ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးသည် ဒုတိယ ဝန်ကြီးများဖြစ်ကြသည့် ဒေါ်စန်းစန်းနွယ်၊ ဒေါက်တာသန့်ဇော်လွင်၊ တိုင်းဒေသကြီးဝန်ကြီး များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသက် ငယ်သင်တန်းကျောင်း၊ မသန်စွမ်းကလေးများပြုစုစောင့်ရှောက်ရေးဂေဟာ၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးစင်တာ၊ အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်းနှင့် အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်းတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
နံနက်ပိုင်းတွင် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးနှင့် အဖွဲ့သည် မရမ်းကုန်းမြို့နယ်ရှိ မသန်စွမ်းသက်ငယ်သင်တန်းကျောင်းသို့ ရောက်ရှိကြရာ အစည်းအဝေးခန်းမ၌ လူမှုဝန်ထမ်း ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က မသန်စွမ်းသက်ငယ်သင်တန်းကျောင်းနှင့် မသန်စွမ်း ကလေးများပြုစုစောင့်ရှောက်ရေးဂေဟာတို့၏ နောက်ခံသမိုင်း၊ ရည်ရွယ်ချက်၊ ဝန်ထမ်းအင်အား၊ ဝင်ဆံ့အင်အားနှင့် လက်ခံစောင့်ရှောက်ထားရှိမှု၊ ကျန်းမာရေးစောင့်ရှောက် မှုနှင့် ကလေးများ အသိပညာအတတ်ပညာဖွံ့ဖြိုးစေရေး လေ့ကျင့်သင်ကြားနေမှုအခြေ အနေများကို ရှင်းလင်းတင်ပြရာ ဒုတိယသမ္မတက လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး ချီးမြှင့်ငွေများပေးအပ်ရာ ဒုတိယဝန်ကြီး ဒေါက်တာ သန့်ဇော်လွင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ထို့နောက် သင်တန်းကျောင်းနှင့် ဂေဟာအတွင်းရှိ ကိုယ်လက်လှုပ်ရှား လေ့ကျင့် ခန်းများ ဆောင်ရွက်နေမှု၊ အသက်အရွယ်အပိုင်းအခြားအလိုက် စာသင်ခန်းများ၌ သင်ကြား လေ့ကျင့်နေမှု၊ မသန်စွမ်းကလေးငယ်များအား ပြုစုစောင့်ရှောက်ပေးနေမှု၊ ဂေဟာအတွင်းရှိ ကလေးများ လေ့ကျင့်ဆောင်ရွက်နေသော မေတ္တာစံအိမ် Coffee Shop၊ သင်တန်းကျောင်း အိပ်ဆောင်များနှင့် ထမင်းစားဆောင်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး မသန်စွမ်းကလေး ငယ်များကို ရင်းရင်းနှီးနှီးတွေ့ဆုံ၍ နှုတ်ဆက်အားပေးကာ အသက်အရွယ်နှင့်မသန်စွမ်းမှု အမျိုးအစားအလိုက် သင့်လျော်သည့် သင်ကြားရေးအစီအစဉ်များကို စနစ်တကျ အကောင် အထည်ဖော်ဆောင်ရွက်ရန်၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့်အာဟာရပြည့်ဝရေး ဆောင်ရွက် ရန်၊ စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမှုနှင့် လုံခြုံဘေးကင်းသော သင်ယူမှုပတ်ဝန်း ကျင်ဖန်တီး ပေးရန်နှင့် မိဘအုပ်ထိန်းသူများနှင့်ပူးပေါင်းဆောင်ရွက်လျက် မသန်စွမ်းကလေး ငယ်များ၏ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများကို မှာကြားသည်။
မသန်စွမ်းသက်ငယ်သင်တန်းကျောင်းကို ကလေးငယ်များ အမှီအခိုကင်းစွာ လူမှုဘဝ အတွင်း ရပ်တည်နိုင်စေရေးအတွက် ၁၉၇၁ ခုနှစ် အောက်တိုဘာ ၆ ရက်တွင် စတင် ဖွင့်လှစ်ခဲ့ပြီး ယခုနှစ်တွင် အသက်အရွယ်အပိုင်းအခြားအလိုက် မသန်းစွမ်းကလေးငယ် ၂၅၀ ကို ပြုစုပျိုးထောင်သင်ကြားလေ့ကျင့်ပေးလျက်ရှိကြောင်း သိရသည်။
