ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း သည် ဇနီး ဒေါ်နန်းကူးကူ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်ကျော်ဟန်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ မွန်းလွဲပိုင်း တွင် ဘုတ်ပြင်းတပ်နယ်ရှိ တပ်နယ်ခန်းမ၌ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား သွားရောက်တွေ့ဆုံ အမှာစကားပြောကြားသည်။
ဦးစွာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း က အမှာစကားပြောကြားရာတွင် ၂၀၂၀ ပြည်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အာဏာရပါတီအနေဖြင့် မဲမသမာမှုများ ဆောင်ရွက်ပြီး နိုင်ငံတော်၏ အာဏာကို အဓမ္မရယူရန် ဆောင်ရွက်ခဲ့ခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို တပ်မတော်က တာဝန်ယူ ထိန်းသိမ်းဆောင်ရွက် ခဲ့ရကြောင်း။
ထို့သို့ နိုင်ငံတော်၏ တာဝန်အား တပ်မတော်က ဆောင်ရွက်ခဲ့ရမှုအပေါ် မသမာသူများ၏ သွေးထိုးမြှောက်ပင့်မှုများကြောင့် ဆူပူမှုမှတစ်ဆင့် အကြမ်းဖက် လုပ်ရပ်များလုပ်ဆောင်လာသည်အထိ ဖြစ်ပေါ်ခဲ့ရကြောင်း၊ တပ်မတော် အနေဖြင့် အဆိုပါ အကြမ်းဖက်လုပ်ရပ်များအား ဥပဒေနှင့်အညီ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက် ခဲ့ရကြောင်း၊ နိုင်ငံတော်မပြိုကွဲရန်နှင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာ မထိပါး စေရန်အတွက် အသက်ကိုပဓာနမထားဘဲ ကိုယ်စွမ်းရှိသ၍ ဉာဏ်စွမ်းရှိသ၍ ရဲရဲဝံ့ဝံ့ ဆောင်ရွက်ခဲ့ကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား အသိအမှတ်ပြု ဂုဏ်ယူပါကြောင်း။
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုမလိုလားသည့် အဖွဲ့အစည်းများက နိုင်ငံရေး အကြောင်းပြ၍ ဆူပူအကြမ်းဖက်မှုလုပ်ငန်းများကို လုပ်ဆောင်နေခြင်းကြောင့် တပ်မတော်အနေဖြင့် တည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံအနှံ့ လုံခြုံရေးဆိုင်ရာ ကိစ္စ ရပ်များကို ဆောင်ရွက်ပေးနေရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အား အပြည့်အဝ ကာကွယ်စောင့် ရှောက်နိုင်ရန်အတွက် တပ်မတော်သည်အင်အား တောင့်တင်း ခိုင်မာရန်လိုကြောင်း၊ ထိုသို့ အင်အားတောင့်တင်းခိုင်မာရန်အတွက် တပ်မတော်သား များ အနေဖြင့် ခြေလျင်၊ ခြေမြန်၊ လက်ရုံးတပ်ဖွဲ့ဟူ၍ မခွဲခြားဘဲ ပေးအပ်သည့် တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရေးအတွက် အမြဲအသင့်ဖြစ်နေအောင် လေ့ကျင့်နေကြရမည်ဖြစ်ကြောင်း၊ တပ်မတော်သားများအနေဖြင့် သင်တန်းကျောင်း များမှ အဆင့်အလိုက် သင်ကြားပေးလိုက်သည့် စစ်အတတ်ပညာများ၊ စစ်နည်းဗျူဟာ များကို လက်တွေ့နယ်ပယ်တွင် ကြုံတွေ့ရသည့် အတွေ့အကြုံများနှင့် ပေါင်းစပ်၍ စစ်ဆင်ရေးတာဝန်များတွင် အောင်မြင်အောင် ထမ်းဆောင်ကြရန်လိုကြောင်း၊ အလားတူ တိုးတက်ပြောင်းလဲလျက်ရှိသည့် စစ်အတတ်ပညာများကိုလည်း စဉ်ဆက်မပြတ် လေ့လာနေကြရန်လိုကြောင်း။
တပ်မတော်သားများ ဖြစ်သည့်အတွက် စည်းကမ်းစနစ်တကျဖြင့် ကျင့်ကြံ နေထိုင်ကြရန်လိုကြောင်း၊ သို့မှသာ ပေးအပ်လာသည့် အမိန့်နှင့် တာဝန်များကို တစ်ဦးတစ်ယောက်ချင်းမှစ၍ အဖွဲ့အစည်းအလိုက် ကျေပွန်စွာ ထမ်းဆောင်နိုင်မည် ဖြစ်ကြောင်း၊ တပ်မတော် သားများအနေဖြင့် တစ်ဦးချင်း၏ တိုက်စွမ်းရည်များ တိုး တက်နေစေရန် အမြဲမပြတ် လေ့ကျင့်ဆောင်ရွက်နေရန်လိုကြောင်း၊ စွမ်းရည်ထက်မြတ် သော တပ်မတော်ဖြစ် စေရေးအတွက် တပ်မတော်သားတိုင်း အမိန့်နာခံတတ်မှုရှိပြီး ရဲဘော်စိတ်ဖြင့် ကိုယ်စီ တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ကြရန်လိုကြောင်း။
