ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံး မိသားစုများ၊ ပညာတော်သင် သင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြား နေပြည်တော် ဇူလိုင်  ၄

Saturday, July 4, 2026 - 15:30

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံး မိသားစုများ၊ ပညာတော်သင် သင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော် ဇူလိုင်  ၄

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိ နေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့ညနေပိုင်းတွင် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံဆိုင်ရာ သံရုံး၊ စစ်သံရုံး မိသားစုများ၊ ပညာတော်သင် သင်တန်းသားများအား လာအိုနိုင်ငံဆိုင်ရာ မြန်မာသံရုံး၌ တွေ့ဆုံ အမှာစကား ပြောကြားသည်။

ဦးစွာ နိုင်ငံတော်သမ္မတနှင့် ဇနီး နှင့်အဖွဲ့ဝင်များသည် လာအိုနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးသို့ ရောက်ရှိကြရာ သံရုံး၊ စစ်သံရုံးမိသားစုများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံ အမတ်ကြီးနှင့် သံရုံး၊ စစ်သံရုံး မိသားစု များက တစ်ဦးချင်းမိတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတ က ယခုကဲ့သို့ သံရုံး၊ စစ်သံရုံးမိသားစုဝင်များနှင့် တွေ့ဆုံရသည့် အတွက်ဝမ်းမြောက်ကြောင်း၊ မိမိအနေဖြင့်လာအိုနိုင်ငံသို့ ယခုလာရောက်ခဲ့သည့် နိုင်ငံတော်အဆင့် ချစ်ကြည်ရေး ခရီးစဉ်သည် မိမိအနေဖြင့်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက်ပိုင်း အာဆီယံနိုင်ငံများထဲတွင် ပထမဆုံးလာရောက်ခဲ့သည့်နိုင်ငံဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံ တို့သည် ယုံကြည်စိတ်ချရသည့် အိမ်နီးချင်းကောင်းနိုင်ငံ၊ မိတ်ဆွေကောင်းနိုင်ငံများ ဖြစ်ကြကြောင်း၊ မိမိတို့နှစ်နိုင်ငံအနေဖြင့် အစဉ်အလာရှိသည့် ဆက်ဆံရေးကောင်းမွန်မှုကို အမြဲထိန်းသိမ်းနိုင်ကြမည့် နိုင်ငံများဖြစ်ကြကြောင်း။

ယခုအခါ လာအိုနိုင်ငံသည် ယခင်ကထက်များစွာဖွံ့ဖြိုးတိုးတက် ပြောင်းလဲလာသည်ကို တွေ့ရကြောင်း၊ နိုင်ငံရေးတည်ငြိမ်မှုရှိပြီး စီးပွားရေးတိုးတက်အောင်လည်း ဆောင်ရွက်လာနိုင်သည်ကို တွေ့ရှိရကြောင်း၊ မိမိတို့နှစ်နိုင်ငံအနေဖြင့် ဆက်ဆံရေး အထူးကောင်းမွန်လျက်ရှိပြီးသံရုံး၊ စစ်သံရုံး တို့တွင် တာဝန်ထမ်းဆောင်နေကြသူများ အနေဖြင့်လည်း မိမိတို့တာဝန်ထမ်းဆောင် နေချိန်တွင် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန် အောင်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ နှစ်နိုင်ငံမဟာ ဗျူဟာမြောက် မိတ်ဖက်နိုင်ငံများအဖြစ် အဆင့်မြှင့်တင်နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း၊ နှစ်နိုင်ငံအကြား နိုင်ငံ့အကြီးအကဲများ ချစ်ကြည်ရေးခရီးစဉ်များအပြန်အလှန် လည်ပတ်ခြင်း များကိုလည်း တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံအနေဖြင့် ယခုအခါ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းလျက် ရှိကြောင်း ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပေါ်ခဲ့မှုကြောင့် တပ်မတော်အနေဖြင့် နိုင်ငံတော်တာဝန်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ထမ်းဆောင်ခဲ့ရကြောင်း၊ သို့သော်တပ်မတော်အနေဖြင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာဖြင့် ဆက်လက်လျှောက်လှမ်းနိုင်ရေး ကြိုးပမ်းဆောင်ရွက် ပေးခဲ့ကြောင်း၊ ယခင်ဒီမိုကရေစီအစိုးရ သက်တမ်းကာလနှစ်ခုတွင်လည်း အကောင်းဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက် ခဲ့ကြောင်း။

