တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိုင် အား တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင် က ဂုဏ်ပြုကြိုဆို၊ နှစ်နိုင်ငံအကျိုးကို

Wednesday, June 17, 2026 - 04:45

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိုင် အား တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင် က ဂုဏ်ပြုကြိုဆို၊ နှစ်နိုင်ငံအကျိုးကိုရည်သန်၍ တွေ့ဆုံဆွေးနွေးမှုများဆောင်ရွက် နေပြည်တော်ဇွန် ၁၆

တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အား ယနေ့နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်က The Great Hall of the People ၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုပြီး တွေ့ဆုံ ဆွေးနွေးသည်။

ဂုဏ်ပြုကြိုဆို

ဦးစွာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လိုက်ပါလာသည့် အထူးယာဉ်တန်း သည် The Great Hall of the People သို့ ရောက်ရှိလာပြီး နိုင်ငံတော် သမ္မတသည် ဝင်ပေါက်လှေကားနေရာသို့ ရောက်ရှိသည်နှင့် တစ်ပြိုင်တည်း လှေကား၏တစ်ဖက်တစ်ချက်စီတွင် ကြိုတင်နေရာယူထားကြသည့် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်(PLA) (ကြည်း၊ ရေ၊ လေ)ဂုဏ်ပြုတပ်ဖွဲ့က အလေးပြု ကြိုဆိုကြကာ ထရမ့်ပတ်အဖွဲ့ကလည်း တီးမှုတ်ဂုဏ်ပြုကြိုဆိုကြသည်။ အလားတူ ဂုဏ်ပြုအမြောက်တပ်ဖွဲ့ကလည်း အမြောက် ၂၁ ချက်ကို စစ်ရေးပြအခမ်းအနားဖြင့် ဂုဏ်ပြုပစ်ဖောက်သည်။   

ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အား အသင့်စောင့်ကြိုနေသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင် က လှိုက်လှဲနွေးထွေးစွာကြိုဆိုပြီး နှစ်နိုင်ငံအလံများ နောက်ခံထား၍ လက်ဆွဲနှုတ်ဆက်ကြရာ မီဒီယာများက မှတ်တမ်းရယူကြသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတ နှစ်ဦးတို့သည် လျှောက်လမ်းအတိုင်း ဂုဏ်ပြု တပ်ဖွဲ့ဖြင့် ကြိုဆိုမည့်စင်မြင့်နေရာသို့ အတူတကွသွားရောက်ကြသည်။ အလေးပြုခံ စင်မြင့်အနောက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတက မြန်မာဘက်မှ ကိုယ်စား လှယ်များအား ဦးစွာလိုက်လံနှုတ်ဆက်ပြီး ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်နိုင်ငံတော်သမ္မတ က တရုတ်ဘက်မှ ကိုယ်စားလှယ်များအား လိုက်လံနှုတ် ဆက်သည်။

ထို့နောက် နိုင်ငံတော်သမ္မတနှစ်ဦးသည် အလေးပြုခံစင်မြင့်ထက်တွင် နေရာယူ ကြပြီး ဂုဏ်ပြုတပ်ဖွဲ့က နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများဖြင့် တီး မှုတ်ဂုဏ်ပြုအလေးပြု ခြင်းကို ခံယူကြကာ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်(PLA) (ကြည်း၊ ရေ၊ လေ) ဂုဏ်ပြုတပ်ဖွဲ့အလံရှိရာသို့ သွားရောက်၍ ဦးညွတ်အလေးပြုကြပြီး ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးကြသည်။

ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးပြီး နိုင်ငံတော်သမ္မတနှစ်ဦးသည် အလံများ ဝှေ့ရမ်းကြိုဆိုလျက်ရှိသည့် ကလေးငယ်များအား လက်ပြနှုတ်ဆက်၍ အလေးပြုခံ စင်မြင်ထက်တွင် ပြန်လည်နေရာယူကြကာ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုထွက်ခွာမှုကို ခံယူကြသည်။ ယင်းနောက် နိုင်ငံတော်သမ္မတနှစ်ဦးသည် တွေ့ဆုံဆွေးနွေးပွဲကျင်းပ ပြုလုပ်မည့် ဖူကျန့်ခန်းမဆောင်သို့ အတူတကွထွက်ခွာကြသည်။

