သတ်မှတ်စစ်မှုထမ်းကာလပြည့်မြောက်ခဲ့သည့် ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၃/၂၀၂၄)မှ ပြည်သူ့စစ်မှုထမ်းများအား ပြည်သူ့စစ်မှုထမ်းတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ထိုက်တန်စွာချီးမြှင့်ပေးအပ် နေပြည်တော် ၂၀၂၆၊ ဇူလိုင် - ၁

Thursday, July 2, 2026 - 08:45

‌         ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပါ ပြဋ္ဌာန်းချက်တွင် ပါဝင်သည့် “နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက်စစ်မှုထမ်းရန် တာဝန် ရှိသည်” ဟူသည့်အချက်အား လက်တွေ့အကောင်အထည်ဖော်ခဲ့ပြီး ပြည်သူ့စစ်မှုထမ်း ဥပဒေအရ  ပြည်သူ့စစ်မှုထမ်းအမှတ်စဉ် (၃/၂၀၂၄) တွင် မိမိဆန္ဒအလျောက် စိတ်အား ထက်သန်စွာ ပါဝင်စာရင်းပေးသွင်းကာ နိုင်ငံတော်ကာကွယ်ရေးနှင့် နယ်မြေတည် ငြိမ်အေးချမ်းရေးတာဝန်များကို နိုင်ငံ့သားကောင်းများပီသစွာ စွမ်းစွမ်းတမံ ထမ်းဆောင် ခဲ့ကြသော ပြည်သူ့စစ်မှုထမ်းများသည် ယခုအခါသတ်မှတ်စစ်မှုထမ်းကာလ ပြည့်မြောက် ခဲ့ပြီ ဖြစ်သည်။

ထိုသို့ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့်  နိုင်ငံ့သားကောင်း ပြည်သူ့ စစ်မှုထမ်းများအား ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်းလက်မှတ် ချီးမြှင့်ပေးအပ်ခြင်း နှင့် ပြည်သူ့စစ်မှုထမ်းတံဆိပ် ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားများကို ယနေ့တွင် တိုင်းစစ်ဌာနချုပ်အသီးသီး၌ ကျင်းပပြုလုပ်ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသ ကြီးနှင့်ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိ သူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သတ်မှတ်စစ်မှုထမ်းကာလကို တာဝန်ကျေပွန် စွာ ထမ်းဆောင်ပြီးမြောက်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ တက်ရောက်ကြသည်။

အခမ်းအနားများတွင် တိုင်းဒေသ ကြီးနှင့်ပြည်နယ် များမှ ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများက ဂုဏ်ပြုအမှာစကားများ အသီးသီးပြောကြားကြသည်။ ထို့နောက်  နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက စစ်မှုထမ်း တာဝန်ကျေပွန်စွာ ထမ်းဆောင်၍ သတ်မှတ်စစ်မှုထမ်းကာလပြည့်မြောက်ခဲ့သည့် နိုင်ငံ့ သားကောင်းပြည်သူ့စစ်မှုထမ်းများအား ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်၊ ပြည်သူ့စစ်မှုထမ်းတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ   ပေးအပ်ချီးမြှင့်ကြပြီး အခမ်း အနားအသီးသီးသို့ တက်ရောက်လာကြသူများအား လက်ဖက်ရည်ဝိုင်းများ၊ ဂုဏ်ပြု နေ့လယ်စာများဖြင့် တည်ခင်းဧည့်ခံ၍ နိုင်ငံ့သား ကောင်းစစ်သည်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။

