ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့အတွင်း  အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူ ၉၄ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ နေပြည်တော်၊  ဇွန် ၁၃

Saturday, June 13, 2026 - 19:15

          နိုင်ငံတော်အစိုးရအနေဖြင့် ကမ္ဘာတစ်ဝန်းရှိ လူသားမျိုးနွယ်အားလုံး၏ လူမှုဘဝ များကို ထိခိုက်ပျက်စီးစေပြီး အများပြည်သူအကျိုးစီးပွားကို ထိခိုက်ပျက်စီးအောင် အလုံးစုံအန္တရာယ်ပေးလျက်ရှိသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသာရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထား ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့် လည်း ပေါင်းစပ်ညှိနှိုင်း၍ လုံးဝပြန်လည်အခြေမချနိုင်သည်အထိ ထိထိရောက်ရောက် ရှာဖွေနှိမ်နင်းလျက်ရှိသည်။

          ထိုကဲ့သို့ လုံခြုံရေးပူးပေါင်းအဖွဲ့များက သက်ဆိုင်ရာနယ်မြေများအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူများ အခြေပြုနေထိုင်ခြင်း မရှိစေရန်နှင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုများ ဆောင်ရွက်ခြင်းမရှိစေရန်အတွက် နယ်မြေ ရှင်းလင်းခြင်းနှင့် ရှာဖွေဖော်ထုတ်စစ်ဆေးခြင်းလုပ်ငန်းများကိုဆောင်ရွက်ခဲ့ရာ ယနေ့ နေ့လယ် ၂နာရီ ၁၅မိနစ်ခန့်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ ကောင်းမှု လွယ်ရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူ တရုတ်နိုင်ငံသား အမျိုးသား ၁၇ ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသား ၃၄ ဦး၊ အမျိုးသမီး ၃၇ ဦး၊ စုစုပေါင်း ၈၈ ဦးတို့အား ဖုန်းမျိုးစုံ ၁၈၀လုံး၊ All In One ကွန်ပျူတာ ၄၄ လုံး၊ Power Station (အသေး) ၂ လုံး၊ Crown ကား ၁စီး၊ Alphard ကား ၁ စီး တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဆက်လက်၍ လုံခြုံရေးပူးပေါင်းအဖွဲ့များသည် နယ်မြေရှင်းလင်းခြင်းနှင့် ရှာဖွေ ဖော်ထုတ်စစ်ဆေးခြင်းလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်ခဲ့ရာ နေ့လည် ၂နာရီခွဲ ခန့်တွင် ကောင်းမှုတုံရပ်ကွက်အတွင်းရှိ နေအိမ်တစ်လုံးမှ အွန်လိုင်းလိမ်လည်လောင်း ကစားမှုကျူးလွန်သူ တရုတ်နိုင်ငံသား အမျိုးသား ၅ ဦး၊ အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၆ ဦး အား ဖုန်းမျိုးစုံ ၁၀၃ လုံး၊ Laptop မျိုးစုံ ၆ လုံး၊ All In One ကွန်ပျူတာ ၂ လုံး၊ Wifi စက် ၄ လုံး၊ CPU ၂ လုံး တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်လျက်ရှိသည့် ဖမ်းဆီး ရမိသူများအား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများ နှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိ သည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်ခြင်းများ ပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှု မရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတာကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အွန်လိုင်း လိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တက်ကြွစွာ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။