နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ကြမည့် နိုင်ငံ့သားကောင်းရတနာ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၄) သင်တန်းဆင်းပွဲများ ကျင်းပပြုလုပ်
နေပြည်တော်၊ ၂၀၂၆ ဇူလိုင် ၃
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၄)၏ သင်တန်းဆင်းပွဲ အခမ်းအနား များကို ယနေ့တွင် တိုင်းစစ်ဌာနချုပ်အသီးသီးရှိ နယ်မြေခံသင်တန်းကျောင်းများ၌ ကျင်းပပြုလုပ်ကြရာ အဆိုပါ သင်တန်းဆင်းပွဲများကို သင်တန်းဆင်းစစ်ရေးပြ အစီအစဉ်အတိုင်း ဆောင်ရွက်ကြပြီး သင်တန်းသားများက နိုင်ငံတော်အလံကိုကိုင်၍ ကတိသစ္စာခံယူ ကြသည်။ ထို့နောက် သင်တန်းကျောင်းများ အလိုက် သက်ဆိုင်ရာတာဝန်ရှိသူများက သင်တန်းဆင်းအမှာစကားများ အသီးသီး ပြောကြားကြပြီး သင်တန်းဆင်းထူးချွန်ဆု ရရှိသူများအား ဂုဏ်ပြုဆုများအသီးသီး ပေးအပ် ချီးမြှင့်ကြသည်။
သင်တန်းဆင်းပွဲ အခမ်းအနားများအပြီးတွင် သင်တန်းဆင်းပွဲများသို့ တက် ရောက်ကြသော တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၄)မှ သင်တန်းဆင်း နိုင်ငံ့သားကောင်း စစ်သည်များအား သင်တန်းကျောင်းခန်းမ များ၌ တွေ့ဆုံအမှာစကား ပြောကြားပြီး ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကြ သည်။
အဆိုပါ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၄)မှ သင်တန်းသားများကို ကြံ့ခိုင်ရေးဘာသာရပ်၊ စစ်ရေးပြဘာသာရပ်၊ စစ်နည်းဗျူဟာဘာသာရပ် စသည့် ဘာသာရပ်များနှင့် အထွေထွေဘာသာရပ်များကို အဆင့်ဆင့် လေ့ကျင့်သင်ကြားပေး ခဲ့ကြကြောင်း သိရှိရသည်။
နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိသည့်အပြင် “နိုင်ငံတစ်နိုင်ငံ၏ လွတ်လပ်ရေး၊ အချုပ်အခြာ အာဏာနှင့် နယ်မြေတည်တံ့ ခိုင်မြဲရေးအတွက် နိုင်ငံသားတိုင်းတွင်တာဝန်ရှိသည်” ဟူသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဉပဒေ (၂၀၀၈ ခုနှစ်) ပါ ပြဋ္ဌာန်းချက်များကို လက်တွေ့အကောင်အထည်ဖော်ခဲ့သည့် ပြည်သူ့စစ်မှုထမ်း ဉပဒေအရ ယင်းတာဝန်များကိုထမ်းဆောင်နိုင်ရန်အတွက် စိတ်အားထက်သန်စွာ စာရင်း ပေးသွင်းကြသည့် လူငယ်များအား ပြည်သူ့စစ်မှုထမ်းသင်တန်းများ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိရာ ယခုအခါ သင်တန်းအမှတ်စဉ်(၂၄)အထိ အောင်မြင်စွာ ဖွင့်လှစ်သင်ကြား ပေးနိုင်ခဲ့ပြီးဖြစ်သည်။
နိုင်ငံတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားများ၏ အခွင့် အရေးကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိပြီး နိုင်ငံသားများအနေဖြင့်လည်း နိုင်ငံ့ တာဝန်များကို ထမ်းဆောင်ကြရမည်ဖြစ်ရာ နိုင်ငံတော်က ပေးအပ်သည့် တာဝန်များကို နိုင်ငံကြီးသားပီသစွာနှင့် ကျေပွန်စွာထမ်းဆောင်ရန်ဆန္ဒရှိကြသည့် နိုင်ငံ့သားကောင်း များသည် ပြည်သူ့စစ်မှုထမ်းသင်တန်းများ တက်ရောက်ကာ နိုင်ငံတော်ကာကွယ် ရေးနှင့် လုံခြုံရေးတာဝန်များကို အမြဲတမ်းစစ်မှုထမ်းများနှင့်အတူ ထမ်းဆောင်နေ ကြပြီဖြစ်သည်။