ထိုမှတစ်ဆင့် ကမာရွတ်မြို့နယ်ရှိ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးစင်တာသို့ ရောက် ရှိကြပြီး အစည်းအဝေးခန်းမ၌ စင်တာတာဝန်ခံက ကျောင်းတွင်းလုပ်ငန်းများနှင့် ပြင်ပလုပ်ငန်းများတွင် အလုပ်အကိုင်များ နေရာချထားပေးမှုအခြေအနေ၊ အသက်မွေးဝမ်း ကျောင်းသင်တန်းများ ဖွင့်လှစ်သင်ကြားနေမှုအခြေအနေ၊ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသည့် အခြေအနေများ၊ စင်တာ၏လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်း တင်ပြရာ ဒုတိယသမ္မတက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေး၍ ချီးမြှင့်ငွေများပေးအပ်ရာ ဒုတိယဝန်ကြီး ဒေါ်စန်းစန်းနွယ် က လက်ခံ ရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ယင်းနောက် စင်တာအတွင်းရှိ ယက္ကန်းအလုပ်ရုံနှင့် စက်ချုပ်ခန်းတို့၌ လုပ်ငန်း အဆင့်ဆင့် ဆောင်ရွက်နေမှု၊ အရောင်းဆိုင်တွင် လက်မှုချည်ထည်အသုံးဆောင်ပစ္စည်းများ ရောင်းချပေးနေမှုနှင့် စင်တာအိပ်ဆောင်များကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး နိုင်ငံတော်က ချမှတ်ထားသည့် အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေး မူဝါဒများနှင့်အညီ သက်ဆိုင်ရာအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်လျက် အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်း များကို အရှိန်အဟုန် မပျက်ဆောင်ရွက်ရန်မှာကြားကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတနှင့် အဖွဲ့သည် ဗဟန်းမြို့နယ်ရှိ အမျိုးသမီးသက်မွေး အတတ်ပညာသင်ကျောင်းသို့ ရောက်ရှိကြပြီး အဆိုပါကျောင်းရှိ အစည်းအဝေးခန်းမ၌ ကျောင်းအုပ်ကြီးက ကျောင်း၏ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း စဉ်များကို ရှင်းလင်းတင်ပြရာ ဒုတိယသမ္မတက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးပြီး ချီးမြှင့်ငွေများပေးအပ်ကာ ကျောင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဗဟန်းမြို့နယ်ရှိ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းသို့ ရောက် ရှိပြီး ကျောင်းဝင်းအတွင်း သင်ကြားပေးလျက်ရှိသည့် မိန်းမဝတ်အခြေခံ/အဆင့်မြင့် စက်ချုပ် သင်တန်း၊ အိမ်တွင်းစီမံခန့်ခွဲမှုသင်တန်း၊ ပန်းအလှပြင်သင်တန်း၊ ပလပ်စတစ်ခြင်း ထိုးသင် တန်း၊မုန့်မျိုးစုံပြုလုပ်သည့်သင်တန်းတို့၌ သင်ကြားလေ့ကျင့်နေမှုအခြေအနေနှင့် စံပြရင်သွေး အိမ်မူကြိုကျောင်းတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား သင်တန်းများကို ခေတ်နှင့်အညီ လက်တွေ့ကျွမ်းကျင်မှုကို အလေးထားသင်ကြားပေးရန်၊ အလုပ်အကိုင် ရရှိရေးနှင့် ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်း လုပ်ငန်းများထူထောင်နိုင်ရေး အတွက် သက်ဆိုင်ရာဌာနများ၊ ပုဂ္ဂလိကကဏ္ဍများနှင့် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ရန်နှင့် အမျိုးသမီးများအား အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေနိုင်သည့် ဈေးကွက်လိုအပ် ချက်နှင့်ကိုက်ညီသော သက်မွေးအတတ်ပညာများကို ထိရောက်စွာသင်ကြားပေးရန် မှာကြား သည်။(သတင်းစဉ်)