ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ပေကျင်းမြို့ရှိ China Railway Construction Corporation Limited (CRCC) သို့သွားရောက်လေ့လာ၊ ပေကျင်းမြို့မှ ရှန်ဟိုင်းမြို့သို့ အမြန်ရထားဖြင့် လိုက်ပါစီးနင်းရောက်ရှိ နေပြည်တော်၊ ဇွန် - ၁၇
တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့၌ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့် မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ China Railway Construction Corporation Limited (CRCC) သို့သွားရောက်လေ့လာကြသည်။
ဦးစွာ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် CRCC သို့ ရောက်ရှိကြရာ CRCC မှ ဥက္ကဋ္ဌဖြစ်သူ Mr. Dai Hegen နှင့် အဖွဲ့ဝင်များက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ် ဆက်ကြသည်။ ယင်းနောက် နိုင်ငံတော်သမ္မတ နှင့်အဖွဲ့သည် CRCC ၏ ပြခန်းကိုလေ့ လာကြရာ CRCC ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများက တရုတ်မီးရထားလမ်း တည်ဆောက်ရေး ကော်ပိုရေးရှင်း(China Railway Construction Corporation Limited- CRCC) အနေ ဖြင့် ၁၉၄၈ ခုနှစ်၌ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(PLA)ရထားလမ်း တပ်ဖွဲ့၌ စတင်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပြီး ခေတ် အဆက်ဆက် ဖြစ်ပေါ်တိုးတက်ခဲ့မှု များ၊ နိုင်ငံ့အကြီးအကဲများက မီးရထားတပ်ဖွဲ့အား အလေးထားခဲ့ကြပြီး တွေ့ဆုံမှုများ ဆောင်ရွက်ခဲ့ကြသည့် သမိုင်းမှတ်တမ်း ဓာတ်ပုံ များနှင့် အထောက်အထားများ၊ မြင့်မားသည့် မီးရထားတံတားများ၊ ဥမင်လိုဏ်ခေါင်း မီးရထားလမ်းများအား အခက်အခဲများကြားမှ တည်ဆောက်ဖောက်လုပ်ခဲ့သည့် မှတ်တမ်းများ၊ ပေကျင်းမြို့၏ ပထမဆုံး မြေအောက်မီးရထားလမ်း တည်ဆောက်ခဲ့မှုများ၊ မီးရထားတပ်ဖွဲ့၏ ပြည်ပ စစ်မြေပြင်များတွင် သွားရောက် တာဝန်ထမ်းဆောင်ခဲ့မှုသမိုင်းမှတ်တမ်းများ၊ သဘာဝ ဘေးအန္တရာယ်ကြောင့် မီးရထားလမ်းများ ထိခိုက်ပျက်စီးခဲ့ရမှုနှင့် ပြန်လည်ပြုပြင် တည်ဆောက်ခဲ့မှု မှတ်တမ်းများ၊ မီးရထားလမ်းတပ်ဖွဲ့အဖြစ်မှ ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲခဲ့မှုများ၊ ကျည်ဆံရထားများတည်ဆောက်ခဲ့မှုများ၊ မြေအောက်ရထားလမ်း တည်ဆောက်ရေး လုပ်ငန်းများတွင်အသုံးပြုသည့် တရုတ်နိုင်ငံမှ ထုတ်လုပ်ထားသော ယာဉ်ယန္တရား၊ စက်ကိရိယာများ၊ မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာ၌ CRCC မှ တည် ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ပြခန်းတစ်ခုချင်းစီ အလိုက် မှတ်တမ်းအထောက်အထားများ၊ အထူးပြုလုပ်ချက်များ၊ ပုံစံငယ်များဖြင့် လိုက်လံရှင်းလင်းတင်ပြကြရာ နိုင်ငံတော်သမ္မတက သိရှိလိုသည်များ ပြန်လည် မေးမြန်းဆွေးနွေးသည်။
