ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း မြိတ်တပ်နယ်နှင့် ကျွန်းစုမြို့ရှိ နယ်မြေခံတပ်ရှိ အရာရှိ၊ စစ်သည် မိသားစုဝင်များအား သီးခြားစီတွေ့ဆုံအမှာစကားပြောကြား ၊ တပ်ရင်း/တပ်ဖွဲ့များအား ကြည့်ရှုစစ်ဆေး

Wednesday, June 24, 2026 - 04:00

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း မြိတ်တပ်နယ်နှင့် ကျွန်းစုမြို့ရှိ နယ်မြေခံတပ်ရှိ အရာရှိ၊ စစ်သည် မိသားစုဝင်များအား သီးခြားစီတွေ့ဆုံအမှာစကားပြောကြား တပ်ရင်း/တပ်ဖွဲ့များအား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ၂၀၂၆ ဇွန် ၂၄

          ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး‌ ကျော်စွာလင်း သည် ဇနီး ဒေါ်နန်းကူးကူ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်ကျော်ဟန်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် မြိတ်တပ်နယ်နှင့် ကျွန်းစုမြို့ရှိ နယ်မြေခံတပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား သီးခြားစီ သွားရောက်တွေ့ဆုံ၍ အမှာစကားပြောကြားသည်။

          ဦးစွာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး‌ ကျော်စွာလင်း က အမှာစကားပြောကြားရာတွင် ကြည်း၊ ရေ၊ လေ၊ လက်ရုံး တပ်ဖွဲ့အသီးသီးရှိ တပ်မတော်သားအားလုံးသည် ညီရင်းအစ်ကိုသဖွယ် စိတ်ဓာတ်များဖြင့် နိုင်ငံ့တာဝန်ကို ထမ်းဆောင်နေကြသူများဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် ဖြစ် ပေါ်လာသည့် နိုင်ငံရေးဖြစ်စဉ်များကြောင့် တပ်မတော်က နိုင်ငံတော်၏တာဝန် အရပ်ရပ် အား စတင်တာဝန်ယူ ထမ်းဆောင်ချိန်တွင် နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းဖြင့် မဖြေရှင်းဘဲ လက်နက်ကိုင်အကြမ်းဖက်နည်းလမ်းဖြင့် ဆောင်ရွက်လာသည့်အတွက် တပ်မတော်အနေဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးအတွက် မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ၊ တည်ငြိမ်အေးချမ်းရေးကိုလိုလားသည့် ပြည်သူလူထုများနှင့် အတူတကွ ပူးပေါင်း၍ တရားဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း။

          ၂၀၂၅ ဒီဇင်ဘာလနှင့် ၂၀၂၆ ဇန်နဝါရီလများတွင် ကျင်းပခဲ့သော လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲမှတစ်ဆင့် နိုင်ငံအဝှမ်း ပြည်သူလူထုက မိမိတို့သဘောဆန္ဒအလျောက် ဆန္ဒမဲများပေးကြကာ ပြည်သူလူထုမှ ရွေးချယ်တင်မြှောက်သည့် နိုင်ငံတော်အစိုးရသစ် တစ်ရပ်ပေါ်ထွန်းခဲ့ကြောင်း၊ ယခုအခါ တွင် အစိုးရသစ်၏ ဦးဆောင်မှုဖြင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှုလုပ်ငန်းများကို အရှိန် အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော် အနေဖြင့်လည်း နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုအောက်တွင် တပ်မတော်သားများ အားလုံးက ကျရာတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နေကြခြင်း ဖြစ်ကြောင်း။

တပ်မတော်သားများသည် သစ္စာ(၄) ချက်ကို နေ့စဉ်ရွတ်ဆိုနေရသည်နှင့်အညီ သစ္စာ (၄)ချက်ပါအချက်များအတိုင်း ကျင့်ကြံနေထိုင်ကြရန်လိုကြောင်း၊ တပ်မတော်သားများ အနေဖြင့် ဒို့တာဝန် အရေး(၃)ပါးကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်နေကြသူများပီပီ မိမိတို့၏ လုပ်ငန်းတာဝန်ကို ဂုဏ်ယူကြရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ အချုပ်အခြာ အာဏာ နှင့် နိုင်ငံတော်၏ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် အဖိုးတန် သယံဇာတ များကို ကာကွယ်စောင့်ရှောက်ရန်မှာ တပ်မတော်တွင် တာဝန်ရှိကြောင်း၊ ထိုကဲ့သို့ တာဝန်ထမ်း ဆောင်နိုင်ရန်အတွက် တပ်မတော်သား အရာရှိ၊ စစ်သည်အဆင့်အတန်း အားလုံးအနေဖြင့် မိမိတို့တစ်ဦးချင်း၏စွမ်းရည်များ တိုးတက်အောင် ‌ဆောင်ရွက်ကြရန် လိုကြောင်း၊ သို့မှသာ တစ်ဦးချင်းမှ အဖွဲ့အစည်း၏ စွမ်းရည်လည်း တိုးတက်လာမည်ဖြစ်ပြီး ပေးအပ်သည့် အမိန့်နှင့်တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်နိုင်ကြမည်ဖြစ်ကြောင်း။

