ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
မိမိတို့အစိုးရတာဝန်ယူထားရသည့်ကာလအတွင်း နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဘက်ပေါင်းစုံက ဆောင်ရွက်သွားနိုင်သည်များကို လေ့လာသုံးသပ်ဆန်းစစ် အဖြေရှာဆောင်ရွက်
နေပြည်တော်၊ ဇူလိုင် - ၇
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊လေ)နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ က Video Conferencing ဖြင့် တက်ရောက်ကြသည်။
နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် ပို့ကုန်များအရေအတွက်များများ ထုတ်လုပ်နိုင်ရန်လို
ဦးစွာနိုင်ငံတော်သမ္မတက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရန်အတွက် အစိုးရ၏တာဝန်ဖြစ်ပြီး မဖြစ်မနေကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ပြီး ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် တည်ငြိမ်အေးချမ်းမှုလည်းလိုအပ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့ နိုင်ငံတော်တာဝန်ယူ ဆောင်ရွက်သည်မှာ သုံးလတာကာလအတွင်း သို့ ရောက်ရှိလာပြီးဖြစ်ပြီး သက်ဆိုင်ရာကဏ္ဍများအလိုက်ဖွဲ့စည်းထားသည့် ကော်မတီ များ၊ ကော်မရှင်များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် လုပ်ငန်းများတိုးတက် မှုအခြေအနေများကို လစဉ်ဆန်းစစ်သုံးသပ်ဆောင်ရွက်နေရန်လိုကြောင်း။
နိုင်ငံဖွံ့ဖြိုးရေးတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည်အရေးကြီးပြီး မိမိတို့အတွက် အကြီးမားဆုံးစိန်ခေါ်မှုမှာ ကုန်ဈေးနှုန်းများကြီးမြင့်ခြင်းပင်ဖြစ်ကြောင်း၊ထိုသို့ဖြစ်ပေါ်ရ ခြင်းမှာလည်း ရောင်းလိုအားနှင့်ဝယ်လိုအားများမမျှတခြင်းနှင့် ကုန်ထုတ်လုပ်မှုစရိတ် မြင့်မားခြင်းများကြောင့်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုစရိတ် ကြီးမြင့်ရခြင်းသည်လည်း ငွေကြေးတန်ဖိုး ပြောင်းလဲမှုများကြောင့်ဖြစ်သည့် အကျိုးဆက်များကြောင့်ပင်ဖြစ် ကြောင်း၊ ထို့ကြောင့် ပြည်တွင်းကုန်ထုတ်လုပ်မှုမြင့်မားစေရေးအတွက် ဆောင်ရွက်ရန် မဖြစ်မနေ လိုအပ်ကြောင်း၊ ထုတ်ကုန်ပစ္စည်းများ တိုးတက်များပြားလာမှသာ ပို့ကုန် ပစ္စည်းများရရှိပြီး ထိုမှတစ်ဆင့်ရရှိသည့်နိုင်ငံခြားငွေများဖြင့် သွင်းကုန်များကိုတင်သွင်း နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံ၏ ဝင်ငွေနှင့်ထွက်ငွေများမျှတနေမှသာ ကုန်ဈေးနှုန်း ကြီးမြင့်မှုကို အထိုက်အလျောက် လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကုန်ထုတ် လုပ်မှုများ မြင့်မားလာစေရေး ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များအနေဖြင့် အလေးထားကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း။
