နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မြန်မာနိုင်ငံ မိုးကုတ်ရတနာမြေမှ ရှာဖွေတွေ့ရှိသည့် ထူးခြားလှပပြီး အရွယ်အစားကြီးမားသည့် နီလာအရိုင်းတုံးကြီးအား ကြည့်ရှု
နီလာအရိုင်းတုံးကြီးသည် အလေးချိန် ၁၄၃ဝဝ ဂရမ် (၇၁၅ဝဝ ကရက်)ရှိသဖြင့် အရွယ်အစားကြီးမားသောကြောင့် ရှာဖွေတွေ့ရှိရန် ခက်ခဲပြီးရှားပါး
နေပြည်တော် ဇွန် ၁၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီး ပြည်သူများတစ်ခဲနက် ဆန္ဒမဲပေးရွေးချယ်ခဲ့သည့် ဒီမိုကရေစီ အစိုးရ ဖွဲ့စည်းတာဝန်ယူပြီးနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်မှုဖြင့် နိုင်ငံတော်အား ဒီမိုကရေစီလမ်းကြောင်းပေါ်၌ ခိုင်ခိုင်မာမာဖြင့် ဆက်လက် လျှောက်လှမ်း နေချိန်တွင် ၂၀၂၀ ပြည့်နှစ်ကမြန်မာနိုင်ငံ မိုးကုတ်ရတနာမြေမှ ရှာဖွေတွေ့ရှိခဲ့သည့် ထူးခြား လှပပြီး အရွယ်အစားကြီးမားသည့် နီလာအရိုင်းတုံးကြီး အလေးချိန် ၁၄၃၀ဝ ဂရမ် (၇၁၅၀၀ ကရက်) နှင့် နီလာပုံဆောင်ခဲ ၃၅၄ ဒသမ ၇၇ ဂရမ် (၁၇၇၃ ဒသမ ၈၅ ကရက်)တို့အား နိုင်ငံတော်ထံသို့ လာရောက်အပ်နှံ ခဲ့သည်။
အဆိုပါ နီလာအရိုင်းတုံးကြီးနှင့် နီလာပုံဆောင်ခဲတို့ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတရုံးတော် ဧည့်ခန်းမဆောင်၌ ကြည့်ရှုစစ်ဆေးသည်။ ထိုသို့ကြည့်ရှုစစ်ဆေးရာသို့ ဒုတိယသမ္မတများ ဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်လတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ဦးစွာ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီးနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးတို့က နီလာအရိုင်းတုံးကြီး နှင့် နီလာပုံဆောင်ခဲတို့၏ အချက်အလက်များနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတနှင့် တက်ရောက်လာကြသူများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အခမ်းအနား တက်ရောက်လာကြသူများသည် နီလာအရိုင်းတုံး ကြီးနှင့် နီလာပုံဆောင်ခဲတို့အား ကြည့်ရှုစစ်ဆေးကြသည်။
ယခင် ၂၀၀၉ ခုနှစ်တွင် အလေးချိန် ၁၁၈၇၇ ဂရမ် (၅၉၃၈၅ ကရက်) ရှိသော နီလာ အရိုင်းတုံး ကို ရှာဖွေတွေ့ရှိခဲ့ပြီး ယခုနီလာ အရိုင်းတုံးကြီးသည် အလေးချိန် ဂရမ် ၁၄၃ဝဝ (ကရက် ၇၁၅၀၀) ရှိသဖြင့် အရွယ်အစားကြီးမားသောကြောင့် ရှာဖွေတွေ့ရှိရန် ခက်ခဲပြီး ရှားပါးကြောင်း။ အပြာရင့်ရောင်ဖြစ်ပြီး အလင်းပေါက်မှုအနေဖြင့် အလင်းမှုန်အဆင့်ရှိပြီး ပြုပြင်ထားခြင်းမရှိသော သဘာဝအတိုင်းရှိသည့် နီလာအရိုင်းတုံးကြီး ဖြစ်ကြောင်း သိရသည်။