သတ်မှတ်စစ်မှုထမ်းကာလ ပြည့်မြောက်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းများအနေဖြင့် နိုင်ငံတော်တွင် ဖြစ်ပေါ်လျက်ရှိသည့် အရေးပေါ်အခြေအနေများတွင် ကိုယ်ကျိုးမဖက် စွန့်လွှတ်အနစ်နာခံကာ ၎င်းတို့၏ဘဝတွင် နိုင်ငံတော်အပေါ် သစ္စာစောင့်သိမှု၊ စည်းကမ်းလိုက်နာမှုတို့ဖြင့် ပေးအပ်လာသော နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို ဂုဏ်ယူစွာထမ်းဆောင်ခဲ့ကြသည့်အပြင် သဘာဝဘေးများကျရောက်ချိန်တွင်လည်း ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ သွားရောက်ကူညီကယ်ဆယ် ကြသူများအဖြစ်လည်းကောင်း၊ နိုင်ငံကြီးသား ပီသစွာဖြင့် ဥပဒေပါ တာဝန်များကို ကျေပွန်ခဲ့ကြသူများအဖြစ် လည်းကောင်း သမိုင်းဝင် ကမ္ဗည်းမော်ကွန်းထိုး မှတ်တမ်းဝင် ခဲ့ကြပြီဖြစ်သည်။ နိုင်ငံတော်နှင့် တပ်မတော်အနေဖြင့်လည်း ၎င်းတို့စစ်မှုထမ်းဆောင် စဉ် ကာလတစ်လျှောက်တွင် ရသင့်ရထိုက်သည့် အကျိုးခံစားခွင့်များ၊ လစာ၊ ရိက္ခာနှင့် အခြားထောက်ပံ့မှုများ ရရှိစေရေးအတွက် စနစ်တကျ ဆောင်ရွက်ပေးခဲ့သည့်အပြင် ပြည်သူ့စစ်မှုထမ်းနိုင်ငံ့သားကောင်းများက နိုင်ငံတော်အတွက် လိုအပ်နေသည့်အချိန် တွင် အသက်ကိုပဓာနမထားဘဲ နိုင်ငံ့အကျိုးအတွက် တပ်မတော်၏ အရန်အင်အား အဖြစ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့မှုအပေါ် နိုင်ငံတော်နှင့် တပ်မတော်က တန်ဖိုးထား လေးစားဂုဏ်ပြုလျက်ရှိကြောင်း သိရှိရသည်။

ပြည်သူ့စစ်မှုထမ်းများသည် သတ်မှတ်စစ်မှုထမ်းကာလပြီးဆုံးပါက မိမိသဘော ဆန္ဒအလျောက် တပ်မတော်တွင် ဆက်လက်အမှုထမ်း‌ဆောင်လိုပါက ထမ်းဆောင်နိုင် ခြင်း၊ ကုမ္ပဏီဝန်ထမ်းဖြစ်ပါက ယခင်အလုပ်အကိုင်(သို့) အလားတူ ရာထူးအတိုင်း ပြန်လည်ခန့်အပ်ခံရခြင်းနှင့် နိုင်ငံတော်မှ ပေးအပ်ချီးမြှင့်သည့် ထိုက်သင့်သော အကျိုး ခံစားခွင့်များကို ရရှိမည်ဖြစ်သည်။ ထို့ပြင် သတ်မှတ်စစ်မှုထမ်းကာလ ပြည့်မြောက်ပြီး သူများအနေဖြင့် အလုပ်အကိုင်ရရှိရေးများနှင့် ပတ်သက်၍လည်း ၎င်းတို့ ဆန္ဒရှိပါက သက်ဆိုင်ရာဝန်ကြီးဌာနများတွင် ဖွင့်လှစ်လျက်ရှိသော အသက်မွေးဝမ်းကျောင်း သင်တန်းများသို့ တက်ရောက်နိုင်ရေး၊ အစိုးရဝန်ထမ်းအပါအဝင် ပြည်တွင်း/ပြည်ပ ကုမ္ပဏီဝန်ထမ်းအဖြစ် လုပ်ကိုင်နိုင်ရေးနှင့် ၎င်းတို့၏ရပ်ရွာများ၌ ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်နိုင်ရေးတို့အတွက် “စစ်မှုထမ်းတာဝန် ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများ အလုပ် အကိုင်ရရှိရေး စီမံခန့်ခွဲမှုကော်မတီ” က သက်ဆိုင်ရာဝန်ကြီးဌာနများ၊ မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများတို့နှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူ့စစ်မှုထမ်းအချို့အနေဖြင့် သက်ဆိုင်ရာ ရုံး၊ ဌာနများနှင့် လုပ်ငန်းများတွင် ဝင်ရောက်အလုပ်လုပ်ကိုင်လျက်ရှိကြောင်း သိရှိရသည်။  

