တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိုင် ထံ ကျဲ့ကျန်းပြည်နယ်ပါတီအတွင်းရေးမှူးက လာရောက်ဂါရဝပြုတွေ့ဆုံ နေပြည်တော်၊   ဇွန်   ၁၈

Friday, June 19, 2026 - 05:15

တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၌ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံသို့ ယနေ့မွန်းလွဲပိုင်းတွင် ကျဲ့ကျန်းပြည်နယ် ပါတီအတွင်းရေးမှူး မစ္စတာဝမ်ဟောက်က ခေတ္တတည်းခိုလျက်ရှိသည့် ဟန်ကျိုးမြို့၊ Huajia Shanzhuang ဟိုတယ် ဧည့်ခန်းမဆောင်၌ လာရောက်ဂါရဝပြု တွေ့ဆုံသည်။

ထိုသို့‌တွေ့ဆုံစဉ် ကျဲ့ကျန်းပြည်နယ် ပါတီအတွင်းရေးမှူးက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့်ခရီးစဉ် (State Visit) လာရောက်မှုအပေါ် လှိုက်လှဲနွေးထွေးစွာကြိုဆိုပါကြောင်း၊ ယခုကဲ့သို့ တွေ့ဆုံခွင့်ရသည့် အတွက်လည်း များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့် ကျဲ့ကျန်းပြည်နယ်တွင်နေထိုင်သည့် ဒေသခံလူဦးရေ ၆၇ သန်းကျော်ကိုယ်စား အဆွေတော်သမ္မတကြီးကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါကြောင်း၊ မိမိတို့သမ္မတကြီးအနေဖြင့် တရုတ်-မြန်မာချစ်ကြည်ရေးကို လွန်စွာအလေးထားပြီး အဆွေတော်သမ္မတကြီးနှင့် မိမိတို့သမ္မတကြီးတို့သည် တွေ့ဆုံဆွေးနွေးမှုများစွာကိုလည်း ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း၊ အဆွေတော်သမ္မတကြီးအနေဖြင့် ကျဲ့ကျန်းပြည်နယ်သို့ ပထမဆုံးအကြိမ် ရောက်ရှိခြင်းဖြစ်သည်ဟု မိမိအနေဖြင့်သိရှိရပြီး ပြည်နယ်ဆိုင်ရာ အချက်အလက်များကို တင်ပြလိုပါကြောင်း၊ ကျဲ့ကျန်းပြည်နယ်သည် သွင်းကုန်၊ ထုတ်ကုန် ပမာဏကြီးမားသည့်ဒေသဖြစ်ပြီး ဆန်းသစ်တီထွင်မှု အရည်အသွေးမြင့်မားသည့် လုပ်ငန်းပေါင်း များစွာကိုလည်း ပိုင်ဆိုင်ထားရှိကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအား ကောင်းသည့်ဒေသဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်ဖြင့် အားကောင်းလာလျက်ရှိပြီး ကျဲ့ကျန်းပြည်နယ်နှင့် မြန်မာနိုင်ငံအကြား၌လည်း စီးပွားရေးနှင့် ယဉ်ကျေးမှုပိုင်းဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းလာလျက်ရှိပါကြောင်း၊ မိမိတို့ကျဲ့ကျန်းပြည်နယ် အစိုးရအနေဖြင့် နှစ်နိုင်ငံအကြား သဘောတူညီချက်များကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုများ တိုးမြှင့်နိုင်ရေးအတွက်လည်း လိုအပ်သည်တွေ့ဆုံ ဆွေးနွေးမှုများနှင့် ကူးလူးဆက်ဆံခြင်းများကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတက ပြန်လည်ပြောကြားရာတွင် ယခုကဲ့သို့ မိမိဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များအား လှိုက်လှဲနွေးထွေးစွာ ကြိုဆိုမှုများနှင့် သာယာလှပပြီး စိမ်းလန်း စိုပြေမှုရှိသည့် ကျဲ့ကျန်းပြည်နယ်သို့ လာရောက်လေ့လာခွင့် ရရှိသည့်အတွက်လည်း ဝမ်းမြောက် မိကြောင်း၊ အချိန်အခါနှင့် ခေတ်စနစ်များ မည်ကဲ့သို့ပင် ပြောင်းလဲသည်ဖြစ်စေ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုသည် ပိုမိုတိုးတက်လျက်ရှိနေကြောင်း၊ နှစ်နိုင်ငံပြည်သူများ၏ နှလုံးသားချင်း နီးစပ်မှသာ ကျန်သည့်ကဏ္ဍများတွင်လည်း ပိုမိုနက်ရှိုင်းသည့် ယုံကြည်မှုများကို တည်ဆောက်နိုင်မည် ဖြစ်သဖြင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုကို တိုးမြှင့်လုပ်ဆောင်သွားရမည် ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးပြောကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ကျဲ့ကျန်းပြည်နယ်ပါတီအတွင်းရေးမှူး တို့သည် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ နည်းပညာကဏ္ဍ၊ အထည်အလိပ်ကဏ္ဍ၊ စိုက်ပျိုးရေးနှင့် လက်ဖက်ကဏ္ဍ၊ စွမ်းအင်ကဏ္ဍ တို့တွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့် ကိစ္စရပ်များနှင့် ပတ်သက်၍ရင်းနှီးပွင့်လင်းစွာ အမြင် ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင်လိုက်ပါလာကြသည့် အဖွဲ့ဝင်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံ အမတ်ကြီး ဦးဇော်ဝင်းမြင့် နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ကျဲ့ကျန်းပြည်နယ်ပါတီအတွင်းရေးမှူးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Ms. Ma Jia နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် ကျဲ့ကျန်းပြည်နယ်ပါတီအတွင်းရေးမှူးတို့သည် ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြပြီး ကျဲ့ကျန်းပြည်နယ်ပါတီအတွင်းရေးမှူးမှ တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)