နေပြည်တော်၊ ဖေဖော်ဝါရီ - ၃
ဘူးသီးတောင်မြို့နယ်၊ ကင်းတောင်ကျေးရွာနှင့် သိန်းတန်ကျေးရွာ၌ဖြစ်ပေါ် ခဲ့သည့်ဖြစ်စဉ်များနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းစာ ရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်၌ ပြုလုပ်ရာ ပြည်တွင်းသတင်းဌာနများ၊ နေ့စဉ်ထုတ် သတင်းစာများ၊ ဂျာနယ် များ၊ ပြည်တွင်းရုပ်မြင်သံကြားသတင်းဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနများ စုစုပေါင်း သတင်း ဌာန ၂၄ ခုမှ သတင်းထောက် ၄၈ ဦး တက်ရောက်သတင်းရယူကြသည်။
ဦးစွာ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဘူးသီးတောင် မြို့နယ်၊ ကင်းတောင်ကျေးရွာအတွင်းသို့ ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်းတွင် AA အကြမ်းဖက် သောင်းကျန်း သူများက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ရွာသား ၂ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာ ရရှိခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍လည်းကောင်း၊ သိန်းတန်ကျေးရွာရှိ ဘင်္ဂါလီအမျိုးသမီးများအား အကြမ်းဖက် မုဒိမ်းမှုကျူးလွန်ရန် လုပ်ဆောင်ခဲ့ပြီး ကျေးရွာအား ခြိမ်းခြောက်ခဲ့မှု ဖြစ်စဉ်နှင့်ပတ်သက်၍လည်းကောင်း သက်သေအထောက် အထား ဗီဒီယိုမှတ်တမ်းများ၊ ဓာတ်ပုံများ၊ ဖြစ်စဉ် နေရာပြမြေပုံများဖြင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် သတင်းဌာနအသီးသီးတို့က သိရှိလိုသည်များ မေးမြန်းမှုများအပေါ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။