ပို့ကုန်များအရေအတွက်များများ ထုတ်လုပ်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီး ဌာနများအနေဖြင့်စနစ်တကျကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ ပြီးခဲ့သည့်နှစ်အတွင်း စိုက်ပျိုးရေးပို့ကုန်များပြည်ပသို့တင်ပို့နိုင်မှု လျော့နည်းခဲ့ကြောင်း၊ အဓိက သီးနှံဖြစ် သည့် ဆန်တင်ပို့မှုလျော့နည်းခဲ့သကဲ့သို့ အခြားစိုက်ပျိုးသီးနှံအချို့ တင်ပို့နိုင်မှုလျော့ နည်းခဲ့ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးပို့ကုန်များ အရေအတွက်များများထုတ်လုပ် တင်ပို့နိုင်ရေး ပြည်တွင်းလုပ်ငန်းရှင်များ အနေဖြင့် စိုက်ပျိုးရေးကုန်ထုတ်လုပ်ငန်း များတွင် ပိုမိုပါဝင်ရင်းနှီးမြှုပ်နှံဆောင်ရွက်သွားကြရန်နှင့် မိမိတို့နိုင်ငံ၏အဓိကပို့ကုန် သီးနှံဖြစ်သည့် ဆန်တင်ပို့မှုကို ပိုမိုထုတ်လုပ်တင် ပို့နိုင်ရန်လိုကြောင်း။
စက်သုံးဆီနှင့်စားသုံးဆီများ ပြည်ပမှတင်သွင်းမှုနှင့် သုံးစွဲမှုလျှော့ချနိုင်ရေး နည်းလမ်းများရှာဖွေဆောင်ရွက်သွားကြရန်လို
နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများနှင့် စီမံချက်များ ချမှတ်ရာ တွင် အခြေခံကိန်းဂဏန်း အချက်အလက်များသည် အဓိကကျကြောင်း၊ သို့ဖြစ်၍ သက် ဆိုင်ရာကဏ္ဍများအလိုက်တင်ပြသည့် ကိန်းဂဏန်းအချက်အလက်များသည် မြေပြင် နှင့် ကိုက်ညီမှုရှိရန်နှင့် မှန်မှန်ကန်ကန်ဖြစ်ရန်လိုကြောင်း၊ အလားတူလုပ်ငန်းများ အောင်မြင်မှုရှိစေရေးအတွက် ကာလတိုဆောင်ရွက်ခဲ့သည့် သုတေသနများနှင့် ကာလ ရှည်ဆောင်ရွက်ခဲ့သည့် သုတေသနလုပ်ငန်းများကိုလည်း မဖြစ်မနေသုံးသပ် ဆောင် ရွက်သွားကြရန်လိုကြောင်း၊ သွင်းကုန်နှင့်ပတ်သက်၍ မိမိတို့နိုင်ငံအနေဖြင့် စက်သုံး ဆီနှင့်စားသုံးဆီများကို နှစ်စဉ်ပြည်ပမှ တင်သွင်းနေရသဖြင့် နိုင်ငံခြားငွေများ များစွာသုံးစွဲရလျက်ရှိကြောင်း၊ စက်သုံးဆီနှင့် စားသုံးဆီများကိုတင်သွင်းမှု လျှော့ချ နိုင်ရန်အတွက်နည်းလမ်းများ ရှာဖွေဆောင်ရွက်သွားကြရန် လိုကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက်အတွက် စက်သုံးဆီသုံးစွဲမှုများကို လျှော့ချနိုင်ရန် ပြည်ပမှတင်သွင်းရန်မလိုသည့် ကျောက်မီးသွေးကို အသုံးပြု၍ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံများ တည်ဆောက်ပြီးလျှပ်စစ် ဓာတ်အားကို ထုတ်လုပ်နိုင်သကဲ့သို့ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း များကို လည်းဆောင်ရွက်နိုင်သဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး နှင့် ပြည်နယ်များအလိုက် အကောင်အထည်ဖော်ဆောင်ရွက် သွားကြရန်လိုကြောင်း၊ အလားတူ သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် စက်သုံးဆီသုံးစွဲမှုလျှော့ချ နိုင်ရန်အတွက် အများပြည်သူသယ်ယူ့ပို့ဆောင်ရေး၊ ကုန်စည်ပို့ဆောင်ရေး စနစ်တစ်ခုဖြစ်သည့် မီး ရထားခရီးစဉ်များ ပိုမိုတိုးချဲ့ပြေးဆွဲခြင်း၊ ရထားလမ်းများနှင့် မီးရထားများအဆင့် မြှင့်တင်ခြင်းများကို နိုင်ငံတော်မှ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အလားတူ မိမိတို့ နိုင်ငံ၏ လက်ရှိအခြေအနေနှင့် ကိုက်ညီသည့် ဘက္ထရီစနစ်သုံးရထား စက်ခေါင်းများ ကိုတပ်ဆင် ထုတ်လုပ်အသုံးပြုလျက်ရှိပြီးထပ်မံ၍လည်း ပိုမိုတိုးတက်အောင် ဆောင် ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ခြင်းဖြင့် ပြည်ပမှ စက်သုံးဆီ တင်သွင်းနေရမှုများကို အထိုက်အလျောက်လျှော့ချနိုင်မည်ဖြစ်ပြီး နိုင်ငံစီးပွားတိုးတက် ရေးအတွက် တစ်ဖက်တစ်လမ်းမှအထောက်အကူပြုမည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံသည် စပါးကိုအဓိကစိုက်ပျိုးထုတ်လုပ်သည့်နိုင်ငံတစ်ခုဖြစ်ပြီး ဆန် စပါး ကြိတ်ခွဲမှုများမှ ထွက်ရှိလာသည့်ဖွဲနုများမှ ဖွဲနုဆီများကိုထုတ်လုပ်ရရှိနိုင်ကြောင်း၊ ထို့ကြောင့်ပြည်တွင်းဖွဲနုဆီများ ထုတ်လုပ်နိုင်ရေးအတွက်လည်း ပြည်တွင်းတိုင်းရင်း သား လုပ်ငန်းရှင်များရင်းနှီးမြှုပ်နှံ ဆောင်ရွက်နိုင်ရေးဖိတ်ခေါ် ဆောင်ရွက်သွားရန်လို ကြောင်း၊ အလားတူအရည်အသွေးပြည့်မီသည့် ဆီများကြိတ်ခွဲထုတ်လုပ်နိုင်ရေး အတွက် အရည်အသွေးကောင်းမွန်သည့် ဆီစက်များဖြင့်ကြိတ်ခွဲနိုင်ရေး နိုင်ငံတော်မှ ပံ့ပိုး ဆောင်ရွက်သွားရန်လိုကြောင်း၊ ပြည်တွင်းစားသုံးဆီများဖူလုံမှုရှိစေရေးအဓိက ဆီထွက်သီးနှံများ ဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ်၊ ဆီအုန်း စသည့် ဆီထွက် သီးနှံများ ပိုမိုတိုးတက် ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုကြောင်း၊ ဆီထွက်သီးနှံများ အထွက်နှုန်း တိုးတက်လာစေရေး စိုက်ပျိုးရေးသုတေသန လုပ်ငန်း များကို နိုင်ငံတော်အစိုးရမှ ဆောင်ရွက်ပေးသွားကြရမည်ဖြစ်သကဲ့သို့ စိုက်ပျိုးရေးကုန် ထုတ်လုပ်ငန်းရှင်များအတွက် လိုအပ်သည့်အားပေးကူညီပံ့ပိုးမှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များမှ အနီးကပ်ကြပ်မတ်ဆောင်ရွက်ပေးရန် လိုကြောင်း။
သက်ဆိုင်ရာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် သုတေသန လုပ်ငန်းများကိုဆောင်ရွက်ရာတွင် ကုန်ထုတ်လုပ်ရေးလုပ်ငန်းတိုးတက်အောင် သုတေ သန ပြုလုပ်ရန်လိုအပ်သကဲ့သို့ ထုတ်လုပ်သည်မှ ပြည်တွင်း၊ ပြည်ပ ဈေးကွက် လိုအပ်ချက်များအထိ (Supply Chain) တစ်ခုလုံးကိုသုတေသနပြု ဆောင်ရွက်သွားရန် လိုကြောင်း၊ မည်သည့်လုပ်ငန်းကိုဆောင်ရွက်သည်ဖြစ်စေ သုတေသနပြုခြင်းကို စနစ် တကျဆောင်ရွက်မှသာ အောင်မြင်မှုရရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် သုတေသနလုပ်ငန်းများကို မဖြစ်မနေဆောင်ရွက်သွားကြရန်လို ကြောင်း။
တရားမဝင် ကုန်သွယ်မှုများလုပ်ဆောင်ခြင်းသည် နိုင်ငံတော်အတွက် နစ်နာဆုံးရှုံးမှုတစ်ခုပင်ဖြစ်
