ကမာရွတ်မြို့နယ်အတွင်း Online လိမ်လည်မှုပြုလုပ်သူများအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ  နေပြည်တော်၊ ၂၀၂၆ ဇွန် ၁၈

Friday, June 19, 2026 - 05:30

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ (၁၀)ရပ်ကွက်၊ အောင်မင်းခေါင်(၁) လမ်းရှိ နေအိမ်တစ်လုံးတွင် အွန်လိုင်းလိမ်လည်မှု ပြုလုပ်လျက်ရှိသည့် မြန်မာနိုင်ငံသား အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၈ ဦး၊ စုစုပေါင်း ၁၆ ဦးအား  လုပ်ငန်းသုံးပစ္စည်းများ နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၂)ရပ်ကွက်၊ ရွှေတောင်ကြားလမ်း၌ ဖွင့်လှစ်ထားသည့် Loi Sam Sip ရှမ်းစားသောက်ဆိုင်ရှေ့ ကားပါကင်နေရာတွင် မော်တော်ယာဉ်အမှတ်၊ MDY -12 4F-1752 Honda Fit(လိုင်စင်မဲ့)   မော်တော်ယာဉ်သည် အချိန်ကြာမြင့်စွာ ရပ်တန့်ထား၍ မသင်္ကာသဖြင့် စားသောက်ဆိုင် လုံခြုံရေးဝန်ထမ်းမှ လုံခြုံရေးတပ်ဖွဲ့ဝင်များထံ သတင်းပေးပို့မှုကြောင့် ဇွန် ၁၆ ရက် ညနေ ၃ နာရီခန့်တွင် သွားရောက်စစ်ဆေးခဲ့ရာ မော်တော်ယာဉ်အတွင်း X Power X စာတမ်းပါ Power Station ၃ လုံး၊ Laptop ၄ လုံး၊ Charger USB ၈ ခု၊ Star Link စက် ၂ လုံး၊ လက်ကိုင်ဖုန်းမျိုးစုံ ၁၇၅ လုံး၊ ကာလာပရင်တာ ၁ လုံးတို့အား ပိုင်ရှင်မဲ့တွေ့ရှိသိမ်း ဆည်းရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိပစ္စည်းများ၏ ပိုင်ရှင်များအား ဖော်ထုတ်ဖမ်းဆီးရမိရေး လိုအပ်သည့်စုံစမ်းစစ်ဆေးဖော်ထုတ်မှုများ ဆောင်ရွက်ခဲ့ရာ  အဆိုပါလိုင်စင်မဲ့မော်တော် ယာဉ်သည် Toyota BZ  EV အမျိုးအစား မော်တော်ယာဉ် အမှတ်၊ BGO/27 5S-9527 နှင့်အတူ ကမာရွတ်မြို့နယ်၊ (၁၀)ရပ်ကွက်၊ အောင်မင်းခေါင် (၁)လမ်းရှိ နေအိမ်တစ်လုံး အတွင်းသို့  ဝင်ရောက်သွားသည်ကို  CCTV မှတ်တမ်းများအရ စစ်ဆေးတွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇွန် ၁၇ ရက် ည ၉ နာရီ ၃၀ မိနစ်ခန့်တွင် အဆိုပါအိမ်သို့ သွားရောက်ရှာဖွေစစ်ဆေးခဲ့ရာ အွန်လိုင်းလိမ်လည်ကျူးလွန် ရာတွင် ပါဝင်ပတ်သက်ခဲ့ သည့် မြန်မာနိုင်ငံသား အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၈ ဦး၊ စုစုပေါင်း ၁၆ ဦးတို့ကို  ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်များအရ ၎င်းတို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်မှ ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၃၀ ရက်အထိ အလုံမြို့နယ်ရှိ condo  အခန်းအား တစ်လလျှင် သိန်း ၇၀ ကျပ်ဖြင့် ငှားရမ်းနေထိုင်ခဲ့ကြောင်း၊ ဖမ်းဆီးရမိတရားခံ များထဲမှ တစ်ဦးက လက်ကိုင်ဖုန်းများထုတ်ပေးကာ ဆိုရှယ်မီဒီယာ အကောင့်များအား ထည့်သွင်းပေးထားကြောင်း၊ ၎င်းနောက် တရုတ်နိုင်ငံသားများအား ဆက်သွယ်ပြီး အလှ ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် ကျောက်စိမ်းများအား ရောင်းချမည်ဟု စည်းရုံး ပြောဆိုရကြောင်း၊  ဝယ်ယူမည့်သူများက ၎င်းပစ္စည်းများအား ဝယ်ယူမည်ဆိုပါက ဓာတ်ပုံနှင့် တရုတ်ယွမ်ငွေ တန်ဖိုးများကို ပေးပို့ရကြောင်း၊ ဝယ်ယူမည့်သူမှ မသင်္ကာ၍ မေးမြန်းလာသောအခါ အရောင်းဝန်ထမ်းများဖြစ်သည်ကို အသင့်ပြင်ဆင်ထားသည့် အီလက်ထရောနစ် လေဘာကတ်များ ပေးပို့၍ ယုံကြည်အောင် ဆောင်ရွက်ရကြောင်း၊ တရားခံများအနေဖြင့် ဈေးဝယ်ရန် လွှဲပေးသည့် ငွေပမာဏ၏ ၃ ရာခိုင်နှုန်းရရှိပြီး လစာ သတ်မှတ်ထားခြင်းမရှိကြောင်း၊ လုပ်ငန်းအခြေအနေ မကောင်းတော့သဖြင့် အဆိုပါ အွန်လိုင်းလိမ်လည်မှု ပြုလုပ်ရာတွင် အသုံးပြုသည့် လက်ကိုင်ဖုန်းများနှင့် ဆက်စပ်ပစ္စည်း များအား မော်တော်ယာဉ်အမှတ်၊ MDY -12 4F-1752 Honda Fit(လိုင်စင်မဲ့)   မော်တော်ယာဉ်နှင့်အတူ ပိုင်ရှင်မဲ့ ဖြစ်စေရန် Loi Sam Sip ရှမ်းစားသောက်ဆိုင်ရှေ့ ကားပါကင်နေရာ၌ စွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါဖမ်းဆီးရမိသူများအား ဉပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထိထိ ရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် အွန်လိုင်းလိမ်လည်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ပစ္စည်းများကိုလည်း ထပ်မံအသုံး ပြုနိုင်ခြင်း မရှိစေရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။