တွေ့ဆုံဆွေးနွေး

ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင် တို့သည် နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်အတူ ဖူကျန့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးကြ သည်။

ထိုသို့ တွေ့ဆုံဆွေးနွေးစဉ် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင် က တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) လာရောက်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား တရုတ် နိုင်ငံမှ လှိုက်လှဲနွေးထွေးစွာဖြင့် ကြိုဆိုပါကြောင်း၊ ယခုကဲ့သို့ ခရီးစဉ်လာရောက်ခြင်း သည် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို သက်ဝင်ဖော်ပြနေခြင်းပင်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ အကြား သံတမန်ဆက်ဆံမှုသည် ၇၆ နှစ်မြောက်ကာလသို့ ရောက်ရှိပြီဖြစ်ပြီး အေးအတူပူအမျှ အသိုက်အဝန်းကို ထူထောင်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ မိမိတို့တရုတ်နိုင်ငံ

အနေဖြင့် မြန်မာနိုင်ငံနှင့်ဆက်ဆံရေးကို အထူးတန်ဖိုးထားရှိပါကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ အချုပ် အခြာအာဏာတည်တံ့ခိုင်မြဲမှုနှင့် နယ်မြေပိုင်ဆိုင်မှုကို အလေးထားပါကြောင်း၊     မြန်မာနိုင်ငံအစိုးရသစ်အနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ လုံခြုံရေးနှင့် တည် ငြိမ်အေးချမ်းရေး၊ ပြည်သူများ၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင် ရွက်ချက်များနှင့် တည်ငြိမ်အေးချမ်းပြီး နိုင်ငံနှင့်ကိုက်ညီသည့် နိုင်ငံရေးလမ်းကြောင်း ပေါ်တွင် လျှောက်လှမ်းလျက်ရှိမှုအပေါ် တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့်ထောက်ခံ ပါကြောင်း၊ ယခင်နှစ်အတွင်း မိမိတို့အနေဖြင့် တွေ့ဆုံဆွေးနွေးမှု နှစ်ကြိမ်ပြုလုပ်နိုင် ခဲ့ပြီး နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် ဦးတည်ချက်များနှင့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုအပေါ် ဘက်စုံအကောင်အထည်ဖော်ဆောင်နိုင်ရေးတို့အတွက် ဆွေး နွေးဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ မိမိတို့နှစ်ဦး၏ တွေ့ဆုံဆွေးနွေးမှုများမှတဆင့် နှစ် နိုင်ငံနှင့် ပြည်သူများအတွက် ကောင်းကျိုးများကို ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်ပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အလားအလာကောင်းများစွာကို ဖော်ဆောင်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်းဖြင့် ဦးစွာ ဆွေးနွေးပြောကြားသည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတက ပြန်လည် ဆွေးနွေးပြောကြားရာတွင် မိမိဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လှိုက်လှဲနွေး ထွေးစွာကြိုဆိုမှုများနှင့် နွေးထွေးစွာ ဧည့်ဝတ်ပြုမှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ယခုခရီးစဉ်သည် မိမိနိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူပြီးနောက် ပထမဆုံး နိုင်ငံတော် အဆင့်ခရီးစဉ်(State Visit)ဖြစ်သည့်အတွက် မိမိအနေဖြင့် အထူးဂုဏ်ယူဝမ်းမြောက်မိ ပါကြောင်း၊ မိမိအားနိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ပြီးနောက် နာရီပိုင်း အတွင်း၌ အဆွေတော်တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတထံမှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို လက်ခံရရှိခဲ့ပါကြောင်း၊ ထို့ပြင် နိုင်ငံတော်သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုသည့်အခမ်းအနားသို့လည်း အဆွေတော်၏ အထူးကိုယ်စားလှယ် ဒုတိယဥက္ကဋ္ဌ မစ္စတာ ကျန်းရှင်းကျစ်ကို စေလွှတ်ပေးခဲ့ပါကြောင်း၊ ယင်းတို့သည် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ၏ မြန်မာနိုင်ငံအစိုးရသစ်အပေါ် အလေးအနက်ထားမှုနှင့် မိမိတို့နှစ်ဦး အကြား ခင်မင်ရင်းနှီးမှုကို ပြသနေခြင်းပင်ဖြစ်ကြောင်း။