 ထိုသို့ စွမ်းရည်ထက်မြက် မြင့်မားနေစေရေးအတွက် သက်ဆိုင်ရာဘာသာရပ် နယ်ပယ်အလိုက် ကြိုးစားလေ့လာ နေရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဘာသာရပ်များကို Professional ကျကျ လေ့လာ၍ လက်တွေ့အသုံးချနိုင်အောင် အမြဲမပြတ် လေ့ကျင့် ဆောင်ရွက်နေကြရန်လည်းလိုကြောင်း၊ စစ်အသုံး အဆောင်ပစ္စည်းများနှင့် စစ်နည်းဗျူဟာ များသည် ခေတ်နှင့်အညီ စဉ်ဆက်မပြတ် ပြောင်းလဲတိုးတက် လျက်ရှိသဖြင့် စစ်အသုံး အဆောင် ပစ္စည်းများနှင့် စစ်လက်နက်၏ စွမ်းပကားများကို အမြဲလေ့လာနေရန်လိုပြီး အကျိုးရှိစွာ အသုံးချတတ်ရန်လိုကြောင်း၊ သို့မှသာ စွမ်းရည် ထက်မြက်ပြီး နိုင်ငံတော်မှ အားထားရသည့်၊ ပြည်သူလူထုက အားကိုးယုံကြည်ရသည့် တပ်မတော် ဖြစ်မည်ဖြစ်ကြောင်း။

အဖွဲ့အစည်းတစ်ခုကို ဦးစီးရသည့် ဦးစီး ခေါင်းဆောင်ဖြစ်သူသည် အရေးကြီး ကြောင်း၊ တပ်မှူးများအနေဖြင့်လည်း တစ်ဦးချင်းစွမ်းရည်ကောင်းမွန်သည့် အရာရှိ စစ်သည်များကို ကောင်းမွန်မှန်ကန်သည့် ခေါင်းဆောင်မှုဖြင့် လုပ်ဆောင်မှသာ ရည်မှန်း ချက် တာဝန်များကို အောင်မြင်အောင်ထမ်းဆောင်နို်ငသည့်တပ် ဖြစ်မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ တပ်မှူးများအနေဖြင့် မှန်ကန်ကောင်းမွန်သည့် ခေါင်းဆောင်မှုပေးရန် လိုအပ် သည်ကို အလေးထားမှာကြားလိုကြောင်း။

နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကတာဝန်ထမ်းဆောင်နေရသည့် မိမိတို့ တပ်မတော်အင်အားလျော့နည်းစေရန်အတွက် ပြည်ပဩဇာခံ ကိုယ်ကျိုးရှာ အဖွဲ့အစည်းများ အနေဖြင့် နည်းလမ်းမျိုးစုံဖြင့် သွေးထိုးလှုံ့ဆော်မှုများ လုပ်ဆောင်လျက် ရှိကြောင်း၊ ထိုသို့ လုပ်ဆောင်လျက်ရှိသော်လည်း တပ်မတော်သားများအနေဖြင့် မိမိတို့ တာဝန်ကျရာ ဒေသအသီးသီးတွင် သတ်မှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများကို လေးစားလိုက်နာ၍ စည်းလုံးညီညွတ်စွာနေထိုင် ကြရန်လိုကြောင်း၊ ကိုယ်ကျိုးရှာ မသမာသူများအနေဖြင့် နိုင်ငံတော်၏ မြေပေါ်မြေအောက် သယံဇာတများကို တရားမဝင် တူးဖော်ရောင်းချရန် ကြိုးစားနေသည့် အချိန်တွင် တပ်မတော်မှ ထိထိရောက်ရောက် ကာကွယ်စောင့်ရှောက် ရန်လိုကြောင်း၊ ထားဝယ်ရေ နက်ဆိပ်ကမ်းကဲ့သို့ မဟာဗျူဟာ မြောက် စီမံကိန်းများနှင့် ပြည်ထောင်စုလမ်းမကြီး ဖြစ်သည့် ရေး-ထားဝယ်- မြိတ်- ဘုတ်ပြင်း-ကော့သောင်း လမ်းကြောင်းအား ပြည်သူလူထုမှ စိတ်အေးချမ်းသာစွာ သွားလာနေသည်ကို နှောင့်ယှက် ဖျက်ဆီးလာသည့် အကြမ်းဖက်အဖွဲ့အစည်း မှန်သမျှကိုလည်း ထိထိရောက်ရောက် ချေမှုန်းရှင်းလင်းရန်လိုကြောင်း။