အဆိုပါ တရုတ်မီးရထားလမ်းတည်ဆောက်ရေးကော်ပိုရေးရှင်း (China Railway Construction Corporation Limited- CRCC)ကို ၁၉၄၈ ခုနှစ်၌ တရုတ်
ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရထားလမ်း ကော်ပိုရေးရှင်းအဖြစ် စတင် တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့နောက် ၁၉၉၀ ပြည့်နှစ်တွင်
CRCC အဖြစ်သို့ပြောင်းလဲဖွဲစည်းခဲ့ပြီး ၂၀၀၃ ခုနှစ်၌ နိုင်ငံပိုင်ပစ္စည်းများကြီးကြပ် စစ်ဆေးရေးနှင့်စီမံခန့်ခွဲရေးကော်မရှင်(SASAC)၏ စီမံခန့်ခွဲမှုဖြင့် ဆက်လက်ဆောင် ရွက်ခဲ့ကြောင်း၊ ကုမ္ပဏီကို ၂၀၀၇ ခုနှစ်တွင် အစုရှယ်ယာများဖြင့် ခေတ်မီ ကော်ပိုရေး ရှင်းအသွင်ဖြင့် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ရှန်ဟိုင်းနှင့် ဟောင်ကောင် စတော့ခ်ဈေးကွက်တွင် စာရင်းသွင်းခဲ့ကြောင်း၊ CRCC သည် ယနေ့အချိန်အထိ မီး ရထားလမ်းနှင့် အမြန်ရထားလမ်းပေါင်း (၁၃၀,၀၀၀) ကီလိုမီတာကျော်၊ အဝေးပြေး လမ်းမ (၅၀,၀၀၀)ကီလိုမီတာကျော်၊ တံတား (၂၈,၀၀၀) ကီလိုမီတာကျော်၊ ဥမင် လိုဏ်ခေါင်း(၂၆,၀၀၀) ကီလိုမီတာကျော်နှင့် အဆောက်အဦပေါင်း (၁၂၀,၀၀၀,၀၀၀) စတုရန်းမီတာတို့ကို ကမ္ဘာ့နေရာအများအပြားတွင် တည်ဆောက်ခဲ့ကြောင်း၊ ထို့ပြင် CRCC ၏ လုပ်ငန်းခွဲများသည် အမေရိကတွင် (၂၄) ခု၊ အာဖရိကတွင်(၅၁) ခု၊ ဥရောပ တွင် (၁၅) ခု၊ အာရှတွင် (၄၁) ခုနှင့် သမုဒ္ဒရာနိုင်ငံများတွင် (၁၀)ခု၊ ပြည်ပ နိုင်ငံနှင့် ဒေသစုစုပေါင်း (၁၄၈) ခုတွင် အလုပ်သမားပေါင်း (၂၆၈,၀၀၀) ဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ CRCC မှ တည်ဆောက်ခဲ့သော အမြန်ရထားလမ်းများ အနက် ကမ္ဘာ့အရှည်ဆုံး၊ အဆင့်အမြင့်ဆုံးနှင့် ရှုပ်ထွေးမှုအရှိဆုံး တစ်ဆက်တည်း အမြန်ရထားလမ်းအဖြစ် ပေကျင်း-ရှန်ဟိုင်း အမြန်ရထားလမ်း ဖောက်လုပ်မှုတွင် (၄၆) ရာခိုင်နှုန်းကို တာဝန်ယူဆောင်ရွက်ခဲ့ပြီး၊ ကမ္ဘာ့အမြင့်ဆုံးနှင့် အရှည်ဆုံး ကုန်းပြင်မြင့် ရထားလမ်းဖြစ်သည့် ကျင်းဟိုင်-တိဘက် ရထားလမ်းဖောက်လုပ်မှုတွင် (၇၀) ရာခိုင်နှုန်း ပါဝင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံမှတည်ဆောက်သည့် ပထမဆုံးနယ်စပ်ဖြတ် ကျော် ရထားလမ်းဖြစ်ပြီး တရုတ်နိုင်ငံရှိ ရထားကွန်ရက်နှင့် ချိတ်ဆက်ထားသည့် ကူမင်း-ဗီယင်ကျန်း မီးရထားလမ်းနှင့် ပေကျင်းမြေအောက် ရထားလိုင်းအမှတ် (၁) စသည်ဖြင့် နေရာအမျိုးမျိုးတွင် ဖောက်လုပ်ထားသည့် မီးရထားလမ်းများသည် လက်ရှိအချိန်အထိ အသုံးပြုလျက်ရှိကြောင်း၊ ထို့ပြင် နိုင်ငံတကာနှင့်ပူးပေါင်း၍ မီးရထားလမ်း ထိန်းသိမ်းပြင်ဆင်သည့် လုပ်ငန်းများကိုလည်းလုပ်ကိုင်ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။