မိမိအနေဖြင့် အဆွေတော်၏ဖိတ်ကြားချက်ကို အထူးအလေးထားပြီး လာရောက် ခဲ့ခြင်းဖြစ်ပြီး မိမိအနေဖြင့် တရုတ်နိုင်ငံသို့လာရောက်လည်ပတ်မှု ၁၃ ကြိမ်မြောက် ခရီး လည်းဖြစ်ကြောင်း၊ အဓိကရည်ရွယ်ချက်အနေဖြင့် မြန်မာနိုင်ငံဖွံ့ဖြိုး တိုးတက်ရေး အပါ အဝင် နှစ်နိုင်ငံဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ မြန်မာနိုင်ငံထာဝရ ငြိမ်းချမ်းရေးရရှိရန် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံမှ ရင်းနှီး မြှုပ်နှံမှုတိုးမြင့်ရေးနှင့် နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်နိုင် ရေးတို့ပင်ဖြစ်ကြောင်း။

ယခုအခါ မြန်မာနိုင်ငံအနေဖြင့် ပါတီစုံဒီမိုကရေစီနစ်ကို ခိုင်ခိုင်မာမာကျင့်သုံး လျှောက်လှမ်းလျက်ရှိပြီး မိမိတာဝန်ယူသည့်အချိန်တွင် စာမျက်နှာသစ်ဖွင့်မည်ဟု ပြော ခဲ့ကာ နိုင်ငံနှင့်ကိုက်ညီသည့် နိုင်ငံရေးစနစ်ကို သက်ဆိုင်သူအားလုံး လိုက်ပါနိုင်ရေး ကြိုးစားဆောင်ရွက်နေပါကြောင်း။

မိမိတို့နှစ်ဦးအနေဖြင့် အကြိမ်ပေါင်းများစွာ    တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ ဖူးကြပြီး နှစ်နိုင်ငံ နိုင်ငံတော်အကြီးအကဲများ၏ ထိတွေ့ဆက်ဆံရေး သည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရာတွင် အရေးကြီးသည့် အခန်း ကဏ္ဍမှ ပါဝင်လျက် ရှိနေပါကြောင်း၊ လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ ပြည်သူ့ဆန္ဒနှင့် အညီ ရွေးချယ်တင်မြှောက်ထားသည့် အစိုးရသစ်စတင်တာဝန်ယူနေပြီဖြစ်ပြီး အစိုးရသစ်အနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်ဖြင့် ကြိုးပမ်း နေသည့် ကာလဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့်လည်း မတ်လဆန်းပိုင်းတွင် အရေးကြီးအစည်းအဝေးဖြစ်သည့် (၁၄)ကြိမ်မြောက် အမျိုးသား ပြည်သူ့ကွန်ဂရက် အစည်းအဝေးနှင့် (၁၄)ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေး အတိုင် ပင်ခံကွန်ဖရင့်အမျိုးသားကော်မတီအစည်းအဝေး(Two Sessions)ကို ကျင်းပခဲ့ပြီး ချမှတ်ခဲ့သည့် (၁၅) ကြိမ်မြောက် ငါးနှစ်သက်တမ်းအတွက် အရေးကြီးသည့် မူဝါဒ များကို ချမှတ်ကျင့်သုံးနေ ချိန်ဖြစ်ကြောင်း၊ Two Sessions အစည်းအဝေးတွင် ချမှတ်ခဲ့သည့် မဟာဗျူဟာ ဦးတည်ချက်များသည် တရုတ်နိုင်ငံ၏ ရေရှည်ဖွံ့ဖြိုး တိုးတက် ရေးအတွက်သာမက မြန်မာနိုင်ငံအပါအဝင်  အိမ်နီးချင်းနိုင်ငံများအတွက် ဖွံ့ဖြိုးမှုဆိုင်ရာ အခွင့်အလမ်းသစ် များကို ဖန်တီးပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ထို့ကြောင့် ယခုအချိန်သည် မိမိတို့ နှစ်နိုင်ငံအကြား ရှိရင်းစွဲကောင်းမွန်သည့် ဆက်ဆံရေးကို ပိုမိုခိုင်မာစေရန်၊ နှစ်နိုင်ငံ ဘုံအကျိုးစီးပွားဖော်ဆောင်ပေးမည့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်သွားရန် အချိန် အခါကောင်းပင်ဖြစ်ပါကြောင်း။    

