ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၌ ခိုးမှုကျူးလွန်ရန် နေအိမ်အတွင်း ဝင်ရောက်၍ ၎င်းနေအိမ်အတွင်းရှိ အမျိုးသမီးငယ်တစ်ဦးအား အဓမ္မပြုကျင့်သတ်ဖြတ်မှုကျူးလွန်ခဲ့သူ အမျိုးသား တစ်ဦးအား ဇွန် ၁၉ ရက် ညနေပိုင်းတွင် ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရှိရသည်။
ဖြစ်စဉ်မှာ ဇွန် ၁၉ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ် (၁၂)ရပ်ကွက်နေ ဒေါ်xxxxx(၄၇)နှစ်သည် ၎င်း၏နေအိမ်အပေါ်ထပ် အိမ်ခန်းအတွင်း အိပ်ယာ ကုတင်ပေါ်၌ သမီးဖြစ်သူ မxxxxxxxxxx(၁၅)နှစ်အား ဓားဒဏ်ရာတစ်ချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် အရေးယူပေးရန် တိုင်တန်းချက်အရ လှိုင်မြို့မရဲစခန်း(ပ)၁၅၁/၂၀၂၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၇၆ ဖြင့် အမှုဖွင့်လှစ်ပြီး တရားခံဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေအတွင်း သတင်းရယူစုံစမ်း ခြင်းနှင့် ဒုစရိုက်မှုများကို မလိုလားသည့် ပြည်သူများ၏ပူးပေါင်းပါဝင်မှုဖြင့် တရားခံအား ဖမ်းဆီး ရမိရေးဆောင်ရွက်ခဲ့ရာ အမျိုးသမီးငယ်အား အဓမ္မပြုကျင့်၍ သတ်ဖြတ်မှုကျူးလွန်ခဲ့သူ တွံတေး မြို့နယ်၊ သရက်နှစ်ပင်ကျေးရွာနေ အောင်ကျော်စိုး(ခ)အင်ဂျင်ဝိုင်(၃၈)နှစ်၊ (ဘ)ဦးသိန်းထွန်းအား ယင်းနေ့ ညနေပိုင်းတွင် အဆိုပါကျေးရွာထိပ်၌ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ အောင်ကျော်စိုး(ခ)အင်ဂျင်ဝိုင်အား စစ်ဆေးချက်အရ ၎င်းသည် ဇွန်လ ၁၉ ရက်နေ့ နံနက် ၁ နာရီခန့်တွင် လှိုင်မြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းသို့ ဝင်ရောက်ကာ iPhone 15 အမျိုးအစား လက်ကိုင်ဖုန်းတစ်လုံးနှင့် ငွေနှစ်သိန်းကျပ်တို့အား ခိုးယူ ခဲ့ကြောင်း၊ အဆိုပါနေအိမ်မှ နှစ်အိမ်ကျော်ရှိ နေအိမ်အတွင်းသို့ ခိုးမှုကျူးလွန်ရန် ထပ်မံဝင်ရောက်စဉ် နေအိမ်အပေါ်ထပ်အိပ်ခန်းအတွင်း အိပ်ပျော်နေသည့် အမျိုးသမီးငယ်တစ်ဦးအား တွေ့ရှိရသဖြင့် အဓမ္မပြုကျင့်၍ ၎င်းယူဆောင်လာသည့် ခဲတံချွန်ခေါက်ဓားဖြင့် လည်ပင်းယာဘက်အား လှီး၍ သတ်ဖြတ်ခဲ့ကာ နေအိမ်မှ ပြန်လည်ထွက်ခွာလာခဲ့ကြောင်း၊ ယင်းနောက် ၎င်းခိုးယူလာခဲ့သည့် လက်ကိုင်ဖုန်းအား ငွေနှစ်သိန်းကျပ်ဖြင့် ရောင်းချ၍ ရရှိလာသော ငွေများအား အရက်သောက်စား သုံးစွဲခဲ့ပြီးနောက် ၎င်းနေထိုင်ရာ တွံတေးမြို့နယ်၊ သရက်နှစ်ပင်ကျေးရွာသို့ ပြန်လာခဲ့ခြင်းဖြစ် ကြောင်း စစ်ဆေးသိရှိရသည်။
အထက်ပါဖြစ်စဉ်မှ ဖမ်းဆီးရမိသူ တရားခံ အောင်ကျော်စိုး(ခ)အင်ဂျင်ဝိုင်အား ဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