ထို့နောက် ရှင်းလင်းဆောင်ခန်းမတွင် CRCC ဥက္ကဋ္ဌက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အနေဖြင့် ယခုကဲ့သို့ China Railway Construction Corporation Limited (CRCC)သို့ အချိန်ပေး၍ လာရောက်လေ့လာမှုအတွက် များစွာ ဂုဏ်ယူဝမ်းမြောက်မိပါ ကြောင်းနှင့် ဝန်ထမ်းပေါင်း ၃ သိန်းကျော်ကို ကိုယ်စားပြု၍ မိမိအနေဖြင့် လှိုက်လှဲ နွေးထွေးစွာ ကြိုဆိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအနေဖြင့် အိမ်နီးချင်း၊ မိတ်ဆွေကောင်းနိုင်ငံများဖြစ်ကြပြီး သမိုင်းကြောင်း ရှည်လျားစွာဖြင့် ချစ်ကြည်ရင်း နှီးမှုများ ခိုင်မာလျက်ရှိနေပါကြောင်း၊ မိမိတို့နိုင်ငံ၏ သမ္မတကြီး မစ္စတာရှီကျင့်ဖျင် အနေဖြင့် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအတွက် ယုံကြည်စိတ်ချရသည့် အိမ်နီးချင်း မိတ်ဆွေကောင်းနိုင်ငံများဖြစ်ကြောင်းနှင့် နှစ်နိုင်ငံသဘောတူညီချက်များကို အကောင် အထည်ဖော်သွားနိုင်ရေးအတွက်လည်း မိမိတို့အား မှာကြားထားပါကြောင်း၊ မြန်မာ နိုင်ငံတွင် ရထားလမ်း၊ ကားလမ်းများ၊ မြေအောက်ရထားလမ်းများ၊ လေဆိပ်များ၊ Smart City များ တည်ဆောက်ခြင်း၊ ပြုပြင်ခြင်း၊ အဆင့်မြှင့်တင်ခြင်းတို့တွင် CRCC မှ တတ်ကျွမ်းသည့်နည်းပညာများဖြင့် အကျိုးပြုလိုပါကြောင်း ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး CRCC သမိုင်းကြောင်းများနှင့် လက်ရှိဖြစ်ပေါ်တိုးတက်နေမှု အခြေအနေများ၊ စွမ်းဆောင်နိုင်မှုများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက သိရှိလိုသည်များ ပြန်လည် မေးမြန်းဆွေးနွေးပြီး မြန်မာနိုင်ငံနှင့် CRCC တို့အကြား ပူးပေါင်းဆောင်ရွက်မှုများစွာကို ဆောင်ရွက်သွားနိုင်မည့်ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ နှင့် CRCC ဥက္ကဋ္ဌ တို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး နိုင်ငံတော်သမ္မတသည် China Railway Construction Corporation Limited (CRCC) မှ ပြန်လည်ထွက်ခွာရာ CRCC ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုက်လံပို့ဆောင်နှုတ်ဆက်ကြသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့သည် ပေကျင်းမြို့ South Railway Station မှ ရှန်ဟိုင်းမြို့ Hongqiao Railway Station သို့ High-Speed Railway G23 