နှစ်နိုင်ငံဆက်ဆံရေးတွင် ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ်နှင့် အညီ ကျင့်သုံးလျက် အိမ်နီးချင်းကောင်းဆက်ဆံရေး ခိုင်မာစွာ ထိန်းသိမ်းထားလျက် ရှိပါကြောင်း၊ ထို့အပြင် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုကို အခြေခံပြီး လိုအပ် သည့်အချိန်တွင် အပြန်အလှန် ကူညီပံ့ပိုးရပ်တည်ပေးသည့် နိုင်ငံများဖြစ်ကြပါ‌ကြောင်း၊ ယခုကဲ့သို့ အခါအခွင့်သင့်သည့်အချိန်တွင် မြန်မာနိုင်ငံ အနေဖြင့် တရုတ်တစ်နိုင်ငံ တည်း မူဝါဒကို အပြည့်အဝထောက်ခံကြောင်း ထပ်လောင်း အတည်ပြုလိုပါကြောင်း၊  ထို့အပြင် အဆွေတော် ဦးစီးဖော်ဆောင်နေသည့် ကမ္ဘာလုံး ဆိုင်ရာ အစီအမံများဖြစ်သော GGI ၊ GSI ၊ GDI နှင့် GCI တို့ကို ထောက်ခံ ကြောင်းကိုလည်း ပြောကြားလိုကြောင်း။

မိမိတို့နှစ်နိုင်ငံအကြား ကီလိုမီတာ ၂၀၀၀ ကျော် နယ်နိမိတ်ချင်းထိစပ်နေပြီး နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းမှုရှိမှသာလျင် ယင်းဒေသများရှိ နှစ်နိုင်ငံပြည်သူ များ၏ သာယာဝပြောမှုနှင့် ဒေသဖွံ့ဖြိုးတိုးတက်မှုကိုလည်း ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း၊ တရုတ်နိုင်ငံက ဦးစီးဆောင်ရွက်နေသည့် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း (Belt and Road Initiative-BRI)၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် တရုတ်-မြန်မာ စီးပွားရေး စင်္ကြံ အောင်မြင်စွာဖြင့် အပြည့်အဝဆောင်ရွက်နိုင်ရေးအတွက် နယ်စပ်ဒေသတည်ငြိမ် ရေးကို မဖြစ်မနေဆောင်ရွက်သွားရန်လိုပါကြောင်း၊ မြန်မာနိုင်ငံအစိုးရသစ်အနေဖြင့် ပြည် တွင်းငြိမ်းချမ်းရေးကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၏ အခြေခံအုတ်မြစ်အဖြစ် သတ် မှတ်ပြီး NCA လမ်းကြောင်းအတိုင်း ဆက်လက် အကောင်အထည်ဖော်လျက်ရှိပါ ကြောင်း၊ မြန်မာနိုင်ငံအတွင်း၌ အွန်လိုင်းလိမ်လည်မှုနှင့် မူးယစ်ဆေးဝါးတားဆီး နှိမ် နင်းရေးကို အလေးထားတိုက်ဖျက်ဆောင်ရွက်လျက်ရှိပြီး တရုတ်နိုင်ငံနှင့်ပူးပေါင်း၍ လည်း နှစ်နိုင်ငံနယ်စပ်များကို အခြေပြုနေသည့်  တရားမဝင်လုပ်ငန်းများကို အမြစ် ပြတ်သည်အထိ ဆက်လက်တားဆီးနှိမ်နင်းသွားမည်ဖြစ်ကြောင်း။

