​​​​​​​ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်            မကွေးမြို့တွင် ကျင်းပပြုလုပ်သည့် “ဝါစိုက်ပျိုးမှုမှသည် အထည်အလိပ်စက်မှုလုပ်ငန်းဆီသို့” ဆွေးနွေးပွဲသို့ တက်ရောက်အမှာစကားပြောကြား

Monday, July 13, 2026 - 04:45

ဝါစိုက်ပျိုးထုတ်လုပ်မှုသည် နိုင်ငံတော်အတွက် အမှန်တကယ်အကျိုးရှိသည့်လုပ်ငန်း ဖြစ်သဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ဝါစိုက်တောင်သူများနှင့် တာဝန်ရှိသူများ အနေဖြင့် တစ်ဧကပန်းတိုင်ရည်မှန်းချက်အထွက်နှုန်းအတိုင်း ထွက်ရှိစေရေး ကြိုးပမ်းဆောင်ရွက်သွားကြစေလို

နေပြည်တော်၊ ဇူလိုင် - ၁၂

ပြည်တွင်း ဝါစိုက်ပျိုးမှုဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဝါကိုအခြေခံသည့် စက်မှုကုန် ထုတ်လုပ်ငန်းများတိုးမြှင့်လာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်သည့် “ဝါစိုက်ပျိုးမှုမှ သည် အထည်အလိပ်စက်မှုလုပ်ငန်းဆီသို့” ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် မကွေး တိုင်းဒေသကြီး၊ မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြော ကြားသည်။

အဆိုပါ ဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာကြ သည့်အဖွဲ့ဝင်များ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးတို့မှ ဝန်ကြီးချုပ် များနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဝါစိုက်တောင်သူအစုအဖွဲ့၊ ဝါမျိုးစေ့ထုတ် လုပ်သူအစုအဖွဲ့၊ ဝါစေ့ဆီ ထုတ်လုပ်သူအစုအဖွဲ့၊ဝါဂွမ်းထုတ်လုပ်သူ အစုအဖွဲ့၊ ချည်ထုတ် လုပ်သူအစုအဖွဲ့၊ ရက္ကန်း လုပ်ငန်းအစုအဖွဲ့၊ ဂျင်ခုံလုပ်ငန်းဆောင်ရွက်သူ အစုအဖွဲ့တို့မှ လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်သမ္မတက အဖွင့်အမှာစကားပြောကြားရာတွင် ဝါလုပ်ငန်းနှင့် ပတ်သက်၍ “ဝါစိုက်ပျိုးမှုမှသည် အထည်အလိပ်စက်မှု လုပ်ငန်းဆီသို့” ဟူသည့် ခေါင်း စဉ်ဖြင့် ဆွေးနွေးပွဲပြုလုပ်၍ အတွေ့အကြုံများကို ဖလှယ်သွားကြမည်ဖြစ်ကြောင်း၊ ဝါနှင့်ပတ်သက်၍ ဝါစိုက်ပျိုးမှု၊ ဝါမှဝါဂွမ်း၊ ဝါဂွမ်းမှချည်မျှင်ကို ထုတ်လုပ်ကြ ခြင်းဖြစ်ကြောင်း၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ဆွေးနွေးမှု များ ဆောင်ရွက်ချိန်တွင် ဝါစိုက်တောင်သူများ မပါဝင်သဖြင့် ယခုကဲ့သို့ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးသည် ဝါစိုက်ပျိုးမှု များပြား သည့်အတွက် မကွေးမြို့တွင်ကျင်းပပြုလုပ်ရန်ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း။