ဖြင့် ထွက်ခွာရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mrs. Hua Chunying ဦးဆောင်သည့်အစိုးရ အဖွဲ့ဝင်များ၊ ပေကျင်းမြို့ရှိ မြန်မာနိုင်ငံသံရုံး၊ စစ်သံရုံးတို့မှ တာဝန်ရှိသူများကပို့ဆောင် နှုတ်ဆက်ကြသည်။ ထိုသို့ ပို့ဆောင်နှုတ်ဆက်စဉ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဂုဏ်ပြု တပ်ဖွဲ့ကလည်း ကော်ဇောနီ၏ တစ်ဖက်တစ်ချက်တွင် နေရာယူအလေးပြု၍ နိုင်ငံတော် သမ္မတအား ပို့ဆောင်နှုတ်ဆက်သည်။
နိုင်ငံတော်သမ္မတသည် ပေကျင်းမြို့မှ ရှန်ဟိုင်းမြို့သို့ အမြန်ရထားဖြင့် သွား ရောက်စဉ် လမ်းခရီးတစ်လျှောက်၌ တရုတ်နိုင်ငံ၏ ရထားပို့ဆောင်ရေးစနစ်ဖွံ့ဖြိုးတိုး တက်မှုများ၊ ရထားလမ်းနယ်များ စနစ်တကျရှိမှုများ၊ မြို့ပြဖွံ့ဖြိုးတိုးတက်မှုများ၊ လူနေ ထိုင်မှုနှင့် စိုက်ပျိုးရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်ထားရှိမှုများ၊ Green Energy အသုံးပြုထားရှိမှုများ၊ အခြေခံ အဆောက်အဦဖွံ့ဖြိုးတိုးတက်စေရေး တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ ရထားလမ်းကြောင်းတစ်လျှောက် သစ်ပင်များအား ပင်ခြား၊ တန်ခြား မှန်ကန်စွာဖြင့် စိုက်ပျိုးထားရှိမှုများ စသည်တို့ကို ကြည့်ရှုလေ့လာ ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာ ကြားသည်။
ထို့ပြင် နိုင်ငံတော်သမ္မတ သည် High-Speed Railway G23 ပေါ်၌ စားသောက် ဖွယ်ရာများ ဝန်ဆောင်မှုပေးထားမှုများ၊ ခရီးသည်များသက်တောင့်သက်သာဖြင့် ခရီး သွားလာနိုင်ရေးစီမံဆောင်ရွက်ပေးထားမှုများကိုလည်း မြန်မာ့ မီးရထားဆက်သွယ်ရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအကောင်အထည်ဖော်ဆောင်ရာတွင် အတွေ့အကြုံယူ အသုံးပြုနိုင်ရေးအတွက် မေးမြန်းလေ့လာဆွေးနွေးခဲ့သည်။
ထို့နောက် နိုင်ငံတော်သမ္မတဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့သည် ရှန်ဟိုင်းမြို့ Hongqiao Railway Station သို့ ရောက်ရှိကြရာ ဒုတိယ မြို့တော်ဝန်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး ခေတ္တတည်းခိုမည့် ရှန်ဟိုင်းမြို့၊ Fairmont Peace ဟိုတယ်သို့ ဆက်လက် ထွက်ခွာခဲ့ကြရာ ဟိုတယ်သို့သွားရောက်ရာလမ်းတစ်လျှောက်၌ရှန်ဟိုင်းမြို့ဒေသခံများ က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦး ဆောင်သည့် မြန်မာအဆင့် မြင့်ကိုယ်စားလှယ်အဖွဲ့လိုက်ပါလာသည့် အထူးယာဉ်တန်း အား လှိုက်လှဲနွေးထွေးစွာ ကြိုဆိုခဲ့ကြကြောင်းနှင့် ဟိုတယ်သို့ရောက်ရှိချိန်တွင်လည်း တာဝန်ရှိသူများက တီးဝိုင်းငယ်ဖြင့် တီးမှုတ်၍ ကြိုဆိုဂုဏ်ပြုခဲ့ကြောင်း သတင်းရရှိ သည်။(သတင်းစဉ်)