မိမိ၏ ယခုခရီးစဉ်သည် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ အပါအဝင် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုအတွက် အခွင့်အလမ်းကောင်းများကို ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ နယ်နိမိတ်ချင်းထိစပ်နေသည့် နိုင်ငံများဖြစ် သည့်အတွက် နှစ်နိုင်ငံအကြား ကုန်သွယ်မှုမြှင့်တင်ရာတွင် နယ်စပ်ဂိတ်များသည် အထူး အရေးကြီးပြီး နယ်စပ်ဂိတ်နှင့် ကုန်သွယ်မှုလမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ နယ်စပ်ဒေသ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် အလေးထားပြီး ပူးပေါင်းဆောင်ရွက်သွားလိုကြောင်း ပြန်လည်ဆွေးနွေးပြောကြားသည်။

ယင်းနောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ က မြန်မာနိုင်ငံအစိုးရသစ်အနေ ဖြင့် စာမျက်နှာသစ်ကို ဖွင့်လှစ်တည်ဆောက်ရာတွင် တိုင်းရင်းသားအချင်းချင်း ပြန် လည်သင့်မြတ်ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အဓိက ဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ ယခုနှစ်သည် တရုတ်နိုင်ငံ၏ (၁၅)ကြိမ်မြောက် ငါးနှစ်စီမံ ကိန်း  စတင်သည့်နှစ်ဖြစ်ပြီး လုံခြုံရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့်အတူ အေးအတူပူအမျှ အသိုက်အဝန်းကို တည်ဆောက်သွားလိုကြောင်း၊ မိမိတို့သည် မဟာဗျူ ဟာမြောက်ယုံကြည်မှုကိုခိုင်မာမှုရှိစေရမည်ဖြစ်ပြီး ရှုပ်ထွေးလှသည့် ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းများအကြား နှစ်နိုင်ငံယုံကြည်မှုဖြင့် ပူးပေါင်းဆောင်ရွက်သွားရ မည်ဖြစ် ကြောင်း၊ မိမိတို့သည် နယ်နမိတ်ချင်းထိစပ်မှု အရှည်လျားဆုံးနိုင်ငံဖြစ်ပြီး အယုံကြည်ရ ဆုံး မိတ်ဆွေနိုင်ငံ၊ အားအကိုးရဆုံး လက်တွဲဖက်မိတ်ဖက်နိုင်ငံများဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြားယုံကြည်မှုကို အမြဲတန်ဖိုးထားလျက်ရှိပြီး နှစ်နိုင်ငံ အကြား အဆင့်မြင့်ခေါင်းဆောင်များအချင်းချင်း အပြန်အလှန် ခရီးစဉ်များ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အာဆီယံနိုင်ငံများအကြား ဖြစ်တည်မှု၊ ရပ်တည်မှု အပေါ်တွင် တရုတ်နိုင်ငံအနေဖြင့် ဆက်လက်ထောက်ခံရပ်တည်သွားမည်ဖြစ်ပြီး ကုလ သမဂ္ဂမျက်နှာစာတွင်လည်း မြန်မာနိုင်ငံအပေါ် ဆက်လက်ရပ်တည်ထောက်ခံ သွားမည် ဖြစ်ပါကြောင်း။