            မိမိတို့နိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းမှာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းပင်ဖြစ် ပြီး ဆန်စပါးကို အဓိကသီးနှံအဖြစ်စိုက်ပျိုးကာ အခြားသီးနှံများကိုလည်း စိုက်ပျိုး ထုတ်လုပ်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံသည် ကမ္ဘာပေါ်တွင် လိုအပ်ချက်ဖြစ်နေသည့် စားနပ်ရိက္ခာနှင့် အဝတ်အထည်များကို ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်နိုင်သော ရေခံ မြေခံကောင်းသည့်နိုင်ငံတစ်ခုဖြစ်ကြောင်း၊ ကမ္ဘာပေါ်ရှိနိုင်ငံများတွင် ရေမြေအနေ အထားအရ စိုက်ပျိုးမွေးမြူရေးကို ကိုယ်တိုင်ဆောင်ရွက်သည့်နိုင်ငံများရှိသကဲ့သို့ မဆောင်ရွက်နိုင်သည့်နိုင်ငံများလည်းရှိကြကြောင်း၊ စက်မှုနည်းပညာပိုင်းဆိုင်ရာ များကို အဓိကဆောင်ရွက်ကြသည့်နိုင်ငံများလည်းရှိကြကြောင်း၊ မိမိတို့နိုင်ငံတွင် စပါး၊ ပဲ၊ ပြောင်း၊ နှမ်း ၊ ဝါ စသည့် သီးနှံများနှင့် အခြားသီးနှံများကို စိုက်ပျိုးကြပြီး ယခင်က စိုက်ပျိုးရေးထွက်ကုန်များကို တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်းမပြုဘဲ ကုန်ကြမ်းအနေဖြင့်သာ တင်ပို့ဆောင်ရွက်ခဲ့ကြကြောင်း၊ ယခုအခါ မိမိတို့အနေဖြင့် စိုက်ပျိုးရေးကိုအခြေခံသည့် Agro-based Industreis ကို ဆောင်ရွက်နေခြင်းဖြစ် ကြောင်း၊ ကုန်ကြမ်းပစ္စည်းများကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ်ထုတ်လုပ်ခြင်းဖြင့် နိုင်ငံအတွက် ဝင်ငွေပိုမိုရရှိမည်ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများရရှိလာမည်ဖြစ် ကြောင်း၊ ထိုမှတစ်ဆင့် စက်မှုလုပ်ငန်းများဆောင်ရွက်နိုင်ပြီး စက်ရုံများလည်ပတ်ရန် အတွက် လျှပ်စစ်နှင့်စွမ်းအင် ရင်းနှီးမြှုပ်နှံမှုများ၊ ဝန်ဆောင်မှုလုပ်ငန်းများကိုလည်း ဆက်စပ်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ခြင်းဖြင့် နိုင်ငံ၏ GDP သည်လည်း တိုးတက်လာမည်ဖြစ်ကာ နိုင်ငံ၏ အသားတင်ထုတ်လုပ်မှုတန်ဖိုးမြင့်တက် လာမည်ဖြစ်ကြောင်း၊ နိုင်ငံတစ်ခု၏ တိုးတက်မှုစံနှုန်းကို GDP ဖြင့် တိုင်းတာကြပြီး လယ်ယာကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီး၊ ဝန်ဆောင်မှုကဏ္ဍကြီးဟူ၍ရှိကြောင်း၊ ကဏ္ဍကြီး သုံးခု အနေဖြင့်တစ်ခုနှင့်တစ်ခု အပြန်အလှန်ချိတ်ဆက်လျက်ရှိပြီး အားလုံးတိုးတက်မှ သာလျင် GDP သည်လည်း တိုးတက်လာနိုင်မည်ဖြစ်ကြောင်း။

