၂၀၂၆ ခုနှစ်-မိုးရာသီ နိုင်ငံတော်အဆင့် ပထမအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏ သီရိမြို့နယ်၊ ပလွေးကြိုးဝိုင်း၊ အကွက်အမှတ်(၁)တွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်၍ မဟော်ဂနီပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။
အခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့်အတူ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသား လွှတ် တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စု ဝန်ကြီး များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာအရာထမ်း၊ အမှုထမ်းများ၊ နေပြည်တော်ရှိ တက္ကသိုလ် ကောလိပ်များနှင့် အခြေခံပညာကျောင်းများမှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ကထိကဆရာ၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် သစ်ပင်စိုက်ပျိုးပွဲတော်များကို ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်သာယာလှပရေး၊ ဂေဟ စနစ် ကောင်းမွန်မျှတစေရေး၊ သဘာဝဘေး အန္တရာယ်များမှ တားဆီးကာကွယ် နိုင်ရေး၊ ရာသီဥတုမျှတ ကောင်းမွန်စေရေးစသည့် ရည်ရွယ်ချက်ကောင်းများဖြင့် နိုင်ငံတော်က ဦးဆောင်ပြီး ပြည်သူလူထုပူးပေါင်းပါဝင်မှုနှင့် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ယနေ့ နေပြည်တော်သစ်ပင်စိုက်ပျိုးပွဲတွင် သစ်မျိုး (၁၆) မျိုး၊ အပင် ပေါင်း (၃,၀၀၀)ပင်ကို စိုက်ပျိုးသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ခရိုင်နှင့် မြို့နယ်များတွင် လည်း သစ်ပင်စိုက်ပျိုးပွဲတော်များကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်းကျင်းပပြီး သစ်မျိုးစုံအပင်ပေါင်း (၅၄,၈၁၀) ပင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံသည် သစ်ပင်သစ်တောများ၊ မြစ်ချောင်း အင်းအိုင်များ၊ ဇီဝမျိုးစုံ မျိုးကွဲများနှင့် သဘာဝအရင်းအမြစ်များ ပြည့်စုံစွာရှိနေကြောင်း၊ အမျိုးအစားစုံလင် လှသည့် ဂေဟစနစ်များ၊ သစ်ပင်သစ်တောများ၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် သဘာဝ သယံဇာတများသည် နိုင်ငံ၏စားရေရိက္ခာ ထုတ်လုပ်နိုင်မှု၊ အစိမ်းရောင် စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်နိုင်မှု၊ သဘာဝပတ်ဝန်းကျင် သာယာဝပြောမှုနှင့် ရာသီဥတု သမမျှတစေမှုတို့အတွက် ရေခံမြေခံ အခြေခံကောင်းများ ဖြစ်ကြောင်း။
