တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိုင် တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် (National People’s Congress - NPC) ဥက္ကဋ္ဌ နှင့် တွေ့ဆုံဆွေးနွေး 

Wednesday, June 17, 2026 - 04:45

တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် (National People’s Congress - NPC) ဥက္ကဋ္ဌ မစ္စတာ ကျောက်လဲ့ကျိ နှင့် The Great Hall of the People ဧည့်ခန်းမဆောင် တွေ့ဆုံဆွေးနွေးသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင်လိုက်ပါလာကြသည့် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာ ကံဇော်၊ ဦးကိုကိုလွင်၊ ဒေါက်တာ ချာလီသန်း၊ ဦးထွန်းအုံ၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊  ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးဇော်ဝင်းမြင့် နှင့် တာဝန်ရှိသူများတက်ရောက်ကြ ပြီး တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်ဥက္ကဋ္ဌနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Ms. Ma Jia နှင့် တရုတ်နိုင်ငံမှ တာဝန် ရှိသူများ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်ဥက္ကဋ္ဌ က အဆွေ တော် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အနေဖြင့် တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့်ခရီးစဉ် လာရောက်မှုအပေါ် လှိုက်လှဲစွာ ကြိုဆိုပါ ကြောင်း၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအနေဖြင့် သံတမန်ဆက်ဆံမှု ၇၆ နှစ်မြောက် ကာလသို့ ရောက်ရှိခဲ့ပြီဖြစ်ပြီး ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်နှင့် အညီ နေထိုင်လျက်ရှိကြောင်း၊ ယခင်နှစ်က အဆွေတော်သမ္မတကြီးနှင့် မိမိတို့ တရုတ်နိုင်ငံသမ္မတကြီးတို့အနေဖြင့် နှစ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံအကြား မဟာ ဗျူဟာ မြောက်အရေးပါသည့် သဘောတူညီချက်များ ရရှိခဲ့ကြကြောင်း၊ ယနေ့နံနက်ပိုင်းတွင်လည်း ထပ်မံတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား အနာဂတ်လမ်းပြပေး နိုင်မည့် အရေးကြီးသည့် တွေ့ဆုံဆွေးနွေးမှုများနှင့် သဘောတူညီမှုများကို ချမှတ် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံအကြား သဘောတူညီချက် များနှင့်အညီ အပြန်အလှန်အကျိုးဖြစ်ထွန်းစေနိုင်မည့် ပူးပေါင်း ဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်သွားလိုကြောင်းနှင့် နှစ်နိုင်ငံပြည်သူများ၏ အကျိုးဖြစ်ထွန်း စေလိုပါကြောင်း၊ မြန်မာနိုင်ငံတွင် ပြည်ထောင်စုလွှတ်တော်ကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့သည့်အတွက် ဝမ်းမြောက်ပါကြောင်းနှင့် လွှတ်တော် ဥက္ကဋ္ဌ ကြီးများနှင့် လွှတ်တော်ကိုယ်စားလှယ်များကိုလည်း တရုတ်နိုင်ငံသို့ လေ့လာရေးခရီးစဉ်များ လာရောက်ရန် ဖိတ်ခေါ်လိုပါကြောင်း၊ မြန်မာနိုင်ငံတွင် အစိုးရသစ်၏ ဦးဆောင်မှုနှင့် အတူ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးများစွာ မလွဲမသွေ ဖြစ်ပေါ်လာ မည်ဟု ယုံကြည်ပါကြောင်း ဦးစွာ ဆွေးနွေးပြောကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတက ပြန်လည်ဆွေးနွေးပြောကြားရာတွင် ယခု ကဲ့သို့ အဆွေတော်နှင့် တွေ့ဆုံရသည့်အတွက် ဝမ်းမြောက်မိပါ ကြောင်းနှင့် မြန်မာနိုင်ငံ လွှတ်တော်နှစ်ရပ်ဥက္ကဋ္ဌသစ်များထံသို့ အဆွေတော်ထံမှ ဝမ်း မြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့သည့်အတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၌ မန္တလေးငလျင်ကြီးဖြစ်ပေါ်ကြုံတွေ့ခဲ့ရချိန်တွင် တရုတ်နိုင်ငံက ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ အစောဆုံးပေးအပ်ခဲ့ပြီး ပမာဏအများဆုံး ထောက်ပံ့ပေးခဲ့ သည့်အတွက် အမြဲတန်ဖိုးထားလျက်ရှိပါကြောင်း၊ တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် နှင့် မြန်မာ့လွှတ်တော်များအကြား ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်သွားလိုပါ ကြောင်း၊ ခုအချိန်တွင် ပြည်သူများက ရွေးကောက်တင်မြှောက်ထားသည့် လွှတ် တော်များလည်း ပေါ်ထွန်းလာခဲ့ပြီဖြစ်သဖြင့် မြန်မာလွှတ်တော်အမတ်များကို တရုတ် နိုင်ငံသို့ လေ့လာရေးခရီးစဉ်များ စေလွှတ်သွားလိုပြီး အဆိုပါလေ့လာရေးခရီးစဉ်များမှ တစ်ဆင့် ဥပဒေပြုရေးလုပ်ငန်းစဉ်များ၊ လွှတ်တော်အုပ်ချုပ်မှုနှင့် ပြည်သူ့ကိုယ်စားပြုမှု ဆိုင်ရာကိစ္စရပ်များတွင် အပြန်အလှန်အတွေ့အကြုံဖလှယ်မှုများ ပြုလုပ်နိုင်မည်ဟု လည်း ယုံကြည်ပါကြောင်း၊ နှစ်နိုင်ငံ လွှတ်တော်ကိုယ်စားလှယ်များအကြား ထိထိ ရောက်ရောက် ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် မိမိတို့လွှတ်တော်များအကြား ဆက်ဆံမှု ပိုမိုနက်ရှိုင်းလာစေရန် မျှော်လင့်ပါကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် အစဉ် အမြဲ အားကိုးရသည့် အိမ်နီးချင်းကောင်းဖြစ်သည့်အပြင် “မိတ်ဆွေစစ်”လည်း ဖြစ်ပါ ကြောင်း၊ မြန်မာ-တရုတ် နှစ်နိုင်ငံအကျိုးအတွက် ဆတက်ထမ်းပိုး ဆောင်ရွက်နိုင်ပါစေ ကြောင်းနှင့် ရှေ့လုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရန် ဆုမွန်ကောင်း တောင်းအပ် ပါကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် ဥက္ကဋ္ဌ တို့သည် နှစ်နိုင်ငံလွှတ်တော်အချင်းချင်း ပူး‌ပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေးဆောင် ရွက်သွားနိုင်မည့်ကိစ္စရပ်များ၊ နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့တွင် တိုးမြှင့် ဆောင်ရွက်သွားနိုင်မည့်ကိစ္စရပ်များ၊ အွန်လိုင်းလိမ်လည်လောင်းကစားမှု တိုက်ဖျက် ရေးလုပ်ငန်းများ၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်သွားနိုင်မည့်ကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်ရေးနှင့် လုံခြုံရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းစေရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များကို ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် ဥက္ကဋ္ဌ တို့သည် ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။(သတင်းစဉ်)