            ထိုအထဲတွင် ဝါစိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်းသည်လည်း အရေးကြီးသည့် ကဏ္ဍမှပါဝင်သည်ကိုတွေ့ရကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်တာဝန်များကိုထမ်း ဆောင်ခဲ့ရချိန်တွင် ဝါစိုက်ပျိုး မှုနှင့်ပတ်သက်၍ စိစစ်ကြည့်ရာ ၂၀၁၁-၂၀၁၂ ခုနှစ်တွင် စိုက်ဧက ၈ သိန်းကျော်ခန့် ရှိခဲ့ပြီး ၂၀၁၉-၂၀၂၀ ခုနှစ်တွင် ၄ သိန်းခန့်သာရှိ ခဲ့ကြောင်း၊ နှစ်အလိုက် ဝါစိုက်ပျိုးမှုများ၊ ဝါစိုက်ဧကများလျော့နည်း ကျဆင်းလာခဲ့သည် ကိုတွေ့ရှိရကြောင်း၊ လူတို့၏ဘဝတွင် အဝတ်အထည်သည် မွေးစမှ သေဆုံးသည်အထိ နေ့စဉ်အသုံးပြုနေရသည်ဖြစ်သဖြင့် ဝါသည်အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေ ကြောင်း၊ ဝါသည် နိုင်ငံတော်အတွက် အရေးကြီးသည့် စိုက်ပျိုးရေးထုတ်ကုန်တစ်ခုဖြစ် ပြီး ဝါမှဝါဂွမ်း၊ ဝါဂွမ်းမှ ချည်နှင့်ချည်ထည်များ၊ ဝါစေ့မှ ဆီနှင့် တိရစ္ဆာန်အစာအဖြစ် ပြုလုပ်နိုင်သည့် ဝါစေ့ကြိတ်ဖတ်များကို ထုတ်လုပ်နိုင်ကြောင်း၊ ထို့ကြောင့် ဝါမှတဆင့် စက်မှုလုပ်ငန်းများကို ဆက်စပ်ဆောင်ရွက်နိုင်သည်ဖြစ်သဖြင့် အမှန်တကယ်အကျိုးရှိ သည့်လုပ်ငန်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ယခင်က ချည်မျှင်ရှည်ဝါ ထွက်ရှိသည် ဟုဆိုသော်လည်း အဆင့်မီရန်လိုအပ်နေဆဲဖြစ်သဖြင့် ပြည်ပနိုင်ငံများမှ အဆင့်မီဝါမျိုး များကိုတင်သွင်းစိုက်ပျိုးခဲ့ကြရကြောင်း၊ ဝါအရည်အသွေးကောင်းမွန်မှ ချည် အရည် အသွေးကောင်းမွန်မည်ဖြစ်ပြီး အထွက်နှုန်းနှင့် အရည်အသွေးကောင်းမွန်သည့် ဝါများ ရရှိရေးအတွက် စိုက်ပျိုးရေးတွင်အဓိကအချက် လေးချက်ဖြစ်သည့် မျိုး၊ မြေ၊ ရေ  နည်း ၄ ရပ်နှင့်ပြည့်စုံရန်လိုကြောင်း၊ အရည်အသွေးကောင်းမွန်သည့် မျိုးများရရှိအောင် ဆောင်ရွက်ရမည်၊ မြေကောင်းမွန်မှုရှိစေရေး စနစ်တကျပြုပြင်ရမည်၊ စိုက်ပျိုးရေနှင့် အောင်ရေများ လုံလောက်စွာရရှိရမည်၊ နည်းစနစ်တကျဖြင့် အမြဲသုတေသနပြု စိုက်ပျိုးရမည်ဖြစ်ကြောင်း။

            ဝါစိုက်ပျိုးရေးအတွက်လိုအပ်သည့် စိုက်ပျိုးရေနှင့်အောင်ရေများကို နေရောင် ခြည်စွမ်းအင်သုံးမြစ်ရေတင်စီမံကိန်းများဖြင့် ဆောင်ရွက်နိုင်ကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများတွင် လုပ်သားများ ရှားပါးလာခြင်းကြောင့် မျိုးစေ့ချကိရိယာ Feed Seeder များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်နည်းစနစ်များကောင်းမွန် လာမည် ဆိုပါက အထွက်နှုန်းများ ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ဝါစိုက်ပျိုးရာတွင် သတ်မှတ်ထား သည့် ပင်ကြား၊ တန်းကြား မှန်ကန်စွာစိုက်ပျိုးမှသာ အထွက်နှုန်း ကောင်း မည်ဖြစ် ကြောင်း။