မိမိတို့၏ အိမ်နီးချင်းနိုင်ငံများတွင် အခြေခံစားကုန်များဖြစ်သည့် အသား၊ ငါး နှင့် မီးဖိုချောင်သုံးသီးနှံများကို ဈေးကွက်လိုအပ်ချက်များ အများအပြားရှိနေကြောင်း၊ သို့ ဖြစ်၍ မိမိတို့အနေဖြင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှတဆင့် အဆိုပါဈေး ကွက်များသို့ တင်ပို့ရောင်းချနိုင်ကြောင်း၊ သို့သော်လည်း အချို့သောလမ်းကြောင်းများ နှင့်ဒေသများ၌ လုံခြုံရေးဆိုင်ရာ ကန့်သတ်ချက်များကြောင့် အပြည့်အဝ တင်ပို့နိုင်ခြင်း မရှိကြောင်း၊ ကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်ရာတွင်လည်း တရားဝင်ကုန်သွယ်မှု များဖြစ်ရန်နှင့်စနစ်တကျစစ်ဆေးကြပ်မတ်ကွပ်ကဲသွားရန်လိုပြီးတရားမဝင် ကုန်သွယ် မှုများ လုပ်ဆောင်ခြင်းသည် နိုင်ငံတော်အတွက် နစ်နာဆုံးရှုံးမှုတစ်ခုပင်ဖြစ်ကြောင်း၊ ခေတ်အဆက်ဆက်တွင်လည်း ကုန်ပစ္စည်းများကို မှောင်ခိုသွင်းခြင်း၊ တင်ပို့ခြင်းများ လုပ်ဆောင်ခဲ့ကြခြင်းကြောင့် နိုင်ငံတော်အတွက် ထိုက်သင့်သည့်အခွန်အခများမရ ရှိခြင်း၊ အရည်အသွေးပြည့်မီမှုမရှိသည့် ကုန်ပစ္စည်းများကို ပြည်သူများသုံးစွဲနေကြရ ခြင်း တို့ကိုကြုံတွေ့ခဲ့ကြရသကဲ့သို့ ဝန်ထမ်းများအနေဖြင့်လည်း အဂတိမှုများကို ကျူးလွန်ခဲ့ကြသည်ကိုတွေ့မြင်ရကြောင်း၊ ကုန်ပစ္စည်းများကိုတရားမဝင်ရရှိထားသည့် ငွေကြေးများဖြင့် တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင်ကုန်သွယ်မှု ပြုနေခြင်းကို မိမိတို့အနေဖြင့် လက်ခံ၍ရမည်မဟုတ်ကြောင်း၊ ဝိသမလောဘသမား များ၏ စီးပွားရေးအရ ဈေးကွက်ကစားနေမှုများကို မိမိတို့အနေဖြင့် တရားဝင် ကုန်သွယ်မှုဖြင့် တိုက်ဖျက်သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားတိုးတက်ရေး အတွက် ပို့ကုန်တိုးမြှင့်ရန်လိုပြီး ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်၌ ကုန်ထုတ်လုပ်မှုများ တိုးမြင့်လာအောင် အားပေးဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ လုံခြုံရေးပိုင်း ဆိုင်ရာအရလည်း နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပုံမှန်အတိုင်းဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားရမည် ဖြစ်သကဲ့သို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများကလည်း လုပ်ငန်းဆောင်ရွက်မှုများ စနစ်တကျ ဖြစ်စေရေး စစ်ဆေးကြပ်မတ် ဆောင်ရွက်သွား ကြရန်လိုကြောင်း။
လျှပ်စစ်စွမ်းအင်သုံးမော်တော်ယာဉ် EV ကားများအား ပြည်တွင်း၌ အလုံးစုံ တပ်ဆင်ထုတ်လုပ်နိုင်ရေး အားပေးဆောင်ရွက်
လျှပ်စစ်စွမ်းအင်သုံးမော်တော်ယာဉ် EV ကားများနှင့်ပတ်သက်၍ ပြည်ပမှ တင် သွင်းခြင်းအစား ပြည်တွင်း၌ အစမှအဆုံး အလုံးစုံတပ်ဆင်ထုတ်လုပ်ခြင်းများကို ဆောင်ရွက်သွားနိုင်မည်ဆိုပါက အလုပ်အကိုင်အခွင့်အလမ်းများနှင့် နည်းပညာများ ရရှိနိုင်မည်ဖြစ်ကြောင်း၊ EV ကားများကို ပြည်တွင်း၌ အစမှအဆုံး အောင်မြင်အောင် ထုတ်လုပ်နိုင်မှသာလျင် ပြည်သူများကုန်ကျစရိတ် သက်သာစွာဖြင့် အရေအတွက် များများသုံးစွဲသွားနိုင်မည်ဖြစ်ကြောင်း၊ EV ကားများအား ပြည်တွင်း၌ပင် အစမှအဆုံး အောင်မြင်စွာထုတ်လုပ်နိုင်ရေး အားလုံးကဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုကြောင်း။
