မိမိတို့နိုင်ငံသည် ဝါစိုက်ပျိုးထုတ်လုပ်ခြင်းများကို အောင်မြင်စွာဆောင်ရွက်နိုင်သည့် ရေခံမြေခံနှင့် အခြေခံကောင်းများကိုပိုင်ဆိုင်ထားရှိပြီးဖြစ်သဖြင့်  ဝါတင်ပို့ ရောင်းချသည့်နိုင်ငံအဖြစ် မလွဲမသွေတည်ဆောက်နိုင် နေပြည်တော်၊ ဇူလိုင် - ၁၃

Tuesday, July 14, 2026 - 04:15

ပြည်တွင်းဝါစိုက်ပျိုးမှု ဖွံ့ဖြိုးတိုးတက်စေ ရေး နှင့် ဝါကိုအခြေခံသည့် စက်မှု ကုန်ထုတ်လုပ်ငန်းများတိုးမြင့်လာစေရန်၊ ဝါစိုက်ပျိုးထုတ်လုပ်သည်မှ အထည်အလိပ် ထုတ်လုပ်သည်အထိ ကွင်းဆက်တစ်လျှောက်အဆင့်ဆင့် တိုးတက်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်သည့် “ဝါစိုက်ပျိုးမှုမှသည် အထည်အလိပ်စက်မှုလုပ်ငန်းဆီသို့” ဆွေးနွေး ပွဲကို ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ မြို့တော်ခန်းမ၌ ဆက် လက်ကျင်းပပြုလုပ်ရာ  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာကြ သည့်အဖွဲ့ဝင်များ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသ ကြီးတို့မှ ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဝါစိုက်တောင်သူအစုအဖွဲ့၊ ဝါမျိုးစေ့ထုတ်လုပ်သူအစုအဖွဲ့၊ ဝါစေ့ဆီထုတ်လုပ်သူအစုအဖွဲ့၊ဝါဂွမ်းထုတ်လုပ်သူအစုအဖွဲ့၊ ချည်ထုတ်လုပ်သူအစုအဖွဲ့၊ ရက္ကန်းလုပ်ငန်းအစုအဖွဲ့၊ ဂျင်ခုံလုပ်ငန်းဆောင်ရွက်သူအစုအဖွဲ့တို့အပါအဝင် ဝါလုပ်ငန်း ဆိုင်ရာအစုအဖွဲ့များမှ လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဝါလုပ်ငန်းဆိုင်ရာအစုအဖွဲ့များမှ လုပ်ငန်းရှင်များက ဆွေးနွေးပွဲရလာဒ်များအရ လိုအပ်ချက်များကို အသီးသီးတင်ပြဆွေးနွေး

