ဟိမဝန္တာတောင်တန်းဒေသတွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်၊ ဒေသတွင်းနှင့် အခြားနိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ဘုံဖွံ့ဖြိုးမှုကိုမြှင့်တင်ရန် ရည်ရွယ် ၍ ကျင်းပသည့် ပဥ္စမအကြိမ်မြောက် ဟိမဝန္တာတောင်တန်းဒေသနိုင်ငံများအကြား အပြည် ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ( THE 5TH CHINA XIZANG TRANS-HIMALAYA FORUM FOR INTERNATIONAL COOPERATION) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ညင်ချီ(ခ)လင်ကျစ်မြို့ရှိ Nyingchi Rui Crown Hotel ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတဒေါ်နန်းနီနီအေး တက်ရောက် မိန့်ခွန်းပြောကြားသည်။
အခမ်းအနားသို့ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပါတီအတွင်းရေးမှူး မစ္စတာ ဝမ်ကျွန်းကျန်း ၊ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန့်ဖရင့် (CPPCC) အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ မစ္စတာ ဝမ်ကွမ်းချန်း၊ နီပေါအောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ မစ္စရူဘီကူမာရီ၊ သီရိလင်္ကာ၊ ပါကစ္စတန်၊ ကမ္ဘောဒီးယား၊ စင်္ကာပူ၊ အာဂျင်တီးနား၊ တောင်ကိုရီးယား၊ ချီလီ၊ ဘင်္ဂလားဒေ့ရှ်၊ ဆာဘီးယား၊ အီတလီ အပါအဝင် နိုင်ငံပေါင်း ၅၀ ကျော်မှ ဝန်ကြီးများ၊ အကြီးအကဲ များ၊ ကိုယ်စားလှယ်များ၊ ပညာရှင်များ၊ သက်ဆိုင်ရာ အသင်းအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ တက္ကသိုလ်များမှ ပါမောက္ခ(ငြိမ်း)များနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးသည် အခမ်းအနားသို့ တက်ရောက်လာကြသည့် နိုင်ငံများမှ အကြီးအကဲများ၊ ဝန်ကြီးများ၊ ပညာရှင်များ၊ ကိုယ်စားလှယ်များနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ထို့နောက် ပဥ္စမအကြိမ်မြောက် ဟိမဝန္တာတောင်တန်းဒေသနိုင်ငံများအကြား အပြည် ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ရှီကျန်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသပါတီ အတွင်းရေးမှူးက အဖွင့်အမှာစကားပြောကြားပြီး တရုတ် ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန့်ဖရင့် (CPPCC) အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌက ဖိုရမ် ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက ယခုဖိုရမ်သည် ကူမင်း-မွန်ထရီရယ် ကမ္ဘာလုံးဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲမူဘောင် (KMGBF)၏ ရည်မှန်းချက်ပန်းတိုင်များကို ပြည့်မီ စေရန် ပံ့ပိုးပေးမည့် ဟိမဝန္တာဒေသတစ်လျှောက် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် စင်္ကြံတစ်ရပ်ကို ဖန်တီးပေးသည့် အရေးကြီးသော အခမ်းအနားတစ်ခုဖြစ် ကြောင်း၊ မြန်မာနိုင်ငံသည် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပညာရှင်အသိုင်းအဝိုင်းများနှင့် လည်း ပူးပေါင်းဆောင်ရွက်မှုများကို နှစ်ပေါင်းများစွာ မြှင့်တင်ခဲ့ကြောင်း၊ ထူးခြား ထင်ရှားသည့် ပူးပေါင်း ဆောင်ရွက်မှု စီမံကိန်းတစ်ခုမှာ မြန်မာနိုင်ငံ သစ်တောဦးစီးဌာနနှင့် တရုတ်သိပ္ပံ အကယ်ဒမီတို့အကြား ဆောင်ရွက်ခဲ့သည့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး စီမံကိန်းဖြစ်ကြောင်း၊ နှစ်ဖက်စလုံးမှ သုတေသီများနှင့် သိပ္ပံပညာရှင်များသည် ဇီဝမျိုးစုံမျိုးကွဲ များဆိုင်ရာ ပူးတွဲ သုတေသနလုပ်ငန်းများကို အထူးသဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းတွင် အထူးအလေးထား ဆောင်ရွက်ခဲ့ကြပြီး အပင်၊ ငါး၊ ပင့်ကူနှင့် ပုစွန် မျိုးစိတ်သစ် အမြောက်အမြားကို ရှာဖွေတွေ့ရှိခဲ့ကြကြောင်း။