ထို့ပြင် နိုင်ငံ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ့သားကောင်း ပြည်သူ့စစ်မှုထမ်းအချို့သည်လည်း နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ကို ဆက်လက်ထမ်းဆောင်လိုသည့်အတွက် ကိုယ်တိုင်ဆန္ဒပြု၍ တပ်မတော်တွင် ဆက်လက်တာဝန် ထမ်းဆောင်ကြသည်များလည်းရှိကြကြောင်း သိရှိရသည်။

ယခုကဲ့သို့ နိုင်ငံ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်၍ သတ်မှတ်ကာလပြည့် မြောက်ခဲ့ကြသည့် နိုင်ငံသားကောင်း ပြည်သူ့စစ်မှုထမ်းများအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားသည် နိုင်ငံတော်အတွက်  နိုင်ငံ့သားကောင်းများပီပီ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသူများကို ထိုက်ထိုက်တန်တန် တန်ဖိုးထားခြင်းဖြစ်ပြီး တပ်မတော်နှင့် ပြည်သူအကြား ယုံကြည်မှု၊ အပြန်အလှန်လေးစားမှု၊ ကိုယ်ချင်းစာနားလည်မှုနှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် နိုင်ငံသားတိုင်း၏ တာဝန်ရှိမှု၊ တာဝန်သိမှု တို့ကို ဖော်ပြသည့် သမိုင်းဝင်မှတ်တိုင်တစ်ခုဖြစ်ရာ လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသည့် ပြည်သူ့စစ်မှုထမ်းများ၊ သင်တန်းတက်ရောက်နေဆဲဖြစ်သည့် ပြည်သူ့စစ်မှုထမ်းများနှင့် နောင်လာ နောက်သား မျိုးဆက်သစ် လူငယ်လူရွယ်များအတွက်လည်း စံနမူနာကောင်း တစ်ခုပင် ဖြစ်သည်။ ထို့ပြင် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ခဲ့ကြ သည့် နိုင်ငံ့သားကောင်းများ၏ တာဝန်ကျေပွန်မှုများသည် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးကဏ္ဍတွင် ပြည်သူတစ်ရပ်လုံးက စိတ်အားထက်သန်စွာ ပူးပေါင်းပါဝင်လာ ပြီး တပ်မတော်နှင့် ပြည်သူ တစ်သားတည်းဖြစ်တည်မှုကို အပြည့်အဝ သက်သေထူသည့် သမိုင်းဝင် မှတ်တိုင်တစ်ခုလည်း ဖြစ်သည်။  

သတ်မှတ်ကာလပြည့်မြောက်ခဲ့သည့်  နိုင်ငံ့သားကောင်း ပြည်သူ့စစ်မှုထမ်းများ၏ စကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်။