ထို့ပြင် တစ်မျိုးသားလုံးကို လူညွှန့်တုံးစေသည့် မူးယစ်ဆေးဝါးများကို နည်းလမ်း အမျိုးမျိုး၊ လမ်းကြောင်းအမျိုးမျိုးဖြင့် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့အစည်းများအနေဖြင့် ခိုးထုတ်သယ်ယူကာ နယ်စပ်ဒေသများ မှတစ်ဆင့် ပြည်ပနိုင်ငံများသို့ ရောင်းချနေခြင်းနှင့် တရားမဝင်အွန်လိုင်းလောင်းကစားများ ပြုလုပ်ခြင်းများကိုလည်း တပ်မတော်အနေဖြင့် ထိထိရောက်ရောက် တားဆီးကာကွယ် နှိမ်နင်းလျက်ရှိကြောင်း၊ ပါဝင်ပတ်သက်သူ များကိုလည်း ထောက်ထားငဲ့ညှာခြင်းမရှိဘဲ နိုင်ငံတော်မှချမှတ် ထားသည့် ဥပဒေနှင့်အညီ ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရားမဝင် တင်သွင်းလာ သည့် ကုန်စည်များနှင့် ကုန်သွယ်ရောင်းချမှုများသည် နိုင်ငံတော်၏ဘဏ္ဍာများ၊ အခွန်အခ များ များစွာထိခိုက်ဆုံးရှုံးနစ်နာစေသည့်အတွက် တပ်မတော်အနေဖြင့် အဆိုပါလုပ်ငန်း များကို ထိထိရောက်ရောက် တားဆီးကာကွယ် ဆောင်ရွက်လျက်ရှိကြောင်း။

          တပ်မတော်အနေဖြင့် တပ်မတော်သားမိသားစုဝင်များအတွက် စားသောက်နေထိုင်မှု များ အဆင်ပြေချောမွေ့စေရန် အစဉ်အမြဲဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ တပ်မတော်သား မိသားစုဝင်များအနေဖြင့်လည်း မိမိတို့၏ဝင်ငွေနှင့် ထွက်ငွေ မျှတအောင် သုံးစွဲကြရန်လိုပြီး အသုံးနှင့် အဖြုန်းကို ခွဲခြားသိရှိရန်လိုကြောင်း၊ ကျန်းမာရေးနှင့် ညီညွတ်မျှတသည့် အစားအသောက် အနေထိုင်များကို ပြုမူဆောင်ရွက်ကြရန်လည်းလိုကြောင်း၊ နိုင်ငံတော် အကြီးအကဲအနေဖြင့် ပညာရည်မြင့်မားရေးကို အထူးအလေးထား ဆောင်ရွက်လျက်ရှိ သောကြောင့် တပ်မတော်သားမိသားစုဝင်များအနေဖြင့် မိမိတို့၏ သား၊ သမီးများ၏ ပညာရည်မြင့်မားရေးကို အလေးပေး၍ ကြိုးစားဆောင်ရွက် အားပေးနေကြရန်လိုကြောင်း၊ မိမိတို့၏ သားသမီးများကို မိမိတို့ထက် သာလွန်ကောင်းမွန်သော ပညာတက်မျိုးဆက်များ ဖြစ်အောင် တိုက်တွန်းဆောင်ရွက်ပေး ကြရန်လိုကြောင်း။

