ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား နေပြည်တော်၊ ဇွန် - ၉

Tuesday, June 9, 2026 - 09:45

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

မိမိတို့အနေဖြင့် ရွေးကောက်ခံအစိုးရဖြစ်ပြီး ပြည်သူများမှရွေးခြယ်ထားသည့် ပြည်သူ့အစိုးရဖြစ်ကာ ပြည်သူများ၏ကိုယ်စား နိုင်ငံ့အကျိုးကိုထမ်းဆောင်ကြရမည့်၊ ပြည်သူ့တို့၏ အကျိုးကိုဖော်ဆောင်ကြရမည့်အစိုးရဖြစ်သဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အချင်းချင်းပေါင်းစပ်ညှိနှိုင်းမှုကောင်းစွာဖြင့် တာဝန်ထမ်းဆောင်သွားကြရန်လို

နေပြည်တော်၊ ဇွန် - ၉

          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

          အစည်းအဝေးသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်ထောင်စုဝန်ကြီးများနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြ သည်။

နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ခြင်းသည် ပြည်သူများတွင် ဥစ္စာဓနများ ပေါများခြင်းပင်ဖြစ်

ဦးစွာ နိုင်ငံတော်သမ္မတက အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့အစိုးရ အဖွဲ့၏ အဓိကလုပ်ငန်းမှာ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရန်ဖြစ်ပြီး တည်ငြိမ် အေးချမ်းမှုရှိစေရေးအတွက်လည်း ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ခြင်းသည် ပြည်သူများတွင် ဥစ္စာဓနများ ပေါများစေခြင်းပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ဥစ္စာဓနများ ပေါများစေရေးအတွက် အစိုးရနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာန များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များက ဆောင်ရွက်ပေးရသည်များ ရှိသကဲ့သို့ ပြည်သူလူထုအနေ ဖြင့်လည်း ကိုယ်တိုင်ကိုယ်ကျ ဝိုင်းဝန်းလုပ်ကိုင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် စိန်ခေါ်မှုများစွာရှိနေပြီး လိုအပ်ချက်များလည်းရှိကြောင်း၊ အစိုးရ၏အားနည်းချက်များကို အမြဲပြင်ဆင်ဆောင် ရွက်သွားကြရမည်ဖြစ်ကြောင်း။

 မကြာမီရက်ပိုင်းအတွင်းက မိမိအနေဖြင့် တောင်ငူဒေသသို့ သွားရောက်၍ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်မည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး နွေစပါးစံကွက်ရိတ်သိမ်းခြင်းဆောင်ရွက်နေမှု၊ သီးနှံပင်များအတွက် အလွယ်တကူ သုံးစွဲနိုင်သည့် တန်ဘိုးနည်းသဘာဝပိုးသတ်ဆေးနှင့် အာဟာရဖျော်ရည်များထည့်သွင်း မြေပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် စပါးခွံမီးသွေးထုတ်လုပ်မှု သရုပ်ပြသခြင်း တို့ကို သွားရောက်ကြည့်ရှုခဲ့ကြောင်း၊ တောင်သူများအနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများပိုမိုတိုးချဲ့လုပ်ကိုင်နိုင်ရေး လိုအပ်ချက်များရှိနေ သေးသည်ကို တွေ့ရှိရကြောင်း၊ ခရိုင်များအလိုက်ဖွင့်လှစ်ထားသည့် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများကို စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များအတွက် လိုအပ်သည့်လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်သင်ကြား ပေးနေခြင်းဖြစ်သဖြင့် ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ တက်ရောက် ပညာ သင်ယူကြစေရေး အားပေးတိုက်တွန်း ဆောင်ရွက်စေလိုကြောင်း။

မိမိတို့နိုင်ငံတွင် စိုက်ပျိုးရေးကဏ္ဍနှင့် မွေးမြူရေးကဏ္ဍတို့ကိုနှိုင်းယှဉ်ပါက မွေးမြူရေးကဏ္ဍတွင် လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုအားနည်းလျက်ရှိနေသည်ကို တွေ့မြင်ရကြောင်း၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမှသာလျင် ပြည်သူများ အနေဖြင့် အသား၊ ငါး၊ နို့နှင့် ဥအမျိုးမျိုးတို့ကို သက်သာသောဈေးနှုန်းများဖြင့် ပြည့်ပြည့်ဝဝ ဝယ်ယူစားသုံးနိုင်မည်ဖြစ်ကြောင်း၊ အသား၊ ငါး၊ ဥအမျိုးမျိုးနှင့် ဟင်းသီး ဟင်းရွက်များကို လိုအပ်သည့် ပမာဏအလိုက် မျှမျှတတစားသုံးနိုင်ရန်လိုကြောင်း၊ ထိုသို့ စားသုံးနိုင်မှသာလျင် ကျန်းမာကြံ့ခိုင်သန်စွမ်းသည့် ကိုယ်ခန္ဓာနှင့် ကျန်းမာရေး ညီညွတ်မျှတမှုကို ရရှိစေနိုင်မည်ဖြစ်ကြောင်း၊ အသား၊ ငါး တို့ကိုစားသုံးခြင်းမှ ရရှိလာမည့် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကိုလည်း မှန်မှန်ကန်ကန်သိရှိ နိုင်ရေးနှင့် ပြည့်ပြည့်ဝဝစားသုံးတတ်စေရေး အသိပညာပေးခြင်းများလည်း ဆောင်ရွက် ပေးကြရန်လိုကြောင်း၊ ထို့ကြောင့်စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အောင်မြင်မှုရှိစေ ရေးနှင့် ပြည်တွင်းစားသုံးမှုဖူလုံမှုရှိစေရေး၊ အသား၊ ငါးများအား ပြည်ပသို့ တင်ပို့နိုင်ရေး  စနစ်တကျကြိုးစားအားထုတ် ဆောင်ရွက်သွားကြရန် လိုကြောင်း။