မိမိတို့နိုင်ငံတော်တာဝန်ယူခဲ့ရပြီးနောက်ပိုင်းတွင် ဝါစိုက်ပျိုးမှုများအား အားပေး ဆောင်ရွက်ခဲ့ပြီး ဝါစိုက်ပျိုးမှုတွင် တစ်နိုင်ငံလုံးပျမ်းမျှအထွက်နှုန်းအနေဖြင့် ၂၀၂၁ - ၂၀၂၂ ခုနှစ်တွင် စိုက်ဧက ၃ ဒသမ ၉ သိန်းကျော်၌ တစ်ဧကအထွက်နှုန်း ၄၃၆ ပိဿာရှိကြောင်း၊ ၂၀၂၅ - ၂၀၂၆ ခုနှစ် စိုက်ပျိုးရာသီတွင် ဝါစိုက်ပျိုးဧက ၅ ဒသမ ၄ သိန်းကျော်ရှိပြီး တစ်ဧကအထွက်နှုန်း ၄၉၉ ဒသမ ၂ ရှိကာ တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ဝါထွက်ရှိမှုမှာ ပိဿာချိန်ပေါင်း ၂၇၄၃ သိန်းကျော်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ဝါ လိုအပ်ချက်နှင့် နှိုင်းယှဉ်တွက်ချက်ကြည့်မည်ဆိုပါက များစွာပိုလျှံထွက်ရှိသည်ကို တွေ့ ရကြောင်း။

လက်ရှိ ကမ္ဘာတွင်ပေါက်ဈေးအရ ဝါဂွမ်းတစ်တန်လျင် အမေရိကန်ဒေါ်လာ ၁၈၀၀ နှင့် ၁၉၀၀ ကြားတွင်ရှိပြီး မိမိတို့နိုင်ငံတွင် သတ်မှတ်ထားသည့် ဝါတစ်ဧက ပန်းတိုင်ရည်မှန်းချက်အထွက်နှုန်း ပိဿာ ၇၀၀ ရရှိအောင်ဆောင်ရွက်နိုင်မည်ဆိုပါက ပိုလျှံထွက်ရှိသည့် ဝါဂွမ်းများရောင်းချရရှိငွေမှာ အမေရိကန် ဒေါ်လာသန်း ၅၀၀ ခန့် ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယနေ့ပြုလုပ်သည့်ဆွေးနွေးပွဲတွင် ပါဝင် ဆွေး နွေးသည့်သူများအနေဖြင့်လည်း နိုင်ငံတော်အတွက်အကျိုးဖြစ်စေမည့် လက်တွေ့ကျ သည့် ဆွေးနွေးမှုများကို ဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရ အဖွဲ့ တာဝန်ယူချိန်ကာလအတွင်း ဝါစိုက်ပျိုးထုတ်လုပ်မှုကို အောင်မြင်အောင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း။

ဝါစိုက်ပျိုးထုတ်လုပ်မှုကို တိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် ဝါစိုက်တောင်သူ များ၊ ဝါထုတ်ကုန်လုပ်ငန်းများဆောင်ရွက်ကြသူများနှင့် နိုင်ငံတော်အတွက် များစွာ အကျိုးရှိစေနိုင်မည်ဖြစ်ကြောင်း၊ ဝါစိုက်ပျိုးမှုကိုအခြေခံ၍ Agro-based Industries အဖြစ် ဆောင်ရွက်သွားရန်လိုပြီး ယခုကျင်းပပြုလုပ်သည့် ဆွေးနွေးပွဲကို မိမိတို့နိုင်ငံ၏ ဝါစိုက်ပျိုးထုတ်လုပ်မှု အနာဂတ်အခန်းကဏ္ဍတွင် အမှန်တကယ် အကျိုးရှိသည့် ဆွေးနွေးပွဲအဖြစ် ဆောင်ရွက်သွားကြရန်တိုက်တွန်း မှာကြားလိုကြောင်း။

