မင်းဘူးမြို့တွင် ၂၀၂၆ ခုနှစ်၊ မိုးရာသီ နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်  တက်ရောက်၍ တမာပျိုးပင်အား ဦးဆောင် စိုက်ပျိုးပေး နေပြည်တော်၊ ဇူလိုင် - ၁၃

Tuesday, July 14, 2026 - 04:15

၂၀၂၆ ခုနှစ်၊ မိုးရာသီ နိုင်ငံတော်အဆင့် သစ်ပင် စိုက်ပျိုး ပွဲတော်အခမ်းအနားကို မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ မြန်မာ့မီးရထားဘူတာနှင့် မီးရထားကွန်ကရစ်စက်ရုံဝန်းအတွင်း ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်၍ တမာ ပျိုးပင်ကို ဦးဆောင်စိုက်ပျိုး ပေးသည်။

အခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင်လိုက်ပါသွားသည့် အဖွဲ့ ဝင်များ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသ ကြီးတို့မှ ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

       ဦးစွာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားများကို ပြည်သူလူထု ပူးပေါင်းပါဝင်မှုနှင့်  နှစ်စဉ် ဦးဆောင်ကျင်းပဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်က ဦးဆောင်ပြီး သစ်ပင်စိုက်ပျိုးပွဲတော်များ ကျင်းပဆောင်ရွက်နေသကဲ့သို့ နိုင်ငံအဝန်း နေရာဒေသအသီးသီးတွင်လည်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ပြည်သူ လူထု အားလုံး တက်ကြွစွာဖြင့် စိုက်ပျိုးနေကြသည်ကို တွေ့မြင်ရသည့်အတွက်လည်း ဝမ်း မြောက်မိပါကြောင်း။

       ပြီးခဲ့သည့်နှစ် မိုးရာသီတွင် မင်းဘူးမြို့နယ်၌ နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပျိုးပွဲ တော်ကို ဒေသခံပြည်သူများနှင့်အတူ ကျင်းပနိုင်ခဲ့ပြီး အပင်ပေါင်း(၁,၀၀၀) စိုက်ပျိုးခဲ့ ကြောင်း၊ ယနေ့တွင်လည်း မင်းဘူးမြို့တွင်ကျင်းပသည့် သစ်ပင်စိုက်ပျိုးပွဲတော်တွင် ဒေသမျိုးရင်း သစ်မျိုး (၈)မျိုး၊ အပင်ပေါင်း (၃,၀၀၀)ကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်သာယာလှပရေး၊ရာသီဥတုမျှတကောင်းမွန်စေရေး၊ ဂေဟ စနစ်တည်ငြိမ်ကောင်းမွန်စေရေး၊ သဘာဝဘေးအန္တရာယ်များမှ တားဆီးကာကွယ်နိုင် ရေးနှင့် ပြည်သူများအကြား သစ်တောထိန်းသိမ်းရေး အသိပညာများ ပိုမိုနိုးကြားလာ စေရေးအတွက် ရည်ရွယ်ပြီး မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်များကို ကျင်းပခြင်း ဖြစ် ကြောင်း။

       မိမိတို့နိုင်ငံသည် သစ်ပင်သစ်တောများ၊ မြစ်ချောင်းအင်းအိုင်များ ဇီဝမျိုးစုံမျိုးကွဲ များနှင့် သဘာဝအရင်းအမြစ်များပေါကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ သို့သော် လည်း နေရာဒေသ၊ ရေမြေ၊ ရာသီဥတုအပေါ် မူတည်ပြီး ဒေသတစ်ခုနှင့်တစ်ခု သစ်တောဖုံးလွှမ်းမှု ကွာခြားသည်ကို  တွေ့ရကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်းဒေသ (၁၃)ခရိုင်ဆိုပါက ပူပြင်း ခြောက်သွေ့ပြီး သစ်တောသစ်ပင် ကျဲပါးကြောင်း၊ မိမိတို့နိုင်ငံတွင် ၂၀၂၅ ခုနှစ် ဆန်းစစ်လေ့လာချက်များအရ သစ်တော ဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာ၏ ၄၂ ဒဿမ ၁၅ ရာခိုင်နှုန်းရှိသည်ဟုသိရှိရကြောင်း၊ မကွေးတိုင်းဒေသကြီး၏ သစ်တောဖုံးလွှမ်းမှုသည် ၁၁ ဒဿမ ၅၁ ရာခိုင်နှုန်းသာ ရှိပြီး မင်းဘူးခရိုင်၏ သစ်တောဖုံးလွှမ်းမှုသည် ၁၅ ဒဿမ ၆၁ ရာခိုင်နှုန်းသာ ရှိသည်ကို တွေ့ရှိရကြောင်း။