ပညာရေးထူးချွန်မှုအပြင် စည်းကမ်းစနစ်တကျရှိပြီး အခြေခံ စိတ်ဓာတ် ကောင်းမွန်သည့်၊ ကျန်းမာကြံ့ခိုင်သည့် စွမ်းရည်စွမ်းအားရှိသည့် ကလေးငယ်များအဖြစ် ပြုစုပျိုးထောင်ပေးသွားကြရန်လို
ပညာရေးနှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူ လူငယ်အားလုံးကို ပညာရေးပိုင်းသာမက ဘက်စုံထူးချွန်သည့် လူငယ်များဖြစ်အောင်လည်း သင်ကြားပြသ ပေးရန်လို ကြောင်း၊ ကျောင်းများအားလုံးအနေဖြင့် စံကိုက်သတ်မှတ်ချက်များနှင့်အညီ ဖြစ်ရန်လိုပြီး စာပေပိုင်းဆိုင်ရာသာမက ကျန်းမာကြံ့ခိုင်သည့် ကလေးငယ်များဖြစ်စေ ရေး၊ သုတရသ အသိအမြင်နှင့်ပြည့်စုံသည့် ကလေးငယ်များဖြစ်စေရေးအတွက်လည်း အားကစားကွင်းများ၊ စာကြည့်တိုက်များအပြင် အခြားအခြေခံလိုအပ်ချက်များ ပြည့်မီနေရန်လို ကြောင်း၊ ကလေးငယ်များအား အတန်းအောင်၊အမှတ်ကောင်းစေရေး အတွက်သာ ဦးတည် သင်ကြားပေးခြင်းမျိုးမဖြစ်စေလိုဘဲ ပညာရေးထူးချွန်မှုအပြင် စည်းကမ်းစနစ် တကျရှိပြီး အခြေခံစိတ်ဓာတ် ကောင်းမွန်သည့်၊ ကျန်းမာကြံ့ခိုင်သည့်၊ စွမ်းရည်စွမ်းအား ရှိသည့်ကလေးငယ်များအဖြစ် ပြုစုပျိုးထောင်ပေးသွားကြရန် လိုကြောင်း၊PDF အမည်ခံ အကြမ်းဖက်သမားများ လှုပ်ရှားလျက်ရှိသည့်အချို့ ဒေသများတွင် ပညာရေးပိုင်းဆိုင် ရာများ၌ယခင်ကထက်သိသိသာသာ အားနည်းလာ သည်ကို တွေ့ရှိရကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ အစကောင်းမှအနှောင်း သေချာမည်ဖြစ်သဖြင့် သင်ကြားရေးပိုင်းဆိုင်ရာ များကိုလည်း စနစ်တကျဆောင်ရွက် သွားကြရန်လိုကြောင်း၊ အေးချမ်းစွာဖြင့်ပညာ သင်ကြားနိုင်ရေး၊ အမှန်တကယ်တတ် မြောက်မှုရှိစေရေး ဆောင်ရွက်ပေးသွားကြရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်ဝန်ကြီးများအနေဖြင့်လည်း မိမိတို့ ဦးဆောင်ဦးရွက်ပြုကြရသည့် ကဏ္ဍများအလိုက် အမှန်တကယ်အလုပ်လုပ်ကြရန်လိုပြီး မိမိတို့ အားပေးအပ်ထား သည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်ခြင်းဖြင့် ဒေသနှင့် နိုင်ငံအကျိုးကို ထိထိရောက်ရောက် ဖော်ဆောင်ပေးသွားကြရန် တိုက်တွန်းမှာကြား လိုကြောင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်သွားကြရန်လို
ယင်းနောက် နိုင်ငံတော်သမ္မတက နိဂုံးချုပ်အမှာစကားပြောကြားရာ၌ နိုင်ငံ့ စီးပွားမြှင့်တင်ရေးအတွက်ဆောင်ရွက်ရာတွင် မိမိတို့အနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုဖြစ် ပြီး စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့်စီးပွားရေးကို ဆောင်ရွက်လျက်ရှိသည့်နိုင်ငံ ဖြစ်သဖြင့် Agro-Based Industry ကိုမဖြစ်မနေဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ အလား တူ နိုင်ငံတော်အတွက် အခြေခံအကျဆုံးနှင့် အဖြစ်နိုင်ဆုံး ကုန်ထုတ်လုပ်ငန်းတစ်ခု ဖြစ်သည့် MSME ကုန်ထုတ်လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားရန်လို ကြောင်း။