သစ်ပင်သစ်တောများသည် ကမ္ဘာမြေပေါ်ရှိ သက်ရှိများအားလုံး ရှင်သန် ရပ်တည်ရေးအတွက် အလွန်အရေးပါလှကြောင်း၊ ထို့ပြင် ရာသီဥတုမျှတရေး၊ စားရေ ရိက္ခာဖူလုံရေး၊ သဘာဝဘေးအန္တရာယ်များ တားဆီးကာကွယ်ရေး၊ ရေနှင့် မြေဆီလွှာ ထိန်းသိမ်းရေး စသည့်ဂေဟစနစ်ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် ပံ့ပိုးပေးလျက် ရှိကြောင်း၊ သစ်၊ ထင်း၊ ဝါး၊ ကြိမ်၊ အစားအစာ၊ ဆေးဝါးစသည့် သစ်တောထွက် ပစ္စည်းများနှင့် ပတ်ဝန်းကျင်ဆိုင်ရာဝန်ဆောင်မှုများကိုလည်း ပံ့ပိုးပေးလျက်ရှိကြောင်း၊ သစ်ပင်သစ်တောများသည် သဘာဝဂေဟစနစ်များ၏ ဗဟိုချက်ဖြစ်သည့်အတွက် ရေရှည်တည်တံ့အောင်စနစ်တကျစိုက်ပျိုးပြုစုပြီး စီမံအုပ်ချုပ်သွားရမည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံသည် အာဆီယံဒေသတွင်း နိုင်ငံများထဲတွင် သစ်တောဖုံးလွှမ်းမှု ဧရိယာ ဒုတိယအများဆုံးပိုင်ဆိုင်သည့် နိုင်ငံဖြစ်ကြောင်း၊ ကုလသမဂ္ဂ စားရေရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ ၂၀၂၀ ပြည့်နှစ် အစီရင်ခံစာအရ မြန်မာနိုင်ငံ သစ်တောဖုံးလွှမ်းမှု သည် နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းရှိပြီး ၂၀၂၅ ခုနှစ်တွင် ၄၂ ဒသမ ၁၅ ရာခိုင်နှုန်းရှိသည်ကို တွေ့ရကြောင်း၊ ၂၀၂၀ ပြည့်နှစ်နှင့် နှိုင်းယှဉ်ပါက သစ်တော ဖုံးလွှမ်းမှု ရာခိုင်နှုန်း (ဒသမ ၀၄) ရာခိုင်နှုန်း လျော့နည်း သွားသည်ကိုတွေ့ရပြီး သစ်တောပြုန်းတီးမှုများ လုံးဝရပ်တန့်သွားအောင် ဆက်လက်ကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် လက်ရှိနှင့် အနာဂတ်မျိုးဆက်များအတွက် ကောင်းမွန် တည်ငြိမ်သည့် ပတ်ဝန်းကျင် ဂေဟစနစ်များ ထားရစ်နိုင်ခဲ့ရန်အတွက် သစ်တော ဖုံးလွှမ်းမှုကို နိုင်ငံဧရိယာ၏ ၅၀ ရာခိုင်နှုန်းရောက်အောင် ရည်မှန်းချက်ထားရှိပြီး ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။
ယနေ့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတွင်တွေ့ကြုံနေရသည့် ရာသီဥတု ပြောင်းလဲမှု အဓိကအကြောင်းအရင်းများကို လေ့လာဆန်းစစ်ကြည့်မည်ဆိုပါက ရုပ်ကြွင်းလောင်စာ အသုံးပြုမှုများလာခြင်း၊ စွမ်းအင်နှင့် စက်မှုလုပ်ငန်းများ ထွန်းကား လာခြင်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ တိုးတက်လာခြင်း၊ သစ်တောများ ပြုန်းတီး ခြင်း၊ လူဦးရေတိုးပွားလာမှုနှင့်အတူ သစ်တောများကို အခြားမြေအသုံးချမှုအဖြစ် ပြောင်းလာခြင်း စသည့်အကြောင်းရင်းများကြောင့် ဖြစ်ကြောင်း၊ အဆိုပါ အချက်များ ကြောင့်လေထုထဲကို မှန်လုံအိမ်ဓာတ်ငွေ့အမြောက်အများ ပိုမိုထုတ်လွှတ်လာပြီး ရာသီဥတု ပြောင်းလဲမှု ပြင်းထန်လာသည်နှင့်အမျှ သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို ရင်ဆိုင် လာကြရခြင်း ဖြစ်ကြောင်း။