စစ်သည်တစ်ဦးချင်းအလိုက် မိမိတက်ကျွမ်းရမည့် စစ်အတတ်ပညာများကို ကျွမ်းကျွမ်းကျင်ကျင် တတ်ကျွမ်းအောင်လေ့ကျင့်နေရမည်ဖြစ်ကြောင်း၊ သင်တန်း ကျောင်းများမှ သင်ကြားပေးသည့် စစ်အတတ်ပညာများကို မိမိစစ်ဆင်ရေးတာဝန် ထမ်းဆောင် ရမည့် နယ်မြေ၊ ရန်သူအပေါ်မူတည်ပြီး မြေပြင်အခြေအနေနှင့်အညီ ကိုက်ညီအောင် အသုံးချရမည်ဖြစ်ကြောင်း၊ နိုင်ငံ့တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရန် အတွက် တပ်မတော်သားများအနေဖြင့် ကျန်းမာကြံ့ခိုင်ရန်လိုကြောင်း၊ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်နေရန် ကိုယ်လက်လှုပ်ရှားမှုများကို နေ့စဉ်ဆောင်ရွက်နေရ မည်ဖြစ်ကြောင်း၊ ကျန်းမာရေးကို ထိခိုက်စေသည့် အနေအထိုင် အစားအသောက် များကို ရှောင်ကြဉ်ကြရန်လိုကြောင်း။
အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ကိုယ်ကျိုးအတွက်သာ ကြည့်ပြီး နိုင်ငံ့တော်၏ အဖိုးတန်သယံဇာတများ တရားမဝင် တူးဖော်ရောင်းချခြင်း၊ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းချခြင်းများ၊အွန်လိုင်း လိမ်လည်လောင်းကစားမှုများကို လုပ်ဆောင် နေကြသဖြင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာ ကျဆင်းရကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် အဆိုပါ လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်း မရှိစေရေးအတွက် အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို ထိခိုက်အောင် ဆောင်ရွက်နေမှုများကို တပ်မတော်အနေဖြင့် ထိထိရောက်ရောက် ကာကွယ်စောင့်ရှောက်လျက်ရှိကြောင်း။
တပ်မတော်သားများ၏ ပါရမီဖြည့်ဘက်မိသားစုဝင်များအနေဖြင့် ပါရမီဖြည့် ဘက်ကောင်းပီသစွာ ကျင့်ကြံနေထိုင်ကြရန်လိုကြောင်း၊ တပ်မတော်သား မိသားစု ဝင်များ၏ ပညာရေးနှင့်ပတ်သက်၍လည်း ပညာရည်မြှင့်တင်ရေး ပိုင်းဆိုင်ရာများကို အစဉ်မပြတ်မြှင့်တင်ပေးလျက်ရှိပြီး မိမိတို့၏ သားသမီးများ၊ မိသားစုဝင်များကို ပညာ တတ်များဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
တပ်ရင်း၊ တပ်ဖွဲ့များကို ဦးစီး၊ ဦးဆောင်ပြုလုပ်ရသည့် ခေါင်းဆောင်များသည် မိဘသဖွယ်စိတ်ဓာတ်၊ တပ်မှူးကောင်းသဖွယ် စိတ်ဓာတ်တို့ဖြင့် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိ သမျှကြိုးစားကာ စေတနာထားပြီး လက်အောက်ငယ်သားများအပေါ် အမြဲစည်းလုံး ညီညွတ်မှုရှိအောင် ညီညွတ်မျှတစွာ ကွပ်ကဲအုပ်ချုပ်ရမည်ဖြစ်ကြောင်းဖြင့် ပြောကြား သည်။
တွေ့ဆုံပွဲအပြီးတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း က တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ရာ တပ်နယ်မှ တာဝန်ရှိသူ တစ်ဦးက လက်ခံရယူသည်။ အလားတူ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၏ ဇနီးက တပ်နယ်ရှိ မိခင်နှင့် ကလေး စောင့်ရှောက် ရေး အသင်းအတွက် ချီးမြှင့်ငွေများကိုပေးအပ်ရာ တပ်နယ်မှ တာဝန်ရှိသူတစ်ဦးက လက်ခံ ရယူသည်။
ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် အဖွဲ့ဝင်များသည် တွေ့ဆုံပွဲသို့ တက်ရောက် လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက် ခဲ့ကြကြောင်း သတင်းရရှိသည်။