အလားတူခရီးသွားကဏ္ဍမြှင့်တင်ရေးလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင် ရွက်နိုင်ခြင်းဖြင့်လည်း နိုင်ငံ့စီးပွားကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဖော်ဆောင်ရာတွင် ဒေသအလိုက် လုံခြုံရေး၊ သာယာလှပရေး၊ လမ်းပန်းဆက်သွယ်ရေးတို့ ကောင်းမွန်ရုံသာမက စားသောက်နေထိုင်မှုနှင့် ဝန်ဆောင်မှုကောင်းများပေးနိုင်ရေးတို့ကိုပါ ဘက်ပေါင်းစုံမှ ထည့်သွင်းစဉ်းစား ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဒေသအလိုက်ထုတ်လုပ် လျက်ရှိသည့် ရိုးရာယဉ်ကျေးမှု ဆိုင်ရာနှင့် ဒေသထုတ်ကုန်ပစ္စည်းများသည်လည်း အရည်အသွေးမြင့် ကုန်ပစ္စည်းများ ဖြစ်ရန်လိုပြီး ထုပ်ပိုးမှုမှအစ အရည်အသွေး ကောင်းမွန်ပြီးအဆင့်အတန်း မြင့်မားရန်လို ကြောင်း။
မိမိတို့နိုင်ငံအနေဖြင့် သဘာဝမှပေးထားသည့် ရေခံမြေခံကောင်းများစွာကို ပိုင် ဆိုင်ထားရှိပြီး ရေထွက်ပစ္စည်းများကိုလည်း ပေါကြွယ်ဝစွာ ပိုင်ဆိုင်ထားရှိကြောင်း၊ သို့ ဖြစ်၍ ရေထွက်ပစ္စည်းများ ပိုမိုထုတ်လုပ်တင်ပို့ခြင်းများအပါအဝင် အခြားထုတ်ကုန် ပစ္စည်းအမျိုးမျိုးတို့ကိုလည်း အရည်အသွေးပြည့်မီစွာဖြင့် အဆင့်မြှင့်တင်ဆန်းသစ် ထုတ်လုပ်ပြီး ဈေးကွက်လိုအပ်ချက်ရှိသည့်နိုင်ငံများသို့ တင်ပို့ခြင်းဖြင့် နိုင်ငံ့စီးပွားကို မြင့်တင်နိုင်မည်ဖြစ်ကြောင်း၊ အဓိကလိုအပ်သည်မှာ အမှန်တကယ်အလုပ်လုပ်ကြရန် သာဖြစ်ကြောင်း၊ ပြည်တွင်းထုတ်ကုန်၊ ထွက်ကုန်ပစ္စည်းများအား ကုန်ကြမ်းအဆင့်ဖြင့် တင်ပို့ခြင်းမပြုဘဲ MSME လုပ်ငန်းများမှတဆင့် အရည်အသွေးမြင့် ထုတ်ကုန်ပစ္စည်း များအဖြစ် ထုတ်လုပ်တင်ပို့ခြင်းဖြင့် နိုင်ငံ့စီးပွားတိုးတက်ရေးကို များစွာအကျိုးဖြစ်စေ နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် ယခင်က နိုင်ငံတော်တွင်ဖြစ်ပေါ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ရပ်များအပေါ်သင်ခန်းစာယူ၍ မိမိတို့တာဝန် ယူထားရသည့်ကာလအတွင်း မည်ကဲ့သို့ကောင်းအောင် ဆောင်ရွက်သွားနိုင်သည် များကို အမြဲလေ့လာသုံးသပ်ဆန်းစစ်အဖြေရှာ ဆောင်ရွက်သွားကြရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် ဝန်ကြီးချုပ်များ၊ တာဝန်ရှိသူများအနေဖြင့် လည်း မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စိတ်ကောင်းစေတနာကောင်းများဖြင့် ဘက်ပေါင်းစုံမှ ကြိုးပမ်းအားထုတ် ဆောင်ရွက်သွားကြရန်လိုကြောင်း မှာကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိသည်။ (သတင်းစဉ်)