ထိုသို့ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၄)တွင် တက်ရောက်ခဲ့ကြသည့် အတွေ့အကြုံများ၊ သင်တန်းမှရရှိခဲ့သည့် အလေ့အကျင့်ကောင်းများ၊ ယုံကြည်ချက်၊ ခံယူချက်များနှင့် သင်တန်းဆင်းပြီးနောက် မိမိတို့တာဝန်ကျရာတပ်ရင်း၊ တပ်ဖွဲ့များ၌ ဆက်လက် တာဝန်ထမ်းဆောင်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ သင်တန်း ဆင်း နိုင်ငံ့သားကောင်းစစ်သည်များ၏ စကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရ ပါသည်----
၁။ ကျွန်တော် ဒီကိုလာရောက်တက်ရောက်ရခြင်းကတော့ ကျွန်တော် ကိုယ်ပိုင် ဆန္ဒပြုပြီး တော့ လာတာပေါ့နော်။ ဘာလို့လည်းဆိုတော့ နိုင်ငံသားတိုင်းထမ်းဆောင်ရမယ့် (၂)နှစ်တာ ပြီး သွားတဲ့ အချိန်မှာဆိုလို့ရှိရင် ကိုယ်ပိုင်လုပ်ငန်း အခွင့်အလမ်းတွေ ပြီးတော့ အလုပ်အကိုင် အခွင့် အလမ်းတွေ အများကြီး ပေါများတယ်။ သင်ကြားပေးတဲ့ ဘာသာရပ်တွေ အများကြီးထဲမှာမှ ကျွန် တော့်အနေနဲ့ကတော့ စစ်နည်းဗျူဟာဘာသာရပ်ကိုတော့ သဘောအကျဆုံးပါ။ ဘာလို့လည်းဆို တော့ ဒီစစ်နည်းဗျူဟာတွေနဲ့ ရန်သူတွေကို ကျွန်တော်တို့ ခြေမှုန်းမယ်။ ပြီးတော့ ဒီ(၂)နှစ်တာ ကာလမှာ ဘယ်လိုအကောင်းဆုံး တာဝန်ထမ်းဆောင်ရမလဲဆိုတာကို ပိုပြီးတော့ နားလည်တတ် ကျွမ်းသွားတယ်လို့ ထင်ပါတယ်။ ပြည်သူ့စစ်မှုထမ်းအမှတ်စဉ် (၂၄) မှာ စံပြဆုကို ရရှိခဲ့ပါတယ်။ ဒီစံပြဆုကို ရအောင် အခက်အခဲတွေ အများကြီးရှိခဲ့တယ်။ ပြီးတော့ ကျွန်တော်ကြိုးစားမှုတွေ အများကြီး လုပ်ခဲ့ရတယ်။ (၂)နှစ်တာ ပြီးသွားရင်လည်း ပြန်လည် အသုံးချမယ့် ပညာတွေလည်း အများကြီး ရခဲ့ပါတယ်။ သင်တန်းကာလတစ်လျှောက်မှာ အခက်အခဲတွေကတော့ အများကြီး ကြုံခဲ့သလို သင်ခန်းစာတွေ အများကြီးရခဲ့တယ်။ အဲ့ဒီအပြင် အမှတ်တရတွေလည်း အများကြီး ရှိခဲ့ပါတယ်။ အဲ့ဒီအပြင်ကိုမှ ကိုယ့်အနေနဲ့ ဒီရဲဘော်ရဲဘက်စိတ်ကိုတော့ ဘယ်လိုမျိုးထားရမယ်။ ကိုယ့်ရဲ့ အပေါင်းအပါတွေ ကိုယ့်သူငယ်ချင်း အချင်းချင်းကို ဘယ်လိုမျိုးသစ္စာရှိရမယ် ဆိုတာနဲ့ ပတ်သက်ပြီးတော့ ပိုပြီးတော့ သိရှိလာတယ်လို့ ထင်ပါတယ်။ အပြင်ကနေ ကြားခဲ့တဲ့ စကားတွေ လည်း အရမ်းကြီးတော့ စိတ်မပူပါနဲ့။ တကယ်တန်း တက်ရောက်မယ့် ညီငယ်လေးတွေ ရှိခဲ့ရင် လည်း အစောကြီး တက်ရောက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
၂။ အတွေ့အကြုံတွေကတော့ အများကြီးပေါ့။ အမှတ်တရတွေလည်း အများကြီး ရှိခဲ့ပါ တယ်။ ကျွန်တော်တို့ စစ်အခြေခံပညာရပ်ကို သင်ကြားတဲ့အခါမှာ အပြင်ဘဝကနေ စစ်သားဘဝ ကို ရောက်တဲ့အခါမှာ အများကြီး ပြုပြင်ပြောင်းလဲရတာပေါ့။ စစ်သားဘဝမှာ ဆိုရင်တော့ အရာအားလုံး စည်းစနစ်နဲ့ သွားရတာကြောင့်မို့လို့ အရပ်ဘက်ဆိုင်ရာ နေထိုင်မှုတွေနဲ့တော့ အများကြီး ပြောင်းလဲသွားတယ်။ အမှတ်တရတွေကတော့ အများကြီး ရှိခဲ့တယ်။ ကျွန်တော်တို့ စစ်အခြေခံသဘောတရားတွေ စစ်နည်းဗျူဟာတွေ လက်နက်နဲ့ပတ်သက်တဲ့ အရာတွေအားလုံး ကို အများကြီးသိရှိခဲ့ရပါတယ်။ နည်းပြဆရာတွေကိုလည်း အထူးပဲ ကျေးဇူးတင်ပါတယ်။ ကျွန် တော်တို့ကို စည်းကမ်းပိုပြီး ရှိသွားတဲ့ လူတစ်ယောက်အဖြစ် မွေးထုတ်ပေး ခဲ့တဲ့အတွက်ကြောင့် မို့လို့ အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ သင်တန်းကာလ ပြီးဆုံးသွားတဲ့ အတွက်ကြောင့် မိမိတာဝန်ကျရာတပ်ကို သွားရမှာ ဖြစ်တဲ့အတွက်ကြောင့်မို့ (၂)နှစ်ဆိုပေမယ့်လည်း ကျွန်တော် အမြဲတမ်း စစ်မှုထမ်းနိုင်အောင်လို့ ဆန္ဒပြုလျက်ရှိပါတယ်။