       သစ်ပင်သစ်တောကျဲပါးသောကြောင့် မြန်မာနိုင်ငံအလယ်ပိုင်း မြေလတ်ဒေသ သည် ကမ္ဘာ့အပူချိန်အမြင့်မားဆုံးစာရင်းဝင်နေသည်ကိုတွေ့ရပြီး ၂၀၂၄ ခုနှစ်တွင် ချောက်မြို့သည် ၄၈ ဒဿမ၂ ဒီဂရီ ဆဲလ်စီးယပ်အထိ စံချိန်တင်မြင့်တက်ခဲ့ပြီး၊ ၂၀၂၅ ခုနှစ်တွင် ၄၅ ဒသမ ၃ ဒီဂရီ ဆဲလ်စီးယပ်၊ ယခုနှစ်တွင် ၄၄ ဒဿမ ၉ ဒီဂရီ ဆဲလ်စီးယပ်ရှိကြောင်းကို တွေ့ရကြောင်း၊ မြေလတ်ဒေသမြို့ကြီး (၁၂)မြို့တွင် ၄၁ ဒီဂရီဆဲလ်စီးယပ်နှင့် အထက်ရှိကြောင်းကိုသိရှိရကြောင်း၊ ထို့ကြောင့်လည်း နှစ်စဉ် နွေရာသီတွင် အပူရှောင်စခန်းများ ဖွင့်လှစ်ပြီး သက်ကြီးရွယ်အိုများကို အပူဒဏ်မှ သက်သာစွာ နားနေစေနိုင်ရေး ဆောင်ရွက်ပေးခဲ့ရကြောင်း။

       အချို့မြို့နယ်များတွင်ဆိုပါက သဲကန္တာရဖြစ်ထွန်းမှုအန္တရာယ်များ ဖြစ်နိုင်သည့် လက္ခဏာများဖြစ်သည့် မိုးရွာသွန်းမှုပုံစံ မမှန်ခြင်း၊ မိုးရွာသွန်းမှု အကြိမ်ရေ နည်းပါးခြင်း၊ အပူချိန်အတက်အကျလွန်ကဲခြင်း၊ အပေါ်ယံ မြေဆီလွှာတိုက်စားခြင်း စသည့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များကို ရင်ဆိုင်နေကြရကြောင်း၊ အပင်များ သဘာဝအတိုင်း မျိုးဆက်ပေါက်ရောက်နိုင်မှု မရှိတော့ဘဲ စိုက်ပျိုးနိုင်ရန်ခက်ခဲ သောမြေများ၊ ကျောက်ကုန်းများ၊ သဲမြေများအဖြစ် ပြောင်းလဲသွားသည့် ဖြစ်စဉ် များလည်း တွေ့နေရကြောင်း၊ ထို့ကြောင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး လုပ်ငန်းများကို နိုင်ငံတော်အဆင့် အရှိန်အဟုန်မြှင့်တင်ပြီး အလေးထား ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ယခုဆောင်ရွက်နေသည့် စိမ်းလန်းစိုပြည်ရေးလုပ်ငန်း များ၏ အကျိုးရလဒ်ကိုလည်း ဒေသခံပြည်သူများက ပထမဦးဆုံးခံစားကြရ မည်ဖြစ်ကြောင်း။

       သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောများထိန်းသိမ်းခြင်းသည် ပူပြင်းသည့် ရာသီဥတု ဒဏ်ကိုလျော့ပါးသက်သာစေရန် ကောင်းမွန်သည့်ဆောင်ရွက်ချက်ဖြစ်ကြောင်း၊သစ်ပင် များစိုက်ပျိုးခြင်းကြောင့် အရိပ်အာဝါသကောင်းများ ရရှိလာပြီး အပူရှိန်လျော့ပါးလာ ခြင်း၊ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်သာယာပြီး မျက်စိပသာဒ ဖြစ်စေခြင်း၊ လူအများ၏ စိတ်နှလုံးအေးမြစေခြင်း၊ ကျေးငှက်တိရစ္ဆာန်များစွာနားခိုနိုင်ခြင်းစသည့် အကျိုး ကျေးဇူးများစွာ ရရှိနိုင်မည်ဖြစ်ကြောင်း။

       အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးအတွက် သစ်ပင်စိုက်ပျိုးခြင်းနှင့် သစ်တောထိန်း သိမ်းခြင်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နေသော်လည်း လူဦးရေတိုးပွားလာ မှုနှင့်အတူ သစ်၊ ထင်း၊ ဝါးလိုအပ်ချက်များ မြင့်မားလာခြင်း၊ ကျေးရွာများ၊ စိုက်ပျိုးမြေများနှင့် မြို့ပြများချဲ့ထွင်လာခြင်း၊ သစ်တောများကို အခြားမြေအသုံးချမှုအဖြစ် ပြောင်းလာခြင်း၊ တောမီးလောင်ကျွမ်းခြင်း၊ တိရိစ္ဆာန်များ၏ ဖျက်ဆီးခြင်းစသည့် အကြောင်းအရင်းများကြောင့် သစ်တောစိုက်ခင်းများ ပျက်ဆီးဆုံးရှုံးလျက်ရှိကြောင်း၊ အကျိုးဆက် အနေဖြင့် ပူပြင်းခြောက်သွေ့ပြီးပြင်းထန် သည့် ရာသီဥတုသဘာဝ ဘေးအန္တရာယ်များကို  ခံစားလာနေကြရခြင်း ပင် ဖြစ်ကြောင်း။

       အထူးသဖြင့် ယခုနှစ်ကုန်ပိုင်းတွင် အလွန်အားကောင်းသည့် အယ်လ်နီညိုအဆင့် ထိ ရောက်ရှိလာနိုင်သည်ဟု ခန့်မှန်းထားပြီး ၂၀၂၆ ခုနှစ်နှင့် ၂၀၂၇ ခုနှစ်တို့သည် ကမ္ဘာ့ သမိုင်းတစ်လျှောက် အပူဆုံးနှစ် ဖြစ်လာနိုင်သည်ဟု ခန့်မှန်းထားကြကြောင်း၊ ရာသီ ဥတုပြောင်းလဲမှုနှင့် အယ်လ်နီညိုဖြစ်စဉ်တို့ကြောင့် မိုးခေါင်ရေရှားခြင်း၊ ပူပြင်း ခြောက် သွေ့ခြင်း၊ တောမီးလောင်ကျွမ်းခြင်းများ ဖြစ်ပေါ်လာနိုင်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျန်းမာရေး၊ စီးပွားရေးစသည့် ကဏ္ဍအသီးသီးအပေါ် ဆိုးကျိုးသက်ရောက်မှုများ ရှိ လာနိုင်သည့်အတွက် အဘက်ဘက်က ကြိုတင်ပြင်ဆင်ထားကြရန် လိုအပ်မည်ဖြစ် ကြောင်း။

       သစ်ပင်သစ်တောများ များပြားလာပြီး သစ်တောဖုံးလွှမ်းမှု တိုးပွားလာသည်နှင့် အမျှ ဂေဟစနစ် ဝန်ဆောင်မှုများသည်လည်း ပိုမိုတိုးတက်ကောင်းမွန်လာမည်ဖြစ်ပြီး သက်ရှိများကို များစွာအကျိုးပြုနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့်လည်း လက်ရှိနှင့် အနာဂတ်မျိုးဆက်များအတွက် ကောင်းမွန်တည်ငြိမ်သည့်ပတ်ဝန်းကျင် ဂေဟစနစ် များ လက်ဆင့်ကမ်းနိုင်ရေးအတွက် သစ်တောဖုံးလွှမ်းမှုကို နိုင်ငံဧရိယာ၏ ၅၀ ရာခိုင်နှုန်း ရောက်အောင် ရည်မှန်းချက်ထားပြီး ကြိုးပမ်းဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် မိမိတို့ ရပ်ကွက်၊ မြို့နယ်၊ ခရိုင်အလိုက် သစ်တောဖုံးလွှမ်းမှု တိုးတက်လာအောင် ဆောင်ရွက်နိုင်မှသာ တိုင်းဒေသကြီး တစ်ခုလုံး၏ သစ်တောဖုံးလွှမ်းမှု တိုးလာမည်ဖြစ်သည့်အတွက် မိမိတို့တိုင်းဒေသကြီး အတွင်းရှိ လမ်းဘေး ဝဲ/ယာများ တွင် သစ်ပင်များစိုက်ပျိုးခြင်း စသည်ဖြင့် သစ်ပင်စိုက်၍ ရနိုင်သမျှ စိုက်ပျိုးကြရ မည်ဖြစ်ကြောင်း။

       ထိုသို့ဆောင်ရွက်မှသာ နေထိုင်ချင်စဖွယ်ကောင်းသည့်မြို့များ၊ ကျန်းမာသည့် လူမှု အသိုက်အဝန်းများနှင့် ရာသီဥတု ပြောင်းလဲမှုကို ကြံ့ကြံ့ခံနိုင်သည့် လူနေမှုပတ်ဝန်း ကျင်များကို ဖန်တီးနိုင်မည်ဖြစ်ပြီး လက်ရှိနှင့် အနာဂတ်မျိုးဆက်များကို စိမ်းလန်း စိုပြည်ပြီး ရာသီဥတုမျှတသည့် ပတ်ဝန်းကျင်အမွေကောင်းကို လက်ဆင့်ကမ်းပေး နိုင်မည် ဖြစ်ကြောင်း၊ စိုက်ပျိုးပြီးသည့်သစ်ပင်များကို  တစ်ပင်စိုက်လျှင်တစ်ပင် ရှင်သန် အောင်မြင်အောင် ပြုစုထိန်းသိမ်းပြီး မိမိတို့ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်များကို အပူ ပိုင်းဒေသ၏ အိုအေစစ် ဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်ရန်လည်း တိုက်တွန်း မှာကြားလိုကြောင်း။

