အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့်  ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့်  ပြည်ပနိုင်ငံသား ၁၉ ဦး မြန်မာ - ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့  ထပ်မံလွှဲပြောင်းပေးအပ် နေပြည်တော်၊ ဇွန် ၉

Tuesday, June 9, 2026 - 10:00

အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့်  ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့်  ပြည်ပနိုင်ငံသား ၁၉ ဦး မြန်မာ - ထိုင်း အမှတ်() ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့  ထပ်မံလွှဲပြောင်းပေးအပ်

နေပြည်တော်၊ ဇွန် ၉

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ် နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် တရုတ်(တိုင်ပေ)နိုင်ငံသား ၁၂ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ငါး ဦးနှင့် ပါကစ္စတန် နိုင်ငံသား နှစ် ဦး၊ စုစုပေါင်း ပြည်ပနိုင်ငံသား ၁၉ ဦးတို့အား  မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေး တံတားမှ တစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်း စာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည် ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေ လုပ်ထုံး လုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးသည်။

အဆိုပါ ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေ ချောမွေ့ စေရေးအတွက် မြဝတီခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းနှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာများနှင့်တွေ့ဆုံကာ စာရင်းဇယား၊ အချက် အလက်များကိုက်ညီမှုရှိရေးနှင့် ပြည့်စုံမှန်ကန်မှုရှိရေးတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထိုသို့ ပြည်နှင်လွှဲပြောင်းပေးအပ်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်သန်းနှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံသံရုံးမှ Consular Mr. David Leonard Hatumena နှင့်တာဝန်ရှိ သူများ၊ ထိုင်းနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံသံရုံးမှ   First  Secretary   Mr. Fahd  Saleem နှင့် တာဝန်ရှိသူများ၊ Taipei Economic and Cultural Office in Myanmar မှ Deputy Director Mr. Leonid Cheng- Yu Chang နှင့်တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူ တို့က သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူများထံသို့ ပြည်နှင်လွှဲပြောင်း လက်ခံရေးဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများကို စနစ်တကျလွှဲပြောင်းပေးအပ်သည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၉ ရက်အထိ မြဝတီမြို့နယ် အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၄၇၀၃ ဦး ထိန်းသိမ်းနိုင်ခဲ့ ကြောင်းနှင့် ယင်းနိုင်ငံသားအားလုံးကို စစ်ဆေးပြီးစီးခဲ့ပြီး ၎င်းတို့အနက်မှ ၁၃၅၄၀ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ လုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပါသည်။

လွှဲပြောင်းပေးအပ်ရန်ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁၁၆၃ ဦးတွင် မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး (လတ်တလော)ပြဌာန်းချက်များ အက်ဥပဒေပုဒ်မ ၃(၁)/၁၃(၁)နှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အပြစ်ပေးအရေးယူခဲ့သည့် ပြည်ပ နိုင်ငံသား ၆၆၂ ဦးရှိသည့်အတွက် ကျန်ရှိသည့်ပြည်ပနိုင်ငံသား ၅၀၁ ဦးတို့အား သက်ဆိုင်ရာ နိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ထားရှိသည်။

နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက် နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်း များနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက် ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခ ရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့်  နိုင်ငံခြားသားများကို သက်ဆိုင်ရာ နိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ထိရောက်စွာညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။