၁။      ကျွန်တော်တို့ ပုံမှန်အားဖြင့်ဆိုရင်တော့ ကျွန်တော်ကတော့ ဗဟိုကင်း ကင်းသား ပေါ့။ အမှတ်တရတွေကတော့ အများကြီးပါဘဲ။ ဒါပေမယ့် မှတ်မှတ်ရရဖြစ်တာဆိုလို့ ကျွန်တော်တို့ လှုပ်ရှားထွက်တဲ့ အချိန်တွေမှာဆိုလို့ရှိရင်တော့ အသက်အန္တရာယ်နဲ့ ရင်ဆိုင် ရတဲ့အခါကြလို့ရှိရင် ညီအစ်ကိုတွေပေါ့ ကျွန်တော်တို့ ဒီအပတ်စဉ်(၃) ညီအစ်ကို တွေ တစ်ခြားသန္ဓေညီအစ်ကိုတွေ အကုန်လုံးက ဆွဲစရာရှိတာဆွဲ ပစ်စရာရှိတာပစ် အကုန်လုံးရိုင်းပင်းကူညီကြပါတယ်ပေါ့ အဲဒါမျိုးပေါ့ အမှတ်တရကတော့ အဲဒါဘဲရှိပါ တယ်ခင်ဗျ။ ကျွန်တော်က တက္ကသိုလ်ဝင်တန်းဖြေ ထားတယ်။ အောင်သွား တယ်။ ကျွန်တော်ဒီကထွက်လို့ရှိရင်တော့ နည်းပညာတက္ကသိုလ် တက်ဖို့ ရှိပါတယ်။ (၂) နှစ်တာ တာဝန်ထမ်းဆောင်ပြီးသွားတဲ့အခါကြတော့ ကျွန်တော်တို့ ပျော်ပါတယ်။ မိသားစုနဲ့ ပြန်ဆုံတွေ့ရမှာ ကျွန်တော်တို့ ဒီ (၂)နှစ်အတွင်းမှာ မတွေ့ရတာတော့ မဟုတ်ပါဘူး။ တွေ့ရပါတယ်။ ဒါပေမယ့် အခုလောလောဆယ်မှာတော့ အိမ်ပြန်ရမှာဆိုတော့ ကျွန်တော်တို့လည်း ပျော်တာပေါ့။ အခုအိမ်မပြန်ရသေးဘဲ ကျန်ခဲ့တဲ့ တစ်ခြားအပတ် စဉ်(၃) နောက်က ညီအစ်ကိုတွေပေါ့ ပြောချင်တာကတော့ ကျွန်တော်တို့ အဖွဲ့အစည်း အပေါ် သစ္စာရှိပါ။ တပ်မတော်အပေါ် သစ္စာရှိပါ။ ကျွန်တော်ပြောချင်တာကတော့ အဲ့ဒါ ပါဘဲ။

၂။      နိုင်ငံတော်အတွက် အဓိက လိုအပ်နေတဲ့အချိန်မှာ နိုင်ငံသားတစ်ယောက် အနေနဲ့တာဝန်ရှိ တယ်လို့ခံစားရပြီး မိမိသဘောဆန္ဒအလျောက် သတင်းပို့ ဝင်ရောက် ခဲ့ခြင်းပဲဖြစ်ပါတယ်။ တာဝန် ထမ်းဆောင်ခဲ့တဲ့ ကာလအတွင်းမှာ စစ်သား တစ်ယောက် အနေနဲ့ ဆရာ၊ ဆရာကြီးများရဲ့ ဆုံးမ စကားအတိုင်း စည်းကမ်းကို တိကျစွာလိုက်နာပြီး အောင်မြင်စွာနဲ့ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ပြည်သူ့စစ်မှုထမ်း ညီငယ်တွေကို ကျွန်တော့် အနေနဲ့ မှာကြားလိုတာကတော့ (၂) နှစ်တာကာလ အတွင်း မှာ စစ်သားကောင်း တစ်ယောက် ပီသစွာ နေထိုင်ကျင့်ကြံကြပြီး တာဝန်များကို ကျေပွန် အောင်ထမ်း ဆောင်ကြဖို့ မှာကြားလိုပါတယ်။ နိုင်ငံတော်အဆင့်က အသိအမှတ်ပြုခံရပြီး တော့ ယခုလို လက်မှတ်ချီးမြှင့်ခံရတဲ့အတွက် အတိုင်းမသိ ဂုဏ်ယူဝမ်း မြောက်မိ ပါတယ်။