       သစ်တောသစ်ပင် စိုက်ပျိုးထိန်းသိမ်းခြင်းသည် ဘက်စုံအကျိုးကျေးဇူးများ ရရှိနိုင် သကဲ့သို့ နိုင်ငံ၏ကောင်းမွန်သည့် အနာဂတ်ကို တည်ဆောက်ခြင်းလည်း ဖြစ်ကြောင်း၊ “ နိုင်ငံတော် သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့” ဟူသည့် မူဝါဒကို အလေး ထား လိုက်နာပြီး သဲကန္တာရဖြစ်ထွန်းမှု တိုက်ဖျက်ရန်၊ အပူပိုင်းဒေသစိမ်းလန်း စိုပြည်သာယာစေရန် ရာသီဥတုမျှတ ကောင်းမွန်လာစေရန်အတွက် အပူပိုင်းဒေသ (၁၃)ခရိုင် အပါအဝင် နိုင်ငံတစ်ဝန်း သစ်ပင်စိုက်ပျိုးထိန်းသိမ်းရေးလုပ်ငန်းများကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က တမာပျိုးပင်အား သတ်မှတ် နေရာတွင် ဦးဆောင်စိုက်ပျိုးပေးသည်။

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် နိုင်ငံတော်သမ္မတနှင့် အတူ ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့မှ ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံ ပြည်သူများ၊ အခမ်းအနားတက်ရောက်လာကြသူများက သစ်ပင်များကို တစ်ပျော် တစ်ပါးစိုက်ပျိုးကြသည်။

ထိုသို့ ပျိုးပင်များအား  တပျော်တပါးစိုက်ပျိုးနေမှုကို  နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှု အားပေးကြသည်။

            မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ မြန်မာ့မီးရထားဘူတာနှင့် မီးရထားကွန်ကရစ်စက်ရုံဝန်းအတွင်း၌ ယနေ့ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ မိုးရာသီ နိုင်ငံတော်အဆင့်သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတွင် ခရေ၊ ယင်းမာ၊ ပိတောက်၊ မဲဇလီ၊ တမာ၊ သင်္ဘော၊ ကုက္ကို နှင့် ဖျောက်ဆိပ် စသည့် သစ်မျိုးစုစုပေါင်း(၈)မျိုး၊ အပင် အရေအတွက် အပင် ၃၀၀၀ ကို စိုက်ပျိုးနိုင်ခဲ့သည်။

            ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် မင်းဘူးမြို့နယ်၊ မြန်မာ့ မီးရထားဘူတာရှိ မင်းလှ-မင်းဘူး ရထားလမ်းပိုင်းအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက ဒေသခံပြည်သူများ ခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှုများ ပိုမိုအဆင်ပြေစေရေးအတွက် ရထားခရီးစဉ် များပြန်လည် ပြေးဆွဲနိုင်ရေး ပြန်လည်သုံးသပ်ဆောင်ရွက်ရန်နှင့် အခြားလိုအပ်သည် များကိုလမ်းညွှန် မှာကြားသည်။

            ယင်းနောက် နိုင်ငံတော်သမ္မတသည် အဖွဲ့ဝင်များလိုက်ပါပြီး မင်းဘူးမြို့၊ ကမ်းနားလမ်း ပြန်လည်ထိန်းသိမ်းဖောက်လုပ်မည့် နေရာသို့ရောက်ရှိစစ်ဆေးပြီး တာ ဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ကမ်းနားလမ်းတစ်လျှောက် လိုအပ်သည့် မြစ် ကမ်းပါးထိန်းနံရံများနှင့် တံတားများ ပြန်လည်ပြုပြင်တည်ဆောက်ထိန်းသိမ်းရန်၊ ကမ်းနားလမ်းကိုစနစ်တကျ ပြန်လည်ဖောက်လုပ်သွားရန်နှင့် ကမ်းနားလူနေရပ်ကွက် များစနစ်တကျဖြစ်စေရေး Town Plan ဖြင့် စနစ်တကျသုံးသပ်ဆောင်ရွက်သွားရန် မှာကြားသည်။(သတင်းစဉ်)