ဦးစွာ ဆွေးနွေးပွဲသို့တက်ရောက်လာကြသည့် ဝါလုပ်ငန်းဆိုင်ရာ အစုအဖွဲ့များမှ ဆွေးနွေးပွဲရလာဒ်များအား တင်ပြကြရာတွင် ဝါမျိုးစေ့ထုတ်လုပ်သူအစုအဖွဲ့နှင့် ဝါစေ့ ကြိတ်ခွဲရောင်းချသူအစုအဖွဲ့များကိုယ်စား ဦးလင်းမြတ်က ဝါမျိုးစေ့များ အဆင့်အတန်း မီပြီး အရည်သွေးကောင်းဝါဂွမ်းနှင့် ချည်ထည်များ ထုတ်လုပ်နိုင်စေရန်အတွက် တစ်နိုင် တစ်ပိုင်ထုတ်လုပ်နေသည့်အစား ဌာန၊ တောင်သူ၊ လုပ်ငန်းရှင်အဖွဲ့အစည်းများ ပူးပေါင်း၍ ကန်ထရိုက်စနစ်ဖြင့် ဆောင်ရွက်သွားရန်လိုအပ်မှု၊ အရည်အသွေး ကောင်းဂွမ်းများ Grade A,B ရရှိနိုင်မည့် ပြည်ပဝါစပ်မျိုးများအား ရေတိုအနေဖြင့် တင်သွင်းရန်နှင့် ရေရှည်အနေဖြင့် မိဘမျိုးရင်းများအားတင်သွင်းပြီးပြည်တွင်း၌ ထုတ်လုပ် ဖြန့်ဖြူးသွားရန် လိုအပ်မှု၊ ဝါကြိတ်စက်လုပ်ငန်းများနှင့် ဝါစေ့ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အတွက်အတိုးနှုန်းသက်သာသည့် ချေးငွေများထုတ်ချေးပေး စေလိုမှုတို့ကိုလည်းကောင်း၊ ဝါစိုက်တောင်သူအစုအဖွဲ့မှ ဦးစိုးလှိုင်ဦးက ဝါစိုက် တောင်သူများအနေဖြင့် ပြည်တွင်းမျိုးဖြစ်သည့် ရွှေတောင်(၁၀)နှင့် ပြည်ပစပ်မျိုး များကိုအများဆုံးစိုက်ပျိုးလျက်ရှိပြီး သွင်း အားစုများဖြစ်သည့် ဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာ၊ စက်သုံးဆီ၊ စက်ငှားခတို့ကို အပြည့်အဝထည့်သွင်းနိုင်ရေးအတွက် သီးနှံပေါ်ပေးစနစ်ဖြင့် ဖြန့်ဖြူးပေးစေလိုမှု၊ စိုက်ပျိုးရေအလုံအလောက်ရရှိနိုင် ရေးအတွက် စဉ့်ကိုင်မြို့နယ်တွင် ဆိုလာရေတင်စနစ်များ ဆောင်ရွက်ပေးစေလိုမှု၊ မြစ်သားမြို့နယ်တွင် ကင်းတားရေပေးအလှည့်ကျစနစ်အား ဒီဇင်ဘာလအထိ တိုးမြှင့်ပေးစေလိုမှု၊ ပခုက္ကူမြို့နယ်တွင် မြေအောက်ရေရရှိရေး ဆောင်ရွက်ပေးစေလိုမှု၊ ဝါဈေးနှုန်းကို ဆန်စပါးကဲ့သို့ အခြေခံရည်ညွှန်းဈေးနှုန်း သတ်မှတ်ပေးစေလိုမှု တို့ကိုလည်းကောင်း၊ ဂျင်ခုံလုပ်ငန်းဆောင်ရွက်သူအစုအဖွဲ့နှင့် ဝါဂွမ်းနှင့် ချည်ထည် ထုတ်လုပ်သူအစုအဖွဲ့များ ကိုယ်စား ဦးဇေယျာညီညီထွန်း က ပြုပြင် ရန်လိုအပ်သည့် ပြည်တွင်းဝါကြိတ်စက်များအတွက် ပြည်တွင်း၌ မထုတ်လုပ်နိုင်သည့် စက်အရံပစ္စည်း များအား ပြည်ပမှာ မှာယူတင်သွင်းခွင့်ရရှိရေး ပံ့ပိုးပေးစေလိုမှု၊ ချည်မျှင် ထုတ်လုပ် သည့် နည်းပညာမြင့်ခေတ်မီစက်များ တင်သွင်းခွင့်ပြုပေးစေလိုမှု၊ ချည်မျှင် ထုတ်လုပ်ခြင်း နည်းပညာသင်တန်းများ ပို့ချပေးစေလိုမှုတို့ကိုလည်းကောင်း။

