်အထည်ဖော်သွားကြရန်လိုကြောင်း၊ ဇုန်များ အလိုက် မြေအသုံးချမှုများကိုလည်း အကျိုးရှိရှိအသုံးပြုနိုင်ရန်လိုပြီး စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်သွားရန်လိုသကဲ့သို့ အထွက်နှုန်းများတိုးမြင့်လာစေရေး အတွက်လည်း စနစ်တကျဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
နိုင်ငံတော်တွင် နိုင်ငံရေးအရ တည်ငြိမ်မှုရှိသည်ဟုဆိုရာတွင် ပြည်သူလူထု၏ စားရေး အဆင်ပြေရန်၊ စီးပွားရေးအရ ပြေလည်ရန် အဓိကလိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူများ စားရေးအဆင်ပြေမှုရှိစေရေးအတွက် စိုက်ပျိုးမွေးမြူရေးဇုန် များကို ဒေသအလိုက် မဖြစ်မနေအကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ် ကြောင်း၊ အကျိုး အမြတ်ရရှိရေးသည် အဓိကမဟုတ်ဘဲ ပြည်သူလူထုအနေဖြင့် အသား၊ငါးနှင့်ရာသီ သီးနှံများကို သက်သာသောဈေးနှုန်းများဖြင့် လုံလုံလောက်လောက် ဝယ်ယူစားသောက်နိုင် စေရေးအတွက်ကိုသာ အဓိကဆောင်ရွက်ခြင်းဖြစ်သဖြင့် ယခု ထက်ပိုမိုအောင်မြင်အောင် ဆောင်ရွက်သွားကြရန်မှာကြားလိုကြောင်း၊ ရန်ကုန်မြို့သည် ယခင်က နိုင်ငံတော်၏ မြို့တော်ဖြစ်သည်နှင့်အညီ စီးပွားရေး အရအချက်အခြာ ကျသည့်မြို့၊ ဖွံ့ဖြိုးတိုးတက်သည့်မြို့၊ အသိပညာအတတ်ပညာရှင်များဖြင့် စုစည်း ကျစ်လစ်သည့်မြို့ စသည့် အခြေခံကောင်း များစွာကိုပိုင်ဆိုင်ထားသည့် မြို့ဖြစ်သဖြင့် အခြားသောမြို့များထက် ဦးဆောင်စံပြ ဖြစ်ရမည်ဖြစ်ပြီး ဒေသတွင်းစားရေးအဆင်ပြေစေရေးအတွက် ဆက်လက် အကောင်အထည် ဖော် သွားကြရန်လိုကြောင်း၊ အလားတူ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း အသား၊ ငါးနှင့် ဥများ ဖူလုံမှုရှိစေရေး ဒေသအလိုက် နေထိုင်သည့် လူဦးရေနှင့် စားသုံးမှုအပေါ်မူတည်တွက်ချက်၍ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် စနစ်တကျဖြင့် ဆောင်ရွက်သွားကြရန် လိုကြောင်း။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ရာဘာစိုက်ပျိုးမှုများသည်လည်း အောင်မြင်ဖြစ် ထွန်းလျက်ရှိသဖြင့် တန်ဖိုးမြင့်ရာဘာထုတ်ကုန်များ ထုတ်လုပ်သွားနိုင်ရန်လိုကြောင်း၊ MSME လုပ်ငန်းများနှင့်ပတ်သက်၍လည်း ရန်ကုန်တိုင်းဒေသကြီးအတွင်း လိုအပ်လျက် ရှိသည့် လယ်ယာသုံး စက်ကိရိယာများအပါအဝင် စက်ပစ္စည်းအမျိုးမျိုးကိုလည်း ထုတ်ကုန် ပစ္စည်းများအဖြစ် ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ MSME ကို အခြေခံသည့် စီးပွားရေးနှင့် စုပေါင်းလုပ်ဆောင်သည့် သမဝါယမစနစ်ကို ကျင့်သုံးဆောင်ရွက်သွားမည်ဆိုပါက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ယခုထက် ပိုမိုတိုးတက် လာစေနိုင်မည်ဖြစ်ကြောင်း မှာကြားသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတသည် မွေးမြူရေးဇုန်အတွင်း ငါးတန်၊ ငါးမြစ်ချင်း၊ ငါးမုတ် တို့အား ငါးသားဖောက်လုပ်ငန်းဆောင်ရွက်နေမှုနှင့် ငါးသားပေါက်မွေးမြူ ထားရှိမှု များကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် သီလဝါဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန် အတွင်း လှည့်လည်၍ ဘဲမွေးမြူရေးဆောင်ရွက်ထားရှိမှုနှင့် ငါးမွေးမြူရေး ဆောင်ရွက်ထားရှိမှု တို့ကို ကြည့်ရှုစစ်ဆေးပြီး မွေးမြူရေးလုပ်ငန်းများ စနစ်တကျဖြစ်စေရေးအတွက် လိုအပ် သည်များကို လမ်းညွှန်မှာကြားပြီး ရှင်းလင်းဆောင်ခန်းမအတွင်း၌ သီလဝါ ဘက်စုံ စိုက်ပျိုးမွေးမြူရေးဇုန်မှ ထွက်ရှိသည့် ကြက်ဥ၊ ဘဲဥ၊ နို့ထွက်ပစ္စည်းများ ခင်းကျင်း ပြသထားမှုများကို ကြည့်ရှု၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်းသတင်းရရှိသည်။(သတင်းစဉ်)



