ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့၌ ရက် ၁၀၀ စီမံချက်ကာလအတွင်း ခါးပိုက်နှိုက်မှု       (၁၁၇)မှုမှ တရားခံ(၉၉)ဦးတို့အား ဖော်ထုတ်အရေးယူဆောင်ရွက်နိုင်ခဲ့ နေပြည်တော်၊ ဇူလိုင် ၉

Friday, July 10, 2026 - 05:30

          ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် ရက် ၁၀၀ စီမံချက်ကာလအတွင်း ပြည်တွင်း လုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ YBS ယာဉ်လိုင်းများ၊ ကားမှတ်တိုင်များနှင့် အများပြည်သူသွားလာလျက်ရှိသည့် နေရာများတွင် အုပ်စုဖွဲ့ ခါးပိုက်နှိုက် ကျူးလွန်မှုများ လျော့နည်းကျဆင်းစေရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းရယူစုံစမ်းခြင်း၊ အသွင်ယူစောင့်ကြည့်ခြင်းများဆောင်ရွက်ပြီး ပြစ်မှုကျူးလွန်သူ တရားခံများအား ဖော်ထုတ်ဖမ်းဆီး အရေးယူခြင်းများဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့မှ ဇူလိုင်လ ၇ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ထန်းတပင်မြို့နယ်၊ အင်းစိန်မြို့နယ်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ ဒေါပုံမြို့နယ်၊ သာကေတမြို့နယ်၊ လသာမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ လမ်းမတော် မြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ စမ်းချောင်းမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ ကမာရွတ်မြို့နယ်နှင့် ဗဟန်းမြို့နယ်တို့၌ အမှုစုစုပေါင်း(၁၁၇)မှုနှင့် ကျူးလွန်သူတရားခံကျား(၉၄)ဦး၊ မ(၅)ဦး၊ စုစုပေါင်း(၉၉)ဦးတို့အား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ခဲ့ပြီး ခါးပိုက်နှိုက်မှုကျူးလွန်ရာမှ ရရှိခဲ့သည့် သက်သေခံပစ္စည်းများဖြစ်သော လက်ကိုင်ဖုန်း(၁၄၀)လုံးနှင့် ငွေ(၆,၅၇၀,၀၀၀)ကျပ်တို့ အား သိမ်းဆည်းရမိခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရက်(၁၀၀)စီမံချက်အနေဖြင့် မှုခင်းကျဆင်းရေးနှင့် ဒုစရိုက် မှုများ ကင်းစင်စေရေးအတွက် ခရိုင်များအလိုက် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ လှည့်ကင်း၊ ရပ်ကင်း၊ ဝပ်ကင်းများဆောင်ရွက်ခြင်း၊ ဧည့်စာရင်းစစ်ဆေးခြင်း၊ မှုခင်းအသိပညာပေး ဟောပြောခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဝေငှခြင်း၊ သက်ဆိုင်ရာယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးဟောပြောခြင်း၊ စည်းကမ်းမဲ့ယာဉ်များ ဖမ်းဆီးခြင်းများ နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။