ဝါချည်နှင့် ပိတ်ရက်လုပ်သူအစုအဖွဲ့နှင့် ဝါချည်မှ ပုဆိုး၊ လုံချည်၊ တဘက်၊ စောင်၊ အိပ်ရာခင်းထုတ်လုပ်သူအစုအဖွဲ့များကိုယ်စား ဒေါ်သီရိရတနာလှိုင် က လုပ်ငန်း များဆောင်ရွက်လျက်ရှိမှုနှင့် လိုအပ်သည့်ပိတ်လိပ်များအား ဈေးကွက်လိုအပ်ချက် အတိုင်း ပြည်တွင်း၌ပင်ထုတ်လုပ်ပေးစေလိုမှု၊ ပိတ်လိပ်ကုန်ချောထုတ်လုပ်ရာတွင် အရည်အသွေးပြည့်မီသည့် ဓာတ်ဆေး၊ ဆိုးဆေးကုန်ကြမ်းများအား တင်သွင်းခွင့်ရရှိလို မှုနှင့် ခေတ်မီအဆင့်မြင့်ဆိုးဆေးစက်ရုံများ ရင်းနှီးမြှုပ်နှံဆောင်ရွက်ပေးစေလိုမှု၊ နိုင်ငံ တော်ပိုင်ဆိုးဆေးစက်ရုံများမှ ဆေးဆိုးပြီးပိတ်များအား ရောင်းချပေးစေလိုမှု၊ ထုတ် ကုန်ပစ္စည်းများအား ပြည်တွင်းဈေးကွက်ကျယ်ကျယ်ပြန့်ပြန့်ရရှိရန်နှင့် ပြည်ပဈေး ကွက်များ ချိတ်ဆက်ပေးစေလိုမှု၊ ရက္ကန်းလုပ်ငန်းသည် မြန်မာတို့၏ မိရိုးဖလာလက်မှု ပညာရပ်တစ်ခုဖြစ်သည့်အတွက် “မြန်မာနိုင်ငံအမျိုးသားရက္ကန်းနေ့” အား သတ်မှတ် ဆောင်ရွက်ပေးစေလိုမှုတို့ကိုလည်းကောင်း၊ ဖိုးပြုံးချိုအထည်ချုပ်စက်မှ ဦးနိုင်အောင်ရန် က ချည်မျှင်ထုတ်လုပ်သည့်စက်ရုံများအတွက် တည်ငြိမ်လျှပ်စစ်ဓာတ်အား ၂၄ နာရီ ရရှိရေး ဆောင်ရွက်ပေးစေလိုမှု၊ ရင်းနှီးမတည်ငွေများ ထုတ်ချေးပေးစေလိုမှုနှင့် ပြည်တွင်းထုတ် ဝါအရည်အသွေးများ တည်ငြိမ်မှုရှိစေရေး ဆောင်ရွက်ရန်လိုအပ်မှု တို့ကိုလည်းကောင်း၊ ကိန္နရီဆေးဆိုးပန်းရိုက် အထည်ချုပ်လုပ်ငန်းမှ ဦးလှမျိုး က ဝါမှ အထည်ချောအထိ ထုတ်လုပ်သည့် ကွင်းဆက်လိုအပ်ချက်အတွက် ဒေသတွင်းချည်မျှင် ထုတ်လုပ်သည့် စက်(Spinning mill)တည်ထောင်လိုမှုနှင့် လိုအပ်သည့်အခြေခံ အဆောက်အဦနှင့် နည်းပညာဆိုင်ရာ အခက်အခဲများအား နိုင်ငံတော်မှ ကူညီ ဆောင်ရွက်ပေးစေလိုမှုတို့ကိုလည်းကောင်း ဆွေးနွေးတင်ပြကြသည်။

ပြည်ထောင်စုဝန်ကြီးများက လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်းပြောကြား