ထို့ပြင် မိမိတို့အနေဖြင့် နှစ်နိုင်ငံအကျိုးစီးပွား ပူးပေါင်း ဆောင်ရွက်မှုများကို ပိုမို နက်ရှိုင်းစေရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံမှဦးစီးဆောင် ရွက်နေသည့် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း (Belt and Road Initiative-BRI)၏ အစိတ်အပိုင်းဖြစ်သည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ(CMEC) စီမံ ကိန်းများကိုလည်း အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားလိုကြောင်း၊နယ်စပ်ဒေသကုန်သွယ်ရေးလမ်းကြောင်း များ ပြန်ဖွင့်နိုင်ရေး၊ သန့်ရှင်းသည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး၊ အရည်အသွေး မြင့်လျှပ်စစ်ပစ္စည်းများထုတ်လုပ်တင်သွင်းနိုင်ရေး၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့တူးဖော် ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်သွားလို ကြောင်း၊ မြန်မာနိုင်ငံအတွင်း ဂေဟစနစ်ထိန်းသိမ်းရေးအတွက်လည်း လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဉာဏ်ရည်တုနည်းပညာ(AI) နှင့် ပတ်သက် ၍လည်း တရုတ်နိုင်ငံအနေဖြင့် ရှေ့ပြေးနိုင်ငံတစ်ခုအဖြစ်ရပ်တည်လျက်ရှိပြီး နည်း ပညာပိုင်းဆိုင်ရာများအတွက် ကူညီပေးသွားမည်ဖြစ်ကြောင်း၊ နည်းပညာပိုင်း တိုးတက် လာမှုနှင့်အတူ လုံခြုံရေးပိုင်းဆိုင်ရာများကိုလည်း ဂရုပြုဆောင်ရွက်လျက်ရှိ ကြောင်း။

နှစ်နိုင်ငံအကြားလုံခြုံရေးပိုင်းဆိုင်ရာနယ်ပယ်၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာ နယ်ပယ်များတွင်လည်း ခိုင်မာမှုရှိရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အွန်လိုင်း လိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေတစ်ရပ်ရေးဆွဲ ဆောင်ရွက်နေမှု အပေါ်တွင်လည်း ထောက်ခံကြိုဆိုပါကြောင်း၊ အွန်လိုင်းလိမ်လည် လောင်းကစား မှုများတိုက် ဖျက်ရေးကို မိမိတို့အနေဖြင့် ပူးပေါင်းတိုက်ဖျက်လျက်ရှိပြီး ပြန်လည် ဦးမော့လာ မှုမရှိစေရေး တင်းတင်းကြပ်ကြပ် ဆက်လက်ဆောင်ရွက် သွားရ မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် တရုတ်ပိုင်နက်နယ်မြေကို အသုံးပြု၍ မြန်မာ နိုင်ငံတည်ငြိမ် အေးချမ်းမှုပျက်ပြားအောင် လုပ်ဆောင်နေမှုများကိုလုံးဝ ခွင့်ပြုသွား မည် မဟုတ် ကြောင်း၊ မြန်မာနိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုရရှိရေး အတွက် စိတ်ရှည်စွာဖြင့် ဆောင်ရွက်သွားရန်လိုပြီး တွေ့ဆုံဆွေးနွေးခြင်းသည်သာလျင် အကောင်းဆုံးနည်း လမ်းပင်ဖြစ်ကြောင်း၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် စတင်သည့် ၁၀ နှစ်တာကာလအတွင်း ခိုင်မာအားကောင်းလာခဲ့ပြီး အေးအတူပူအမျှ အသိုက် အဝန်းကို ဆက်လက်တည်ထောင်သွားရမည်ဖြစ်ကြောင်း၊ အဖွဲ့၏   ရည်မှန်းချက်နှင့် အညီ အဖွဲ့ ဝင်နိုင်ငံများအကြား အပြန်အလှန်လေးစားမှု၊ တန်းတူညီမျှမှုနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်သွားရမည်ဖြစ်ကြောင်း။