ယခုအခါမိမိတို့အနေဖြင့် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကို အောင်မြင်စွာ ဖြင့်ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း၊ ပြည်သူများမှ ရွေးချယ်သည့် ရွေးကောက်ခံ ကိုယ်စားလှယ်များဖြင့် လွှတ်တော်ကျင်းပ၍ ယခုအခါရွေးချယ်ခံအစိုးရအဖွဲ့မှ နိုင်ငံတော်တာဝန်များကိုအရှိန်အဟုန်ဖြင့် ထမ်းဆောင်နေပြီဖြစ်ကြောင်း၊ သို့သော် အချို့နိုင်ငံများအနေဖြင့် ၎င်းတို့အကျိုးစီးပွားကို ထိခိုက် မည်ကို စိုးရိမ်သောကြောင့် မိမိတို့နိုင်ငံတွင် ပြည်သူများက ရွေးချယ်ထားသည့် အစိုးရမှ နိုင်ငံတော် တာဝန်ထမ်းဆောင်နေမှုကို လက်မခံလိုကြကြောင်း၊ သို့သော် မိမိတို့အစိုးရအနေဖြင့် အခက်အခဲများ ကြားမှ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ဆက်လက်ကြိုးပမ်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း။

အာဆီယံနိုင်ငံများအထဲတွင် လာအိုနိုင်ငံအနေဖြင့် မိမိတို့နိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲ မှုများကိုလက်ခံသဖြင့် မိမိကို ၎င်းတို့နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ဖိတ်ကြားခဲ့ခြင်း ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အာဆီယံအဖွဲ့အတွင်း သဘောတူညီမှုများကို မိတ်ဝတ်မပျက် လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်နေမှုများကို အားလုံးက သိရှိကြရန်လိုကြောင်း၊ လာအိုနိုင်ငံသို့အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသည့် မိမိတို့ နိုင်ငံသားများကိုလည်း တတ်နိုင်သရွေ့စောင့်ရှောက်ပေးသွားကြရန်နှင့် စည်းစည်းလုံးလုံး နေထိုင်သွားကြရန်မှာကြားရန်လိုကြောင်း၊ လာအိုနိုင်ငံတွင် လာရောက်တာဝန်ထမ်းဆောင်လျက် ရှိသည့် သံရုံး၊ စစ်သံရုံးမိသားစုများအနေဖြင့် ပြည်ပနိုင်ငံသို့ရောက်ရှိနေချိန်အတွင်း ရရှိသည့် အားလပ် ချိန်များ၌ အင်္ဂလိပ်စာ၊ AI  နည်းပညာနှင့် ကွန်ပျူတာ နည်းပညာပိုင်းဆိုင်ရာများကို တစ်ဦးချင်း လေ့လာဆောင်ရွက်သွားကြရန်လိုကြောင်း၊ နောင်တစ်ချိန်တွင် တိုင်းပြည်အတွက် စွမ်းဆောင် နိုင်သူများ ဖြစ်ရန် မျှော်လင့်ကြောင်း။

လာအိုနိုင်ငံတွင် လာရောက်၍ ပညာသင်ကြားလျက်ရှိသည့် ပညာတော်သင် သင်တန်းသား အရာရှိများအနေဖြင့်လည်း မိမိတို့ဘာသာစကားတွင် အသုံးပြုလျက် ရှိသည့် ဗျည်းနှင့် သရများ၏ အားသာချက်ကိုအသုံးချ၍ လာအိုဘာသာစကားကို နားလည်တတ်ကျွမ်းအောင် သင်ယူသွားကြ စေလိုကြောင်း၊ မည်သည့်ဘာသာစကားကို တတ်ကျွမ်းသည်ဖြစ်စေ မိမိတို့ဘဝအတွက် အကျိုး ဖြစ်ထွန်းစေမည်ဖြစ်သဖြင့် ကြိုးစားသင်ယူကြစေလိုကြောင်းမှာကြားပြီး လိုအပ်ချက်များကို မေးမြန်း ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ယင်းနောက် နိုင်ငံတော်သမ္မတ က သံရုံး၊ စစ်သံရုံး မိသားစုများ၊ ပညာတော်သင် သင်တန်းသား အရာရှိများအတွက် စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ရာ သံအမတ်ကြီး၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ)နှင့် ပညာတော်သင် သင်တန်းသားများက လက်ခံရယူကြသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတက သံရုံးရှိဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးပြီး လာအိုနိုင်ငံဆိုင်ရာ မြန်မာသံရုံးအဆောက်အဦ သစ်တည်ဆောက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေး၍ သံအမတ်ကြီးနှင့် တာဝန်ရှိသူများ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များလမ်းညွှန် မှာကြားသည်။

ထို့နောက် မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ရုံးသို့ ရောက်ရှိကြရာ စစ်သံမှူးနှင့် တာဝန် ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး နိုင်ငံတော်သမ္မတသည် မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ရုံးအတွင်း လှည့်လည်ကြည်ရှုစစ်ဆေး၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။