လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်နှင့် နတ်မောက်မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် အကြမ်းဖက်သောင်းကျန်းသူများ၏ ယာယီစခန်းနေရာများအား သိမ်းပိုက်ရရှိ နေပြည်တော် ၂၀၂၆ ဇွန် ၂၁

Sunday, June 21, 2026 - 15:15

          နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘဝများ တိုးတက်စေရန် အဓိက ဖြစ်သည့်နယ်မြေတည်ငြိမ်အေးချမ်း၍ ပြည်သူလူထုအေးချမ်းစွာနေထိုင်နိုင်ရေး အတွက် တပ်မတော်က စွမ်းစွမ်းတမံကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်နှင့်အညီ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များသာမက ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများတွင်လည်း နိုင်ငံတော်အစိုးရ၊ ဒေသခံပြည်သူလူထုနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိသည်။

          ထိုသို့ တပ်မတော်အနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူလူထု ဘဝများ လုံခြုံအေးချမ်းစွာ နေထိုင်လုပ်ကိုင်နိုင်ရေးအတွက် နယ်မြေလုံခြုံရေး လုပ်ငန်း များကို ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ  မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် အတွင်း လုံခြုံရေးတာဝန်များ ဆောင်ရွက်လျက်ရှိသည့် တပ်ဖွဲ့ဝင်များသည် ဇွန် ၂၀ ရက်တွင် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်စဉ် ရေနံချောင်းမြို့၏ အရှေ့မြောက်ဘက် မီတာ ၂၁၀၀၀ ခန့်အကွာရှိ လွန်းပင်ရှိုကျေးရွာ၏ ကျေးရွာ စာကြည့်တိုက်အတွင်း၌ အကြမ်းဖက်သောင်းကျန်းသူများ၏ အသုံးအဆောင် ပစ္စည်း များ ဖြစ်သည့် မော်တော်ဆိုင်ကယ် (၁) စီး၊ စားဆီ (၅) ဂါလံ (၅) ပုံး၊ ပြောက်ကျား ယူနီဖောင်း (၅) စုံ၊ ပြောက်ကျား ဦးထုပ် (၅) လုံး၊ ၁ ပေခွဲ ပတ်လည် ဆိုလာ (၁) ချပ်၊ ၄ ပေ ၈ ပေ ပတ်လည် ဆိုလာ (၁) ချပ်၊ Inverter (၁) လုံး၊ ၁၂ ဗို့ ဘက်ထရီ (၁) လုံး၊Sound Box (၁) လုံး၊ အရပ်ကျောပိုးအိတ် (၂) လုံး၊ ၉ လုံးကျည် ၁၈ လုံးပါ (၁)တွဲ၊ နွေဦးထီ (၂၅)စောင်ပါ စာအုပ် (၁၅) အုပ်၊ YGN စာတမ်းပါ ဘက်တံဆိပ် (၃၇)ခုနှင့် မကွေးပြည်သူ့ကာကွယ်ရေး တံဆိပ် (၁) ခုတို့အား သိမ်းဆည်းရရှိခဲ့သည်။

          ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ မွန်းလွဲပိုင်းတွင် ညောင်ပင်ကားကျေးရွာ၏ တောင်ဘက် မီတာ ၁၅၀ ခန့်၌ ယာယီစစ်စခန်းအဖြစ် နေထိုင်ခဲ့သည်ဟု ယူဆရသည့်နေရာအား ထပ်မံတွေ့ရှိ ခဲ့ရပြီး လူ ၂၀ ဦးဆံ့ ယာယီတဲ ၁ လုံး၊ ကင်းတဲ ၂ လုံးနှင့် လက်လုပ်နင်းမိုင်းမျိုးစုံ ၁၂ လုံးတို့အား သိမ်းဆည်းရမိခဲ့သည်။ အလားတူ ကန်သာကျေးရွာအနီး နယ်မြေလုံခြုံရေး လုပ်ငန်းများဆောင်ရွက်စဉ် ကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၉၅၀ ခန့်၌ အကြမ်း ဖက်သောင်းကျန်းသူများ ယာယီစခန်းချနေထိုင်ခဲ့သည့် နေရာတစ်ခုအား ထပ်မံတွေ့ရှိ ခဲ့ရပြီး လက်လုပ်ဗုံးသီး (၁၁၇) လုံး၊ စက္ကူပတ် ခဲယမ်းပျော့ (၂) အိတ်၊ ကျည်ကာအင်္ကျီ (၁) ထည်၊ TNT အားမြှင့်ယမ်း (၂၁) ခု၊ ရန်သူ့ တန်းစီကွင်း (၁) ကွင်း၊ ရန်သူ့ခန်းမတဲ (၁) လုံး၊ လူ ၂၀ ဦးဆံ့ အိပ်ဆောင်တဲ (၁) လုံး၊  သံခုတင် (၄) လုံး၊ မော်တော်ဆိုင်ကယ် (၂) စီး၊ ဆိုလာ (၁) ချပ်၊ ဝရိန်စက် (၁) လုံး၊ ဝရိန်ချောင်း (အကြီး) (၁) ထုပ်၊ လမ်းလျှောက်စကားပြောစက် (၅) လုံး၊ လက်လုပ်ဗုံးသီး အခွံပြုလုပ်သည် ဆက်စပ် ပစ္စည်းများအား သိမ်းဆည်းရမိခဲ့သည်။

          ထို့ပြင် နတ်မောက်မြို့နယ်အတွင်း လုံခြုံရေးတာဝန်များ ထမ်းဆောင်လျက်ရှိ သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဇွန် ၇ ရက်နေ့တွင် လိုအပ်သည့် နယ်မြေလုံခြုံရေး လုပ်ငန်းများဆောင်ရွက်စဉ် နတ်မောက်မြို့နယ်၊ အိုင်မကျေးရွာ၏ အနောက်တောင် ဘက် မီတာ ၂၀၀ ခန့်အကွာ၌ အကြမ်းဖက်သောင်းကျန်းသူများနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူ အလောင်း ၂ လောင်း၊ စနိုက်ပါသေနတ် ၁ လက် နှင့် ၇ ဒသမ ၆ မမကျည် ၁၂၀၀ တောင့် တို့အား သိမ်းပိုက်ရရှိခဲ့သည်။

          အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့်ဒေသခံပြည်သူလူထုအား လက်နက် အားကိုးဖြင့် ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ကျေးရွာများအတွင်း ဝင်ရောက်၍ အဖျက်အမှောက်လုပ်ငန်း ဆောင်ရွက်ခြင်းများကို နည်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိကြသည်။

          တပ်မတော်အနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေး နှင့် ဒေသဖွံ့ဖြိုးတိုးတက် ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အားလျော်စွာ ဒေသတည်ငြိမ် အေးချမ်း ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ် ဆောင်ရွက်လိုကြသည့် တာဝန်သိ ပြည်သူများအနေဖြင့် အကြမ်းဖက်သများများ၏ သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်း နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။