မြန်မာနိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့်အတူ တောင်တန်းဒေသ ဖွံ့ဖြိုးတိုး တက်ရေး နိုင်ငံတကာဗဟိုဌာန (ICIMOD)၏ တည်ထောင်သူ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံသည် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက် ရန်နှင့် ပြည်သူများ၏ လူနေမှုဘဝသာယာဝပြောရေးကို မြှင့်တင်ရန်အတွက် အထောက် အထား အခြေပြုဆုံးဖြတ်ချက်ချမှတ်ရာတွင် အခြေခံအဖြစ်အသုံးပြုနိုင်ရန် ဟိမဝန္တာဒေသရှိ အဖွဲ့ဝင် နိုင်ငံများနှင့်အတူ လူမှုရေး၊ စီးပွားရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဖွံ့ဖြိုးတိုတက်မှု အတွက် အရေးကြီးသော သိပ္ပံနည်းကျသုတေသနလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း။
နိုင်ငံတော်၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြန်မာနိုင်ငံအနေဖြင့် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုနှင့် အစိမ်းရောင်စီးပွားရေးဆိုင်ရာမူဝါဒများ၊ မူဘောင်များနှင့် မဟာဗျူဟာများကို အကောင်အထည်ဖော်ရန် အထူးအလေးထားဆောင်ရွက်လျက်ရှိ ကြောင်း၊ ယင်းကို ကျယ်ပြန့်သောကဏ္ဍစုံချဉ်းကပ်မှုနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်မှုတို့မှ တစ်ဆင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် သဘာဝ အခြေခံသော ချဉ်းကပ်မှုများဖြင့် မူဝါဒများမှသည် ဟိမဝန္တာဒေသတစ်လျှောက် ဇီဝမျိုးစုံ မျိုးကွဲများ ဆုံးရှုံးရခြင်း၏ အဓိကအကြောင်းရင်းများကို ဖြေရှင်းပေးနိုင်မည့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းခြင်း၊ ပြန်လည်ထူထောင်ခြင်းနှင့် ရေရှည်တည်တံ့စွာ အသုံးချခြင်းတို့တွင် ရင်းနှီးမြှုပ်နှံများ တိုးမြှင့်ရန်အတွက် ပြည်သူအားလုံးပါဝင်ပြီး ထိရောက်သော လက်တွေ့လုပ်ဆောင်ချက်များဆီသို့ ကူးပြောင်းဖော်ဆောင်သွားရန် တိုက်တွန်းလိုကြောင်း။
နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများနှင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုများမှရရှိ လာမည့် အပြန်အလှန်အကျိုးကျေးဇူးများကို အသိအမှတ်ပြုလျက် မြန်မာနိုင်ငံသည် ဟိမဝန္တာ တောင်တန်းဒေသဖြတ်ကျော်နိုင်ငံများနှင့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း ( Belt and Road Initiative) အတွင်း အကောင်အထည်ဖော်မည့် စီမံကိန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်မှုကို မြှင့်တင်သွားရန် ရည်မှန်းထားပါကြောင်း၊ ယခုဖိုရမ်သည် လူသားမျိုးနွယ်များနှင့် သဘာဝပတ်ဝန်းကျင်အကြား သဟဇာတဖြစ်မှု ခိုင်မာသေချာစေ လျက် ဟိမဝန္တာဒေသတစ်လျှောက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးလိမ့် မည်ဟု အခိုင်အမာယုံကြည်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသည့် နိုင်ငံများမှ အောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ဝန်ကြီးများ၊ အကြီးအကဲများ၊ ပညာရှင်များနှင့် အသင်း အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက အမှာစကားများ ပြောကြားကြပြီး ဖွင့်ပွဲ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ယခုဖိုရမ်ကို ကျင်းပခြင်းအားဖြင့် ဟိမဝန္တာတောင်တန်းဒေသတွင် နိုင်ငံတကာပူး ပေါင်းဆောင်ရွက်မှုအဆင့်ကို မြှင့်တင်ပြီး နိုင်ငံများအကြား ပူးတွဲပါဝင်ဆောင်ရွက်မှုကို အပြန် အလှန်ဖြစ်ထွန်းစေမှုတို့မှတစ်ဆင့် အတူတကွ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ရလဒ်များကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်းသိရသည်။ (သတင်းစဉ်)