နှစ်နိုင်ငံပြည်သူများအကြား စိတ်နှလုံးသားများ နီးစပ်ရမည်ဖြစ်ပြီး အေးအတူ ပူအမျှအသိုက်အဝန်းကို ဆက်လက်ဖော်ဆောင်သွားကြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ သည် အာဆီယံ၏ အရေးကြီးသည့်အဖွဲ့ဝင်ဖြစ်သည်ကို တရုတ်နိုင်ငံအနေဖြင့် ထောက် ခံပါကြောင်းနှင့် မြန်မာနိုင်ငံ၏လိုအပ်သည်မှန်သမျှကို ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။  

ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ က ယခု ကဲ့သို့ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ခိုင်မာစေရေးအတွက် အဆွေတော်သမ္မတကြီး၏ အကြံပြုပြောကြားမှုများအတွက် များစွာ ကျေးဇူးတင်ရှိပြီး မိမိအနေဖြင့် အလေးထားပါကြောင်း၊ အဆွေတော်တရုတ်နိုင်ငံသမ္မတကြီး ဆွေးနွေး ပြောကြားခဲ့သည့် နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် ယုံကြည်မှုခိုင်မာစေရေး၊ အကျိုးစီးပွားပေါင်းစည်းမှု ပိုမိုနက်ရှိုင်းစေရေး၊ လုံခြုံရေးအရခိုင်မာမှုနှင့် တရား ဥပဒေစိုးမိုးမှုရှိစေရေး၊ ပြည်သူများအကြား စိတ်နှလုံးနီးစပ်စေရေး စသည်အချက်များ ကိုလည်း မိမိအနေဖြင့် အလေးထားထောက်ခံပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း မြန်မာနိုင်ငံ၏ ပိုင်နက်နယ်မြေကို အသုံးပြု၍ တရုတ်နိုင်ငံ၏ အကျိုးစီးပွားကို ထိခိုက်ပျက်စီးစေမည့် ကိစ္စရပ်များဖြစ်ပေါ်မှုမရှိစေရေး အလေးထားဆောင်ရွက်သွား မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသား ၉၁ ဒသမ ၃ ရာခိုင်နှုန်းသည် ထေရဝါဒဗုဒ္ဓ ဘာသာစစ်စစ်ကို ယုံကြည်ကိုးကွယ်ကြသူများ ဖြစ်ကြပြီး မြတ်ဗုဒ္ဓ၏ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာများကို များစွာတန်ဖိုးထားပါကြောင်း၊ ထို့ကြောင့် တရုတ်နိုင်ငံရှိ မြတ်ဗုဒ္ဓ၏စွယ်တော်ကို မြန်မာနိုင်ငံသို့ (၅)ကြိမ်မြောက်ကြွချီပြီး မြန်မာပြည်သူများ ဖူးမျှော်ကြည်ညိုခွင့်ရမည် ဆိုပါက အေးအတူပူအမျှ အသိုက်အဝန်းနှင့် ယှဉ်တွဲခံစား နေကြမှုများ ပိုမိုလေးနက် လာစေပြီး မြန်မာပြည်သူများကလည်း အထူးပင်ကျေးဇူးတင် ဝမ်းမြောက်ကြမည် ဖြစ်ပါ ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင် တို့သည်  နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေး၊ အာကာသနည်းပညာဖွံ့ဖြိုးတိုးတက် ရေး၊ စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ လုံခြုံရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေး၊ ယဉ်ကျေးမှုနှင့်ကိုးကွယ်ယုံကြည်မှုများ အပြန်အလှန်ဖလှယ် နိုင်ရေးနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များ နှင့် ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးမှုအပြီးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင် နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင် တို့သည်  ခင်မင်ရင်းနှီးစွာဖြင့် ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။