နိုင်ငံတကာ ရာသီဥတုပြောင်းလဲမှု လေ့လာစောင့်ကြည့်ရေးအဖွဲ့ တစ်ချို့၏ ၂၀၂၆ ခုနှစ်၊ ရာသီဥတုဘေးဖြစ်နိုင်ချေ အညွှန်းကိန်းအရ မြန်မာနိုင်ငံသည် ရာသီဥတု ပြောင်းလဲမှုကြောင့် ထိခိုက်ခံစားမှုအများဆုံး ၁၀ နိုင်ငံတွင် ပါဝင်နေသည်ကို သိရ ကြောင်း၊ ရာသီဥတု ပြောင်းလဲမှုကြောင့် နောက်ဆက်တွဲ သဘာဝဘေးအန္တရာယ်များ ပိုမိုဆိုးဝါး ပြင်းထန်လာစေမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအလယ်ပိုင်း မြေလတ်ဒေသ သည် ကမ္ဘာ့အပူချိန် အမြင့်မားဆုံးစာရင်းဝင်နေသည်ကို တွေ့ရပြီး ၂၀၂၄ ခုနှစ်တွင် ချောက်မြို့သည် ၄၈ ဒသမ ၂ ဒီဂရီ ဆဲလ်စီးယပ်အထိ စံချိန်တင်မြင့်တက်ခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ်တွင် ၄၅ ဒသမ ၃ ဒီဂရီဆဲလ်စီးယပ်၊ ယခုနှစ်မှာ ၄၄ ဒသမ ၉ ဒီဂရီ ဆဲလ်စီးယပ် ရှိသည်ကိုတွေ့ရကြောင်း၊ အလားတူမြေလတ်ဒေသမြို့ကြီး ၁၂ မြို့တွင် ၄၁ ဒီဂရီ ဆဲလ်စီးယပ် နှင့်အထက်ရှိနေသည်ကို တွေ့ရကြောင်း။
အထူးသဖြင့် ယခုနှစ်ကုန်ပိုင်းတွင် အလွန်အားကောင်းသည့် စူပါ အယ်လ်နီညို အဆင့်ထိ ရောက်ရှိလာနိုင်သည်ဟု ခန့်မှန်းထားပြီး ၂၀၂၆ ခုနှစ်နှင့် ၂၀၂၇ ခုနှစ်တို့ သည် ကမ္ဘာ့သမိုင်းတစ်လျှောက် အပူဆုံးနှစ်ဖြစ်လာနိုင်သည်ဟု ခန့်မှန်းထားကြ ကြောင်း၊ ရာသီဥတုပြောင်းလဲမှုနှင့် အယ်လ်နီညိုတို့ ပေါင်းစပ်သက်ရောက်လာသည်ကို ခံရမည်ဆိုပါက မိုးခေါင်ရေရှားခြင်း၊ ပူပြင်းခြောက်သွေ့ခြင်း၊ တောမီးလောင်ကျွမ်း ခြင်းများ ဖြစ်ပေါ်လာနိုင်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည့် ကဏ္ဍအသီးသီးအပေါ်တွင်လည်း ဆိုးကျိုးသက်ရောက်မှုများ ရှိလာနိုင်သည့်အတွက် အဘက်ဘက်က ကြိုတင်ပြင်ဆင်ထားကြရန် လိုအပ်မည်ဖြစ်ကြောင်း။
ကမ္ဘာနှင့်အဝန်း ရင်ဆိုင်နေရသည့် ရာသီဥတုပြောင်းလဲမှုနှင့် ပတ်ဝန်းကျင် ဆိုင်ရာပြဿနာများကို ဖြေရှင်းရန်အတွက် နည်းလမ်းအမျိုးမျိုးရှိသည့်အထဲမှ သစ်ပင် စိုက်ပျိုးခြင်း၊ သစ်တောများထိန်းသိမ်းခြင်းသည် အရိုးရှင်းဆုံး၊ အလွယ်ကူဆုံး၊ ကုန်ကျ စရိတ် အသက်သာဆုံးနှင့် လူတိုင်းလုပ်နိုင်သည့် အလုပ်ဖြစ်သကဲ့သို့ သဘာဝနှင့် လိုက်လျောညီထွေဖြစ်ပြီး အကျိုးအရှိဆုံး လုပ်ငန်းတစ်ရပ် ဖြစ်ကြောင်း။
အပူပိုင်းဒေသ ၁၃ ခရိုင်အပါအဝင် အပူချိန်မြင့်မားသည့် မြေလတ် ဒေသ မြို့ကြီးများတွင် သစ်ပင်သစ်တော အလွန်ကျဲပါးခြောက်သွေ့ပြီး သစ်တောဖုံးလွှမ်းမှု ရာခိုင်နှုန်းနည်းပါးနေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ လေ့လာမှုများအရ အပူပိုင်း ဒေသ ၁၃ ခရိုင်တွင် ၂၀၁၆ ခုနှစ် ကနေ ၂၀၂၅ ခုနှစ်အတွင်း အပင်ပေါင်း သန်း ၆၀ ကျော် စိုက်ပျိုးခဲ့သည့် အတွက် ယေဘုယျအားဖြင့် ဧက ၂ သိန်းကျော်နှင့် ညီမျှသည်ဟု တွက်ချက်သိရှိရကြောင်း၊ ၂၀၁၆ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် သစ်ပင်မျိုးစုံ ၂၆၉ သန်း ၈ သိန်းကျော် စိုက်ပျိုးခဲ့သည့် အတွက် ယေဘုယျအားဖြင့် ဧက ၁ သန်းခန့်နှင့် ညီမျှသည်ကို တွေ့ရကြောင်း၊ လိုအပ်ချက်အရ အကြောင်း အမျိုးမျိုးဖြင့် သစ်အသုံးချမှုများ ရှိသော်လည်း စိုက်ပျိုးသည့်သစ်ပင်များ တစ်ပင်စိုက်၊ တစ်ပင်ရှင်သန်အောင် စိုက်ပျိုးပြုစုနိုင်ခဲ့မည်ဆိုပါက သစ်ပင်သစ်တော ဆုံးရှုံးမှုကို အပြည့်အဝ ကာကွယ်ပေးနိုင်မည် ဖြစ်ကြောင်း၊ ထို့အပြင် သဘာဝတောများ ပျက်စီး ပြုန်းတီးမှုမရှိစေရန်အတွက် သစ်တောများ စနစ်တကျ စီမံအုပ်ချုပ်လုပ်ကိုင်ခြင်း၊ ကာကွယ်ထိန်းသိမ်းခြင်းဖြင့် သစ်တောဖုံးလွှမ်းမှု တိုးပွားလာပြီး ရာသီဥတု ပြောင်းလဲမှု ကို လျှော့ချထိန်းညှိ နိုင်မည်ဖြစ်ကြောင်း။
ထို့ကြောင့် သစ်ပင်များ စိုက်ပျိုးရာတွင်လည်း တစ်ပင်စိုက် တစ်ပင်ရှင်၊ စိုက်သမျှ အပင် ရှင်သန်ရန် အလွန်အရေးကြီးကြောင်း၊ ပျိုးသက် ၂ နှစ်ရှိပြီးပျိုးပင်အမြင့် ၂ ပေနှင့် အထက် ကျန်းမာကြံ့ခိုင်သည့် ပျိုးပင်များကို စိုက်ပျိုးကြရန်လည်း ထပ်မံမှာကြားလို ကြောင်း၊ “မြေဆီ စိုခိုက် သစ်ပင်စိုက်” ဆိုသည့် ဆိုရိုးနှင့်အညီ ယခုကဲ့သို့ မုတ်သုံမိုး ရွာသွန်းချိန်သည် မြေဆီလွှာများ စိုစွတ်ပျော့ပြောင်းလာပြီး ရေဓာတ်ပြည့်ဝလာ သည့်အတွက် အပင်ငယ်များလွယ်ကူစွာ အမြစ်တွယ်ပြီး ရှင်သန်ကြီးထွားရန် အကောင်းဆုံးနှင့် အသင့်တော်ဆုံးအချိန်ဖြစ်ကြောင်း၊ မုတ်သုံမိုးနှင့်အတူ သစ်ပင်များ အချိန်ကိုက် စိုက်ပျိုးသွားကြမည်ဆိုပါက အစိုဓာတ် လုံလုံလောက် လောက်ရရှိခြင်း ကြောင့် ရှင်သန်ကြီးထွားမှုကောင်းပြီး ပူပြင်းခြောက်သွေ့သည့် နွေရာသီကို အောင်မြင် စွာ ဖြတ်ကျော်ရှင်သန်နိုင်မည် ဖြစ်ကြောင်း။
သစ်ပင်စိုက်ပျိုးထိန်းသိမ်းခြင်းသည် ရေရှည်ဆောင်ရွက်ကြရမည့် လုပ်ငန်းများ ဖြစ်ခြင်းကြောင့် နှစ်စဉ်စဉ်ဆက်မပြတ် စိုက်ပျိုးပြုစု ထိန်းသိမ်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ သစ်ပင်စိုက်ပျိုးရေး၊ သစ်တောထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင် ရွက်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနနှင့်အတူ ဆက်စပ်ဝန်ကြီးဌာနများ၊ တိုင်းဒေသ ကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၊ ပြည်သူများအားလုံး ပူးပေါင်းပါဝင်မှသာ အောင်မြင် နိုင်မည်ဖြစ်သည့်အတွက် တက်ကြွစွာပူးပေါင်းပါဝင်စေရေး စည်းရုံးဆောင်ရွက်သွား ကြရမည် ဖြစ်ကြောင်း။
သစ်တောများသည် ရာသီဥတုကို မျှတစေပြီး သဘာဝအရင်းအမြစ်များစွာကို ထိန်းသိမ်းနိုင်ခြင်းကြောင့် စီးပွားရေးဖွံ့ဖြိုးမှုအတွက် အခြေခံအုတ်မြစ်တစ်ခုဖြစ် ကြောင်း၊ ထို့ကြောင့် စီးပွားရေးတည်ငြိမ်ပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများကို “အနာဂတ်အတွက် အရေးကြီးသော ရင်းနှီးမြှုပ်နှံမှု”အဖြစ် အလေးထားပြီး ပိုမိုတိုးမြှင့်ဆောင်ရွက်သွားကြရန် မှာကြားလို