ယင်းနောက်ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးမျိုးဇော်သိန်း၊ ဒေါက်တာ ချာလီသန်း တို့က “ဝါစိုက်ပျိုးမှုမှသည် အထည်အလိပ်စက်မှုလုပ်ငန်းဆီသို့” ဆွေးနွေးပွဲတွင် အစုအဖွဲ့များနှင့် ဆွေးနွေးမှုများအရ ဝါမျိုးစေ့ထုတ်လုပ်ခြင်း၊ ဝါစိုက်ပျိုး ခြင်း၊ ဝါစေ့ဆီထုတ်လုပ်ခြင်း၊ ဝါဂွမ်း၊ ချည်မျှင်နှင့်အထည်အလိပ် ထုတ်လုပ်ခြင်း စသည် ဖြင့် ကွင်းဆက်တစ်ခုလုံးတွင်ကြုံတွေ့နေရသည့် အခက်အခဲများ၊ ရင်းနှီးမြှုပ်နှံမှုလိုအပ် ချက်များအား လိုအပ်သည့်ညှိနှိုင်းဆွေးနွေးမှုများဆက်လက်ဆောင်ရွက်၍ ဖြည့်ဆည်း ဆောင်ရွက်ပေးသွားနိုင်မည့် အခြေအနေများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် ဝါလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမတည်ငွေများ၊ နည်းပညာများ၊ ပြည်တွင်း၊ ပြည်ပလေ့လာရေးသင်တန်းများ၊ စက်ပစ္စည်းနှင့် နည်းပညာများ၊ လူသားအရင်းအမြစ်များမွေးထုတ်ပေးလျက်ရှိမှုအခြေအနေများနှင့် အခြားလိုအပ်သည် များ ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများကိုလည်းကောင်း၊ ဝါနှင့် ဝါ ထွက်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌက လုပ်ငန်းဆောင်ရွက် နေမှု အခြေအနေများနှင့် ကြုံတွေ့နေရသည့်အခက်အခဲများကိုလည်းကောင်း ဖြည့်စွက် ဆွေးနွေးတင်ပြကြသည်။

ဝါစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည်များ ဆွေးနွေးမှာကြား

ထို့နောက် နိုင်ငံတော်သမ္မတက နိဂုံးချုပ်လမ်းညွှန်အမှာစကားပြောကြားရာတွင် ဝါလုပ်ငန်းဆိုင်ရာအစုအဖွဲ့များ၏ ဆွေးနွေးချက်များအရ နိုင်ငံတော်အပိုင်းမှ ဆောင် ရွက်ပေးရမည့်ကိစ္စရပ်များ၊ တောင်သူများအပိုင်းမှ လုပ်ဆောင်ရမည့်ကိစ္စရပ်များ၊ ထုတ် လုပ်သူများအပိုင်းမှ ဆောင်ရွက်ရမည့်ကိစ္စရပ်များဟူ၍ တွေ့ရှိရကြောင်း၊ အဓိကအား ဖြင့် ဝါစိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်းဖြင့် နိုင်ငံတော်၏ စီးပွားရေးကိုမြှင့်တင် ဆောင် ရွက်သွားရန်ဖြစ်ကြောင်း၊ ဝါစိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်းများသည် နိုင်ငံတော် အတွက် များစွာအကျိုးဖြစ်စေနိုင်သည်ဖြစ်သဖြင့် ဝါစိုက်ပျိုးထုတ်လုပ်မှုကို ထိထိ ရောက်ရောက်အောင် အောင်မြင်မြင် ဆောင်ရွက်နိုင်ရေး ယခုဆွေးနွေးပွဲကို ကျင်းပ ဆောင်ရွက်စေခဲ့ခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးသူ၊ ထုတ်လုပ်သူ၊ အဆင့်မြင့်ကုန်ချော ထုတ် လုပ်သူနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများအကြား၌ လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုလျှင် မြန်ချောမွေ့စေရေးနှင့် လုပ်ငန်းဆောင်ရွက်မှုများ တိုးတက်စေလိုခြင်းကြောင့် ဆွေးနွေး ဆောင်ရွက်စေခြင်းဖြစ်ပြီး ဝါနှင့်ပတ်သက်၍ နိုင်ငံတော်တွင် ပထမဆုံးဆောင်ရွက် သည့် ဆွေးနွေးပွဲဖြစ်ကြောင်း။

နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် အဓိကအရေးကြီးသည်မှာ ကုန်ထုတ်လုပ်မှုပင် ဖြစ်ပြီး ဝါစိုက်ပျိုးထုတ်လုပ်သည့်လုပ်ငန်းမှ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို မြှင့်တင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဝါစိုက်ပျိုးမှုများ မှန်မှန်ကန်ကန်ဖြစ်ရန်နှင့် စိုက် ဧကများ မှန်ကန်ရန်လိုသကဲ့သို့ စာရင်းဇယားများလည်း မှန်ကန်ရန်လိုကြောင်း၊ မန္တလေး၊ မကွေး၊ စစ်ကိုင်းနှင့် ပဲခူတိုင်းဒေသကြီးတို့တွင် ဝါစိုက်ပျိုးဖြစ်ထွန်းပြီး ဝါစိုက် ဧက များတည်ငြိမ်မှုရှိရန်နှင့် အထွက်နှုန်းများ ကောင်းမွန်နေရန်လိုကြောင်း၊ ဝါမျိုး ကောင်းများ စိုက်ပျိုးနိုင်မည်ဆိုပါက အရည်အသွေးကောင်းမွန်သည့် ချည်မျှင်များ ရရှိမည်ဖြစ်သဖြင့် ဝါမျိုးကောင်းမျိုးသန့်များရရှိစေရေး မိမိအနေဖြင့် အမြဲအားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ အရည်အသွေးကောင်းမွန်သည့် ဝါမျိုးများရရှိစေရေး ပြည်တွင်း၌ သုတေသနပြုထုတ်လုပ်လျက်ရှိသကဲ့သို့ ပြည်ပမှလည်း မှာယူတင်သွင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်းထုတ် ဝါမျိုးများကို အပြည့်အဝထုတ်လုပ်နိုင်ရန် လိုပြီး အရည်အသွေးများ တည်ငြိမ်ကောင်းမွန်နေစေရေး အမြဲသုတေသနပြု သုံးသပ် ဆန်းစစ်ဆောင်ရွက်သွားရန်လိုကြောင်း။

ဝါစိုက်ပျိုးထုတ်လုပ်မှုတိုးတက်စေရေးအတွက် ဝါစိုက်တောင်သူများ၏ လိုအပ် ချက်များကိုလည်း ဝိုင်းဝန်းဖြည့်ဆည်းဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများ အောင်မြင်စေရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း စသည့် နည်းလမ်း ၄ သွယ်သည် မဖြစ်မနေလိုအပ်ကြောင်း၊ ထို့ကြောင့်  ဝါမျိုးများ လုံလောက်စွာရရှိရေး အတွက် နိုင်ငံတော်မှ ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ သက်ဆိုင်ရာ ဝါစိုက်တောင်သူ အစုအဖွဲ့များကလည်း ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ မြေပြုပြင် ခြင်းနှင့် ပတ်သက်၍ သဘာဝဓာတ်မြေဩဇာများအသုံးပြုလျက်ရှိသကဲ့သို့ ပိုက်ဆံ လျှော်စိုက်ပျိုးခြင်းဖြင့်လည်း မြေပြုပြင်ခြင်းများကို ဆောင်ရွက်နိုင်ကြောင်း၊ အလားတူ ကျွဲ၊ နွားမွေးမြူခြင်းများမှရရှိသည့် နွားချေးများကိုလည်း သဘာဝဓာတ်မြေဩဇာ အဖြစ်အသုံးပြုနိုင်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် ဘေးထွက် ပစ္စည်းများဖြင့် သဘာဝဓာတ်မြေဩဇာများ ပြုလုပ်၍လည်းအသုံးပြုနိုင်ကြောင်း၊ ဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာများ စနစ်တကျထည့်သွင်းပေးခြင်းဖြင့်လည်း အထွက်နှုန်းများ တိုးတက်လာစေနိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ အတွက် လိုအပ်လျက်ရှိသည့် စိုက်ပျိုးရေနှင့် အောင်ရေများလုံလောက် စွာရရှိရန် အတွက် နေရောင်ခြည်စွမ်းအင်သုံး မြစ်ရေတင်လုပ်ငန်းများဖြင့် ဆောင်ရွက်နိုင်ပြီး စိုက်ပျိုးရာတွင်လည်း နည်းစနစ်တကျနှင့်အညီ စိုက်ပျိုးသွားမှသာလျင် အထွက်နှုန်းများ တိုးတက်ကောင်းမွန် နိုင်မည်ဖြစ်ကြောင်း။     

