တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင် ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်း အောင်လှိုင် ထံသို့ ယနေ့မွန်းလွဲပိုင်းတွင် ရှန်ဟိုင်းမြို့၊ မြို့တော်ဝန် မစ္စတာ ကုန်းကျန့် က ခေတ္တတည်းခိုလျက်ရှိသည့် Fairmont Peace ဟိုတယ်ရှိ Peace ဧည့် ခန်းမဆောင်၌ လာရောက်ဂါရဝပြု တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ရှန်ဟိုင်းမြို့၊ မြို့တော်ဝန်က ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော် အဆင့် ခရီးစဉ်(State Visit) လာရောက်မှုအပေါ် လှိုက်လှဲနွေးထွေးစွာ ကြိုဆို ပါကြောင်း ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ရှန်ဟိုင်းမြို့ဆိုင်ရာ အချက် အလက်များ၊ ရှန်ဟိုင်းမြို့ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင် ၏ လမ်းညွှန်ချက် နှင့်အညီ နိုင်ငံတကာစီးပွားရေးဗဟို၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးဗဟို၊ အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးဗဟို၊ အပြည်ပြည်ဆိုင်ရာပို့ဆောင်ရေးဗဟိုနှင့် အပြည်ပြည်ဆိုင်ရာ သိပ္ပံနှင့်နည်းပညာ ဆန်းသစ်တီထွင်ရေးဗဟို မြို့အဖြစ် ကြိုးပမ်းတည်ဆောက် လျက်ရှိသည့်အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ သည်။
ထို့နောက် နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် နှစ်နိုင်ငံဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ မြန်မာနိုင်ငံတွင် ထာဝရ ငြိမ်းချမ်းရေးရရှိရန်အတွက် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေး၊ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများတိုးမြင့်ရေးနှင့် နှစ်နိုင်ငံကုန်သွယ်မှုကဏ္ဍ မြှင့်တင်နိုင်ရေးတို့ အတွက် ရည်ရွယ်၍ တရုတ်နိုင်ငံသို့ လာရောက်ရခြင်းဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား ရှည်လျားသည့် နယ်နိမိတ်ထိစပ်နေမှုနှင့်အတူ ကူးလူးဆက်ဆံမှုသမိုင်းကြောင်း ကောင်းများလည်း ရှိပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် မြေပေါ်မြေအောက်သယံဇာတ များ ပေါကြွယ်ဝသည့်နိုင်ငံတစ်ခုဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုများ အောင်မြင်စွာ ဆောင်ရွက်နိုင် မည့်အခြေအနေကောင်းများကို ပိုင်ဆိုင်ထားရှိကြောင်း၊ တရုတ်နိုင်ငံမှ စီးပွားရေး လုပ် ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများကို ယုံကြည်စိတ်ချစွာ ဆောင် ရွက် ဖိတ်ခေါ်လိုကြောင်း ပြန်လည်ဆွေးနွေးပြောကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ရှန်ဟိုင်းမြို့တော်ဝန်တို့သည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့တို့အကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင် ရွက် သွားနိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင်လိုက်ပါလာကြသည့် အဖွဲ့ဝင်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံ အမတ်ကြီး ဦးဇော်ဝင်းမြင့် နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ရှန်ဟိုင်းမြို့၊ မြို့တော်ဝန် နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Ms. Ma Jia နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် ရှန်ဟိုင်းမြို့၊ မြို့တော်ဝန်တို့သည် ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြပြီး ရှန်ဟိုင်းမြို့၊ မြို့တော်ဝန်မှ တည်ခင်းဧည့်ခံသည့် ဂုဏ် ပြုညစာကို အတူတကွ သုံးဆောင်ကြသည်။
ညပိုင်းတွင် နိုင်ငံတော်သမ္မတ သည် ခရီးစဉ်တွင် လိုက်ပါလာသည့် ကိုယ်စားလှယ်အဖွဲ့ဝင်များလိုက်ပါ၍ ရှန်ဟိုင်းမြို့၊ ဟွမ်းဖုမြစ်ကြောင်း တစ်လျှောက် သင်္ဘောဖြင့် လိုက်ပါစီးနင်း၍ ရှန်ဟိုင်းမြို့၏ ညပိုင်း မြို့ပြဖွံ့ဖြိုးတိုးတက်မှုအလှ များကို လေ့လာကြည့်ရှုကြသည်။
ဦးစွာ နိုင်ငံတော်သမ္မတဦးဆောင်သည့် အဖွဲ့ဝင်များသည် ရှန်ဟိုင်းမြို့ ဟွမ်းဖုဆိပ်ကမ်းသို့ ရောက်ရှိလာရာ ရှန်ဟိုင်းမြို့မှ အမြင့်ဆုံးတာဝါဖြစ်သည့် Oriental Tower မှ တာဝန်ခံနှင့် တာဝန်ရှိသူများက လှိုက်လှဲနွေးထွေးစွာ ကြိုဆို နှုတ်ဆက် ကြသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတသည် Oriental Pearl 2 အမည်ရှိ သင်္ဘောပေါ် သို့ ရောက်ရှိကြရာ ဧည့်ခန်းမဆောင်အတွင်း၌ Oriental Tower မှ တာဝန်ခံဖြစ်သူက ဟွမ်းဖုမြစ်ကြောင်းတစ်လျှောက်ရှိ အဆောက်အဦများ၏ ဖွံ့ဖြိုးတိုးတက်လာမှုများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြရာ နိုင်ငံတော်သမ္မတက သိရှိလိုသည်များ ပြန်လည် မေးမြန်း ဆွေးနွေးသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် ဟွမ်းဖုမြစ်ကြောင်း တစ်လျှောက်၌ မြို့ပြ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများနှင့် မြစ်ကြောင်းထိန်းသိမ်းထားရှိမှုအခြေအနေများ၊ ရှန်ဟိုင်းမြို့ဒေသခံများ၏ အပန်းဖြေအနားယူနေမှုနှင့် လူမှုဘဝ လှုပ်ရှားသွားလာနေမှု များအား ကြည့်ရှုလေ့လာခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် သိရှိလိုသည် များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)