ယနေ့ ဆွေးနွေးပွဲတွင် ဝါနှင့်ပတ်သက်၍ ထဲထဲဝင်ဝင်ဆွေးနွေးဆောင်ရွက် သွားကြရန်လိုပြီး ဝါစိုက်ပျိုးမှုနှင့် ဝါထုတ်ကုန်များတိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်သွားကြရန်တိုက်တွန်းမှာကြားလိုကြောင်း၊ ဝါစိုက်ပျိုးမှုသည် နိုင်ငံတော် အတွက် အကျိုးရှိသည့်လုပ်ငန်းဖြစ်သဖြင့် စိုက်ပျိုးရေးလုပ်ငန်းအတွက် တာဝန်ရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် ထုတ်လုပ်မှုနှင့်ပတ်သက်၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနတို့အနေဖြင့် အလေးထားဆောင်ရွက်ရန်နှင့် ဝါစိုက်ပျိုးတောင်သူများနှင့် တာဝန်ရှိသူများကလည်း တစ်ဧကပန်းတိုင်ရည်မှန်းချက်အထွက်နှုန်းအတိုင်း ထွက်ရှိစေရေး ကြိုးပမ်းဆောင်ရွက် သွားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် ဆွေးနွေးပွဲသို့ တက်ရောက်လာကြ သူများအား ရင်းရင်းနှီးနှီုလိုက်လံနှုတ်ဆက်ပြီး ဝါစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်စေရေး မေးမြန်း ဆွေးနွေးပြောကြားသည်။

ဒေသသုတေသနဗဟိုဌာန (မကွေး)

ယင်းနောက် နိုင်ငံတော်သမ္မနှင့်အဖွဲ့ဝင်များသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဒေသသုတေသနဗဟိုဌာန (မကွေး) သို့ရောက်ရှိပြီး ဌာနမှ ထုတ်လုပ်ထားရှိသည့် စပါး၊ မြေပဲ၊ ပဲတီစိမ်း၊ ဝါ၊  နှမ်း၊ နေကြာ မျိုးစေ့များနှင့် နည်းပညာမြင့် Organic မြေဩဇာနှင့် သဘာဝပိုးသတ် ဆေးရည် စမ်းသပ်ထုတ်လုပ်မှုအခြေအနေများကို လည်းကောင်း၊ Nano Technology For Seed Treatment အခန်းအတွင်း အရည်အသွေးပြည့်မီသည့် မျိုးစေ့များထုတ် လုပ်နိုင်ရေး အတွက် Cold Plasma စက်များ၊ UV စက်၊ သီးနှံအခြောက်ခံစက်များဖြင့် သုတေသန ပြု စမ်းသပ်ထုတ်လုပ်နေမှု အခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ် ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက အထွက်နှုန်းကောင်းမွန်ပြီး အရည်အသွေးပြည့်မီသည့် သီးနှံမျိုးစေ့များထုတ်လုပ်နိုင်ရေးကိုသာမက နိုင်ငံတကာ သို့တင်ပို့နိုင်သည့် ဈေးကွက်ဝင်  အရောင်အဆင်း၊ အနံ့အရသာနှင့် အရွယ်အစားများ ပြည့်မီသည့်သီးနှံများဖြစ်စေရေးတို့ကိုပါ သုတေသနပြုစိုက်ပျိုးထုတ်လုပ် သွားရန်လို ကြောင်း၊ မိမိတို့နိုင်ငံမှထွက်ရှိသော နိုင်ငံတကာဈေးကွက်ဝင် ပေါ်ဆန်းမွှေးစပါးနှင့် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲနှင့်နှမ်းများကိုလည်း တစ်ဧကပန်းတိုင်အထွက်နှုန်း တိုးတက်အောင် စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် မျိုးကောင်းမျိုးသန့် မျိုးစေ့များကို ပြည်တွင်း၌သာ လုံလောက်စွာ ထုတ်လုပ်ပေးနိုင်ရေး စမ်းသပ်သုတေသန ပြုဆောင် ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကိုလမ်းညွှန်မှာကြား သည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် ဒေသသုတေသနဗဟိုဌာန (မကွေး)ရှိ သုတေသန စိုက်ကွက်များအတွင်း သီးနှံများသုတေသနပြု စိုက်ပျိုးထားရှိမှု နှင့် သုတေသနခြံမှ စမ်းသပ်စိုက်ပျိုးထုတ်လုပ်ထားသည့် ပဲတီစိမ်း၊ နှမ်းနှင့် မြေပဲများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည် များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)