မိမိတို့အနေဖြင့် ဝါနှင့်ပတ်သက်၍ ထုတ်လုပ်မှုများဆောင်ရွက်ရာတွင် ပြည်တွင်း လိုအပ်ချက်နှင့် ပြည်ပဈေးကွက်များကို စနစ်တကျသုတေသနပြုလုပ်ဆောင်ရွက်သွား ရန်လိုကြောင်း၊ ကမ္ဘာပေါ်တွင် ဝါစိုက်ပျိုးသည့်နိုင်ငံများရှိသကဲ့သို့ ဝါ တင်သွင်းသည့် နိုင်ငံများလည်း များစွာရှိကြောင်း၊ မိမိတို့နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများနှင့်ဒေသတွင်း နိုင်ငံများတွင်လည်း ဝါလိုအပ်ချက်များရှိသဖြင့် အမျိုးအစားကောင်းသည့် ချည်မျှင် ရှည်ဝါများ တင်ပို့ရောင်းချနိုင်ခြင်းဖြင့် နိုင်ငံခြားဝင်ငွေများရရှိပြီး နိုင်ငံ့စီးပွားကိုမြှင့်တင် နိုင်မည်ဖြစ်ကြောင်း။

ဝါထုတ်လုပ်မှုနှင့်ပတ်သက်၍ ယခင်နိုင်ငံတော်ပိုင် ချည်မျှင်နှင့်အထည်စက်ရုံများ ပြန်လည်လည်ပတ်နိုင်ရေးနှင့် ရက္ကန်းစက်များအဆင့်မြှင့်တင်နိုင်ရေး၊ ခေတ်မီ ရက္ကန်း စက်များအသုံးပြုနိုင်ရေးလည်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်နယ်များ အလိုက် ချည်ထည်ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် ရက္ကန်းစက်များ အဆင့်မြှင့်တင်နိုင်ရေး နိုင်ငံတော်မှရင်းနှီးမတည်ငွေများ ထုတ်ချေးပေးသွားမည် ဖြစ် ကြောင်း၊ မိမိတို့အနေဖြင့်ပြည်တွင်းမှထွက်ရှိသည့်ဝါများဖြင့် တန်ဖိုးမြှင့်ထုတ်ကုန် ပစ္စည်းများကို ထုတ်လုပ်ဆောင်ရွက်သွားကြရန်လိုပြီး ထိုသို့ဆောင်ရွက်ရာတွင်လည်း ပြည်တွင်းလိုအပ်ချက်နှင့် ပြည်ပဈေးကွက်လိုအပ်ချက်ကို စနစ်တကျ တွက်ချက်၍ ဆောင်ရွက်ရန်လိုကြောင်း။

ဝါထုတ်လုပ်မှုတိုးတက်လာစေရေး မိမိအနေဖြင့် ပြည်တွင်း၌ ဝါကြိတ်စက်များ ထုတ်လုပ်ရန် တပ်မတော်ကို တာဝန်ပေးဆောင်ရွက်ခဲ့ပြီး ယခုအခါအရည်အသွေးမီ သည့် ဝါကြိတ်စက်ကို ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ၂/၈၀ ချည်များ ထုတ်လုပ်နိုင် ရေးအတွက် စက်မှုဝန်ကြီးဌာနနှင့် တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံတို့ တွင် ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတော်၏ ဝါထုတ်လုပ်မှုတိုးတက်စေရေးအတွက် စုပေါင်း သမဝါယမစနစ်ဖြင့် ဆောင်ရွက်သွားရန်လိုပြီးဝါကြိတ်စက်၊ ချည်မျှင်စက်နှင့် ရက္ကန်း စက်များတိုးတက်စေရေး နိုင်ငံတော်မှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

မြေအသုံးချမှုများနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် ယခင်ကတည်းကပင် မမှန် မကန်ဆောင်ရွက်မှုများရှိခဲ့ပြီး ချမှတ်ထားသည့်ဥပဒေသတ်မှတ်ချက်များကို သိရှိနား လည်မှုမရှိခြင်း၊ ချိုးဖောက်ဆောင်ရွက်ခဲ့ခြင်းများကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ရာတွင် ကန့်သတ်ချက်အချို့ဖြစ်ပေါ်လျက်ရှိကြောင်း၊  စိုက်ပျိုးမြေ နေရာများတွင် အခြားနည်းများဖြင့် အသုံးချခြင်းများမရှိစေရေးကြပ်မတ်ဆောင်ရွက် သွားကြရန်လိုပြီး ခွင့်ပြုချက်များအရ စက်ရုံ၊ အလုပ်ရုံများ များတည်ဆောက်ရာတွင် လည်း စနစ်တကျခိုင်ခိုင်မာမာဖြစ်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း။

မိမိတို့နိုင်ငံအနေဖြင့် ဝါစိုက်ပျိုးထုတ်လုပ်ခြင်းများကို အောင်မြင်စွာဆောင်ရွက် နိုင်သည့် ရေခံမြေခံနှင့် အခြေခံကောင်းများကိုပိုင်ဆိုင်ထားရှိပြီးဖြစ်သဖြင့်  ဝါတင်ပို့ ရောင်းချသည့် နိုင်ငံအဖြစ် မလွဲမသွေတည်ဆောက်နိုင်ကြောင်း၊ ယခုကျင်းပပြုလုပ်ခဲ့ သည့် “ဝါစိုက်ပျိုးမှုမှသည် အထည်အလိပ်စက်မှုလုပ်ငန်းဆီသို့” ဆွေးနွေးပွဲမှတစ်ဆင့် ထွက်ပေါ်လာသည့် ဆွေးနွေးချက်များ၊ လိုအပ်ချက်များကို ပြန်လည်သုံးသပ်ပြီး လိုအပ်သည်များကို ဆက်လက်ဖြည့်ဆည်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ မိမိတို့ကဏ္ဍအလိုက် လုပ်ငန်းအတွေ့အကြုံများနှင့် လိုအပ်ချက်များကို အပြန်အလှန်အမြင်ချင်းဖလှယ်ဆွေးနွေးခြင်းဖြင့် ကောင်းမွန်သည့်ရလာဒ်များထွက် ပေါ်ခဲ့သည်ကိုတွေ့ရှိရပြီး လုပ်ငန်းများယခုထက်ပိုမိုတိုးတက်အောင် ဆောင်ရွက် လာနိုင်မည်ဖြစ်ကြောင်း၊ ယခုကျင်းပပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲသည့် အောင်မြင်သည့် ဆွေးနွေးပွဲတစ်ခုဖြစ်ခဲ့ပြီး နိုင်ငံကောင်းအောင်ဆောင် ရွက်ရန်အတွက် နည်းလမ်းရှာဖွေ ခြင်းပင်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတသည် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူ များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး သက်ဆိုင်ရာအစုအဖွဲ့အလိုက် ခင်းကျင်းပြသ ထားသည့် ဝါစိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ ပြခန်းများကို လိုက်လံကြည့်ရှုလေ့လာခဲ့ကာ ပြခန်းများအလိုက် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။(သတင်းစဉ်)