ကလေးဝမြို့တွင် ငွေကျပ် ၃ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၁၀ ကီလိုခန့်၊ စိတ်ကြွဆေးပြား ၁၀ သိန်းကျော်နှင့် လက်နက်ခဲယမ်းများဖမ်းဆီးရမိ နေပြည်တော်၊ ဇွန် ၂၁

Sunday, June 21, 2026 - 15:15

          မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  သတင်းအရ ဇွန်လ ၇ ရက်နေ့ နံနက် ၁၀ နာရီအချိန် ကလေးဝမြို့၊ ချင်းတွင်းတံတားတွင် ဂိုးရှင်းမန် (ခ)ရှင်းမန် မောင်းနှင်လာသော PRADO ယာဉ်ပေါ်မှ ဘိန်းဖြူ ၅ ဒသမ ၅ ကီလို၊ ဂင့်ကပ်ခိုင်(ခ)ခိုင်ခိုင် မောင်းနှင်လာသော PRADO ယာဉ်ပေါ်မှ ဘိန်းဖြူ ၄ ဒသမ ၄ ကီလို၊ မုန်ဂင့်ဆန်(ခ)ဆန်းသယ် မောင်းနှင်လာသော PRADO ယာဉ်ပေါ်မှ စိတ်ကြွဆေးပြား ၁၀ ဒသမ ၅ သိန်းနှင့် ပစ္စတိုသေနတ် ၂ လက်၊ ၎င်းကျည် ၂၀၀ တောင့်တို့အား ဖမ်းဆီးရမိခဲ့သဖြင့် မော်တော်ယာဉ် ၃ စီးပေါ်မှ စုစုပေါင်း ၎င်းဒေသတန်ဖိုးငွေကျပ် ၃ ဒသမ ၀၂၁ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၉ ဒသမ ၉ ကီလို၊ စိတ်ကြွဆေးပြား ၁၀ ဒသမ ၅ သိန်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ပါသည်။

          ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်း များအား မန္တလေးမှ တီးတိန်သို့ အဓိကသယ်ဆောင်ခိုင်းသူမှာ တီးတိန်မြို့နေ ထွန်းဂင့်မုန်(ခ)ပါးမုန် (ဖမ်းဆီးရန်ကျန်)နှင့် ထန်ဆောမ်းဟောက်(ခ)ဆောမ်းဟောက်(ဖမ်းဆီးရန်ကျန်)တို့ ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက် ရှိကြောင်းနှင့် ၎င်းတို့၏ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေဖြင့် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။