နားလည်မှုစာချွန်လွှာများနှင့် သဘောတူစာချုပ်များ အပြန်အလှန်လက်မှတ်ရေးထိုးလဲလှယ်

တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တို့အကြား နားလည်မှုစာချွန်လွှာ နှင့် သဘောတူစာချုပ်လဲလှယ်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ အခမ်းအနားကျင်းပပြုလုပ်မည့်ခန်းမ အတွင်းသို့ နှစ်နိုင်ငံသမ္မတနှစ်ဦး ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် ခန်းမအတွင်းရှိ ကိုယ်စားလှယ်အဖွဲ့ဝင်များက မတ်တပ်ရပ် လက်ခုပ်တီး၍ကြိုဆိုဂုဏ်ပြုကြသည်။

ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတို့အကြား ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ(Global Security Initiative-GSI) ပူးတွဲမြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာ၊ မြန်မာ-တရုတ် နှစ်နိုင်ငံအစိုးရများအကြား ကမ္ဘာလုံးဆိုင်ရာယဉ်ကျေးမှုအစီအမံ (Global Civilization Initiative-GCI) ပူးတွဲမြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာ၊ ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု ဦးဆောင်ဦးရွက်ပြုမှု (Global Development Initiative-GDI) အကောင်အထည်ဖော်ဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ တို့အပါ အဝင် နှစ်နိုင်ငံအကြား လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုး တက်ရေးကဏ္ဍ၊ စိုက်ပျိုးရေး ကဏ္ဍ၊ ကုန်သွယ်မှုမြှင့်တင်ရေးကဏ္ဍ၊ သတင်းမီဒီယာနှင့် လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ ကဏ္ဍ၊ နည်းပညာနှင့် အသိပညာ ဖလှယ်ခြင်းဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှုဆိုင်ရာကဏ္ဍတို့၌ သဘောတူစာချုပ်နှင့် နားလည်မှုစာချွန်လွှာ ၁၈ ခုတို့ကို နှစ် နိုင်ငံမှ သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူ များက ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင် တို့၏ ရှေ့မှောက်၌ လက်မှတ်ရေးထိုး လဲလှယ်ကြသည်။

လက်မှတ်ရေးထိုးပွဲအပြီးတွင် နိုင်ငံတော်သမ္မတ နှစ်ဦးတို့သည် တက်ရောက်လာ ကြသည့် နှစ်နိုင်ငံမှ တာဝန်ရှိသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။

အထူးဂုဏ်ပြုနေ့လယ်စာအား အတူတကွသုံးဆောင်

ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များအား တရုတ်ပြည်သူ့ သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင် က အထူးဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံသည်။ ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အား တရုတ်ပြည်သူ့ သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင် က အသင့်စောင့်ကြိုလက်ဆွဲနှုတ်ဆက်ကြိုဆိုပြီး ခန်းမအတွင်း အထူးနေ့လယ်စာကို အတူတကွသုံးဆောင်ကြသည်။

အထူးဂုဏ်ပြုနေ့လယ်စာသုံးဆောင်နေစဉ်အတွင်း တရုတ်နိုင်ငံ စစ်တီးဝိုင်းအဖွဲ့ က  နှစ်နိုင်ငံတေးသီချင်းများဖြင့် ဂုဏ်ပြုတီးမှုတ်ဖျော်ဖြေကြသည်။ နေ့လယ်စာသုံး ဆောင်အပြီးတွင် နိုင်ငံတော်သမ္မတနှစ်ဦးသည် ဂုဏ်ပြုတီးမှုတ်ဖျော်ဖြေခဲ့ကြသည့် စစ်တီးဝိုင်းအဖွဲ့များအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် အထူးနေ့လယ်စာ စားပွဲမှ ပြန်လည်ထွက်ခွာရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင် က ရင်းရင်းနှီးနှီး လိုက်လံပို့ဆောင်နှုတ်ဆက်  ခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)