စည်းရုံးရေးနှင့်ပတ်သက်၍ တပ်တွင်း/တပ်ပြင်စည်းရုံး ရေးကို ခိုင်မာအောင်ဆောင် ရွက်ရန်လိုကြောင်း၊ တပ်မတော်အတွင်း တာဝန်ထမ်းဆောင်နေကြသည့် အရာရှိ၊ စစ်သည် များအနေဖြင့် လူအမျိုးမျိုး၊ စိတ်အမျိုးမျိုး ရှိသည့်အတွက် စည်းစည်းလုံးလုံး ညီညီညွတ် ညွတ်ရှိရန်အရေးကြီးကြောင်း၊ မိမိတို့သည် စစ်မြေပြင်တွင် အသက်ပေးကာကွယ် စောင့်ရှောက် ကြသူများဖြစ်သည့်အတွက် အထက်အောက်ရိုသေ လေးစားစွာ နေထိုင် ဆက်ဆံကြရမည်ဖြစ်ကြောင်း၊ ခေါင်းဆောင်ပိုင်း အနေဖြင့်လည်း မိမိဦးစီးဦးဆောင်ပြုရ သည့် အဖွဲ့အစည်းကို အမြဲစည်းလုံးညီညွတ်မှုရှိနေအောင် ညီညွတ်မျှတစွာ အုပ်ချုပ်ရမည် ဖြစ်ကြောင်း၊ တပ်မတော်သားများနှင့် မိသားစုဝင်များ အနေဖြင့် အချင်းချင်း စည်းလုံး ညီညွတ်စွာနေထိုင်၍ ကျရာတာဝန်များကို ကျေပွန်အောင် ထမ်း ဆောင်ကြစေလိုကြောင်း။

          အုပ်ချုပ်ရေးပိုင်းအနေဖြင့် တပ်မတော်ရုံးလုပ်ငန်းများကို ဦး၊ ရေး၊ ထောက် ဒေါက်တိုင် ၃ ရပ်ကောင်းမွန်စွာ လည်ပတ်မှုဖြင့် ထိန်းကြောင်းထားကြောင်း၊ စစ်စည်း ကမ်းဆိုင်ရာ စည်းမျဉ်း၊ အမိန့်နှင့် ညွှန်ကြားချက်များကိုလိုက်နာ၍ ဦး၊ ရေး၊ ထောက်လုပ် ငန်းများကို ဟန်ချက်ညီ ထိန်းကြောင်းသွားရန်လိုကြောင်း၊ ပုံမှန်ဆောင်ရွက်ရသော လုပ်ငန်းစဉ်ဖြစ်၍ တာဝန်ရှိသူများက စိတ်ဝင်တစားဆောင်ရွက်သွားရန် လိုကြောင်း၊ အုပ်ချုပ်ရေးပိုင်းကို ပိုင်နိုင်စွာဆောင်ရွက် နိုင်ခြင်းဖြင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၏ သက်သာချောင်ချိမှုကိုလည်း ထိရောက်စွာ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း။

          တစ်ဦးချင်း၏ တိုက်ပွဲဝင်စိတ်ဓာတ်များကို တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် စိတ်ဓာတ်၊ လှေခွက်ကြီးကျန် အလံမလှဲသည့် စိတ်ဓာတ်တို့ဖြင့် သင်ယူးထားသော စစ်ပညာများကို ကြံရည် ဖန်ရည်ဖြင့် အသုံးချရန်လိုအပ်ပြီး စစ်မြေပြင်တွင် တစ်ဦးချင်း၏ တိုက်ပွဲစွမ်းရည်ကို ဟန်ချက်ညီ ပေါင်းစပ်၍ အဖွဲ့အစည်း၏တိုက်ပွဲစွမ်းရည်ကို မြှင့်တင် ရန်လိုအပ်ကြောင်းဖြင့် ပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး‌ ကျော်စွာလင်း က တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစု များအတွက် စားသောက်ဖွယ်ရာများပေးအပ်ရာ တိုင်းမှူးနှင့် တပ်နယ်မှတာဝန်ရှိ သူများက အသီးသီးလက်ခံရယူကြသည်။ အလားတူ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီး ချုပ်(ကြည်း)၏ ဇနီးက တပ်နယ်အသီးသီးရှိ မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းအတွက် ချီးမြှင့်ငွေများကိုပေးအပ်ရာ တပ်နယ်အလိုက် တာဝန်ရှိ သူများက လက်ခံရယူသည်။

          ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် အဖွဲ့ဝင်များသည် တွေ့ဆုံပွဲသို့ တက်ရောက် လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ ကြသည်။

          ထို့အတူ ဒုတိယတပ်တော်ကာကွယ်ရေးဦးစီချုပ်၊ ကာကွယ်ရေးဦးစီချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း နှင့် အဖွဲ့ဝင်များသည် ကျွန်းစုတပ်နယ်ရှိ နယ်မြေခံသင်တန်း ကျောင်း နှင့် နယ်မြေခံ ရေတပ်စခန်းဌာနချုပ်တို့အား  လိုက်လံကြည့်ရှုစစ်ဆေးသည်။

          ဦးစွာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း သည် ကျွန်းစုမြို့ရှိ နယ်မြေခံသင်တန်းကျောင်း၌ တက်ရောက် လျက်ရှိသည့် သင်တန်သားများနှင့် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများအား တွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် မိမိနိုင်ငံနှင့် မိမိတို့မိသားစုများကို ကာကွယ်စောင့်ရှောက်ရန် ယခုကဲ့သို့ သင်တန်းတက်ရောက်ရသည့်အတွက် ဂုဏ်ယူဖွယ်ရာဖြစ်ကြောင်း၊ သင်တန်း ကျောင်းမှ သင်ကြားပေးလိုက်သည့် စစ်အတတ်ပညာများနှင့် နည်းပြဆရာများ၏ စေတနာပါပါဖြင့် သင်ကြားပို့ချမှုများကို ကျွမ်းကျင်ပိုင်နိုင်သည်အထိ သေချာစွာ ဆည်းပူးသင်ယူကြရန်လိုကြောင်း၊ သင်ကြားပေးလိုက်သည့် စစ်အတတ်ပညာများကို အသုံးချပြီး နိုင်ငံတော်နှင့် တပ်မတော်အတွက် အကျိုးရှိအောင် ထမ်းဆောင်ကြရန်  လိုကြောင်းဖြင့် ပြောကြားသည်။

          ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း နှင့် အဖွဲ့ဝင်များသည် သင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းသား အိပ်ဆောင်များ၊ စားရိပ်သာများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။

ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီး ချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့်အဖွဲ့ဝင်များသည် ကျွန်းစုမြို့ရှိ နယ်မြေခံ ရေတပ်စခန်းဌာနချုပ်မှ MARINE BIOLOGICAL MUSEUM နှင့် LIBRARY တို့၌ ခင်းကျင်းပြသထားမှုများကိုလည်းကောင်း၊ စိုက်ပျိုးမွေးမြူရေးခြံများတွင် ရာသီသီးနှံများ စိုက်ပျိုးထားရှိမှုများကိုလည်းကောင်း၊ ဥစားကြက်မွေးမြူထားရှိမှုများကို လည်းကောင်း မော်တော်ယာဉ်များဖြင့် လိုက်လံကြည့်ရှုစစ်ဆေးပြီး သိရှိလိုသည်များ မေးမြန်းကာ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း နှင့်အဖွဲ့ဝင်များသည် တိုင်းစစ်ဌာနချုပ်နှင့် မြိတ်တပ်နယ်ရှိ နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့များတွင် ဆောင်ရွက်ထားရှိသော ဥစားဘဲ မွေးမြူရေးနှင့် ဘဲသားဖောက်လုပ်ငန်း၊ DYL ဝက်မွေးမြူရေးခြံ၊ ငွေနှင်းမို စိုက်ပျိုးရေးခြံ နှင့် ရာသီသီးနှံစိုက်ပျိုးထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး သိရှိလိုသည်များ မေးမြန်း  ကာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့ပြင် ယနေ့ နေ့လည်ပိုင်းတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း သည် ဇနီး ဒေါ်နန်းကူးကူ၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါလျက် မြတ်မြို့ရှိ နယ်မြေခံတပ်မတော် ဆေးရုံသို့ ရောက်ရှိကြရာ ဆေးရုံတပ်မှူး၊ ပါရဂူများ၊ ဆေးမှူးများနှင့် တာဝန်ရှိသူများ က ကြိုဆိုနှုတ်ဆက်ကြသည်။

          ၎င်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့်အဖွဲ့ဝင်များသည် မြိတ်မြို့၊ နယ်မြေခံတပ်မတော်ဆေးရုံတွင် ဆေးရုံ တက်ရောက် ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များ၏ တစ်ဦးချင်း ရောဂါဖြစ် ပွားမှု၊ ဆေးဝါးကုသပေးထားမှု၊ ကျန်းမာရေးတိုးတက် ကောင်းမွန်လာမှု အခြေအနေ များကို တစ်ဦးချင်းရင်းရင်းနှီးနှီး မေးမြန်းအားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာ များနှင့် ချီးမြှင့်ငွေများ ပေးအပ်သည်။

          အလားတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ၏ဇနီး ဒေါ်နန်းကူးကူနှင့်အဖွဲ့ဝင်များသည် အမျိုးသမီးနှင့် ကလေးကုသ ဆောင်သို့သွားရောက်၍ ဆေးရုံတက်ရောက်ကုသလျက်ရှိသည့် လူနာများအားလိုက်လံ ကြည့်ရှုအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများပေးအပ်ခဲ့ကြကြောင်း သတင်း ရရှိသည်။