ကြောင်း။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သဘာဝအခြေပြု စီးပွားရေး ဖွံ့ဖြိုးမှု ပုံစံများဖြစ်သည့် ဇီဝစီးပွားရေး (Bio Economy)၊ အစိမ်းရောင် စီးပွားရေး (Green Economy)နှင့် စက်ဝန်းပုံစီးပွားရေး (Circular Economy)လုပ်ငန်းများကို ဖော်ဆောင် သွားကြရမည် ဖြစ်ကြောင်း၊ ဥပမာအားဖြင့်် သစ်တောထွက်ပစ္စည်းများကို အခြေခံ သည့် သစ်အချောထည်၊ ပရိဘောဂလုပ်ငန်းများ၊ သစ်ပါးလွှာ၊ အထပ်သား၊ သစ်ကြိတ်သားနှင့် သစ်ခွဲသားထုတ်လုပ်မှုလုပ်ငန်းများ၊ ဝါးမှပျော့ဖတ်နှင့် စက္ကူ ထုတ်လုပ်မှုလုပ်ငန်းများ၊ အဆင့်မြင့်ချည်နှင့် ဝါးကြိတ်သား ထုတ်လုပ်မှုလုပ်ငန်းများ၊ ဝါးအခြေခံပရိဘောဂနှင့် ထုတ်ကုန်ပစ္စည်းများ ဖွံ့ဖြိုးတိုးတက်လာအောင် တိုးမြှင့် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ထိုသို့ထုတ်လုပ်နိုင်ရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် အရှိန် အဟုန် မြှင့်တင်ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။
သစ်တောသယံဇာတ ပေါကြွယ်ဝမှုနှင့် နိုင်ငံလူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် ရေးသည် တိုက်ရိုက်ဆက်စပ်နေပြီး သစ်တောဖုံးလွှမ်းမှု တိုးပွားလာသည်နှင့်အမျှ ဂေဟစနစ်ဝန်ဆောင်မှုတွေဟာလည်း ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လည်း နိုင်ငံဧရိယာ၏ ၃၀ ရာခိုင်နှုန်းကို ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများနှင့် နိုင်ငံဧရိယာ၏ ၁၀ ရာခိုင်နှုန်းကို သဘာဝထိန်းသိမ်းရေးနယ်မြေများအဖြစ် ရည်မှန်း ဖွဲ့စည်းလျက်ရှိရာတွင် ယနေ့အထိ သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တော စုစုပေါင်း ၁၃၃၇ ခု ၊ နိုင်ငံဧရိယာ၏ ၂၆ ဒသမ ၁၁ ရာခိုင်နှုန်း တည်ထောင်နိုင်ခဲ့ပြီး သဘာဝထိန်းသိမ်းရေးနယ်မြေ ၆၂ ခု နိုင်ငံဧရိယာ၏ ၆ ဒသမ ၅၉ ရာခိုင်နှုန်း ဖွဲ့စည်းထားနိုင်ခဲ့ပြီး ဖြစ်ကြောင်း၊ ရည်မှန်းချက်အတိုင်း အောင်မြင်အောင် ဆက်လက် ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း။
နှစ်စဉ် သစ်တောစိုက်ခင်းအမျိုးမျိုး တည်ထောင်လျက်ရှိသကဲ့သို့ ယခုနှစ် မိုးရာသီတွင် နိုင်ငံအဝန်း သစ်တောစိုက်ခင်း ဧက ၃ သောင်း ကျော်၊ သစ်ပင်ပေါင်း ၂၁ ဒသမ ၃၆ သန်း စိုက်ပျိုး တည်ထောင်သွားမည် ဖြစ်ကြောင်း၊ အထူးစိမ်းလန်းစိုပြည် ရေး လုပ်ငန်းများကို အပူပိုင်းဒေသ (၁၃)ခရိုင်၊ မီးရထားလမ်းများ၊ အာဆီယံလမ်းမ ကြီးနှင့် ကားလမ်းဘေးဝဲ/ယာများ၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၊ အင်းလေးကန် တစ်ဝိုက် ဧရိယာများနှင့် ကမ်းရိုးတန်းဒေသများတွင် သစ်ပင်များ စိုက်ပျိုးခြင်းကို ဆက်စပ်ဌာနများ၊ ဒေသခံပြည်သူများနှင့်အတူ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်လျက်ရှိ ကြောင်း။
“နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင် ထိန်းကြစို့” ဆိုသည့် မူဝါဒနှင့် အညီ ပတ်ဝန်းကျင်ဂေဟစနစ် တည်ငြိမ်ကောင်းမွန်စေရန်၊ နိုင်ငံတစ်ဝန်း စိမ်းလန်း စိုပြည်စေရန်နှင့် ရာသီဥတုပြောင်းလဲမှု လျှော့ချနိုင်ရန်အတွက် သစ်ပင်စိုက်ပျိုးရေး၊ သစ်တော ထိန်းသိမ်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူတစ်ဦးချင်းကစပြီး ဒေသအသီးသီးနှင့် ဌာန၊ အဖွဲ့ အစည်းများ အားလုံးက သစ်ပင်စိုက်ပျိုးရေးကို တိုးမြှင့်ဆောင်ရွက်သွားကြရန်၊ တစ်ပင်စိုက် တစ်ပင်ရှင်သန်စေဖို့အတွက် ပြုစုထိန်းသိမ်းရေး လုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးကြရန်၊ နိုင်ငံအဝန်း သစ်တောဖုံးလွှမ်းမှုများ တိုးပွား လာစေရေးအတွက် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြား လိုကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကမဟော်ဂနီပင်အား သတ်မှတ်နေရာတွင် ဦးဆောင် စိုက်ပျိုးပေးသည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဒုတိယသမ္မတများဖြစ်ကြ သည့် ဦးညိုစောနှင့်ဒေါ်နန်းနီနီအေး၊ လွှတ်တော်ဥက္ကဋ္ဌများ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာအရာထမ်း၊ အမှုထမ်းများ၊ နေပြည်တော်ရှိ တက္ကသိုလ်၊ ကောလိပ်များနှင့် အခြေခံပညာကျောင်းများမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ် များ၊ ကထိက ဆရာ၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများက ပျိုးပင်များကို တစ်ပြိုင်တည်း တစ်ပျော်တစ်ပါး စိုက်ပျိုးကြသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များ သည် ၂၀၂၆ ခုနှစ် - မိုးရာသီ နိုင်ငံတော်အဆင့် ပထမအကြိမ်သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားသို့ တက်ရောက်လာကြ သူများက ပျိုးပင်များအား တပျော်တပါးစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေး ခဲ့ကြသည်။
ယနေ့ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ် - မိုးရာသီ နိုင်ငံတော်အဆင့် ပထမ အကြိမ်သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတွင် ပန်းပွင့်သောသစ်မျိုးများဖြစ်ကြသည့် ကံ့ကော်၊ ခရေ၊ ပန်းမယ်ဇလီ၊ စိန်ပန်း၊ ပျဉ်းမ၊ ရတနာတန်းဝင်သစ်မျိုးများဖြစ်သည့် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ တမလန်း၊ မဟော်ဂနီနှင့် အမြဲစိမ်းသစ်မျိုးများဖြစ်သည့် ယင်းမာ၊ ဆီသပြေ၊ မအူ၊ မာလာလူးကား၊ ယမနေ၊ ရေတမာ စသည့် သစ်မျိုး(၁၆) မျိုး၊ အပင်ပေါင်း ၃,၀၀၀ ပင်ကို စိုက်ပျိုးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