ကျောင်းနေအရွယ်ကလေးငယ် အားလုံး ကျောင်းနေနိုင်ရေး အားလုံးကဝိုင်းဝန်းဆောင်ရွက်ကြစေလို

ပညာရေးနှင့် ပတ်သက်၍ယခုအခါ ကျောင်းများပြန်လည်ဖွင့်လှစ်လျက်ရှိပြီး ယနေ့အချိန်အထိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအပါအဝင် ကျောင်းသား၊ ကျောင်းသူ ၆ ဒသမ ၇ သန်းကျော် ကျောင်းအပ်နှံခဲ့ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကျောင်းအပ်ရာခိုင်နှုန်း များတိုးတက်လာသည်ကိုတွေ့ရှိရ ကြောင်း၊ ကျောင်းနေအရွယ် ကလေးငယ်အားလုံး ကျောင်းနေနိုင်ရေး အားလုံးက ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ခေတ္တပိတ်ထားရ သည့် ကျောင်းများအား ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ပြီး ကျောင်းနေရာခိုင်နှုန်း များတိုးတက်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း။

အခြေခံပညာကျောင်းများနှင့် ပတ်သက်၍ သတ်မှတ်ထားသည့် စံကိုက်ကျောင်း များဖြစ်ရန်လိုကြောင်း၊ သို့မှသာ ပညာသင်ကြားမှုများ အဆင်ပြေချောမွေ့စေမည်ဖြစ် ကြောင်း၊ စာသင်ကျောင်းအဆောက်အဦများ တည်ဆောက်ရာတွင် သတ်မှတ်ချက် များနှင့်အညီတည်ဆောက်ရန်နှင့် ရေရှည်အတွက် Master Plan များ စနစ်တကျရေးဆွဲ ဆောင်ရွက်သွားရန်လိုကြောင်း၊ စာသင်ကျောင်းများ စနစ်တကျ ဖြစ်စေရေး တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အစိုးရအဖွဲ့များအနေဖြင့် ဆောင်ရွက်သွားကြစေလို ကြောင်း၊ မိမိတို့အနေဖြင့် အဆင့်မီသည့် ပညာရေးစနစ်ကို ဆောင်ရွက်ရာတွင် ရုပ်ပိုင်းဆိုင်ရာများ စနစ်တကျဖြစ်ရန်လိုသကဲ့သို့ သင်ကြားရေးပိုင်း ဆိုင်ရာများကိုလည်း စနစ် တကျဖြင့် ထိထိရောက်ရောက် သင်ကြားပြသပေးနိုင်ရန် လိုကြောင်း၊ ထိုကဲ့သို့ မှန်ကန်ထိရောက်သည့် ပညာရေးဖွံ့ဖြိုးတိုးတက်ရေး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ဆောင်ရွက်ထားရှိမှသာနောင် ၁၀နှစ် ခန့်တွင် နိုင်ငံအတွက်အသီးအပွင့်များကို ခံစားနိုင်မည်ဖြစ်ပြီး နိုင်ငံတော်အတွက် အခြေခံ ကောင်းများရှိပြီးဖြစ်သည့် မျိုးဆက်သစ်များ ထွက်ပေါ်လာမည်ဖြစ်ကြောင်း။

ပညာရေးတွင် မူလတန်းအဆင့်ပညာရေးရှိသူ၊ အလယ်တန်းအဆင့် ပညာရေး ရှိသူ၊ အထက်တန်းအဆင့်ပညာရေးရှိသူဟူ၍ သုံးပိုင်းတွေ့ရမည်ဖြစ်ပြီး ၎င်းတို့အဆင့် အလိုက် ဆောင်ရွက်၍ရနိုင်သည့် လုပ်ငန်းများကိုလည်း ခွဲခြမ်း၍ရနိုင်မည်ဖြစ်ကြောင်း၊ ယေဘုယျအားဖြင့် ပညာရေးအားနည်းသူများသည် သာမန်အလုပ်အကိုင်ဖြင့် အသက်မွေးဝမ်းကျောင်းပြုကြရပြီး မိမိတို့နိုင်ငံလူဦးရေ၏ ထက်ဝက်ခန့်ရှိကြောင်း၊ ၎င်းတို့အတွက် လုပ်ငန်းခွင်ဆိုင်ရာသင်တန်းများကို ဆောင်ရွက်ပေးရန်လိုကြောင်း၊ အလယ်တန်း အဆင့်ရှိသူများသည်လည်း အလုပ်အကိုင်အခွင့်အလမ်းနှင့်ပတ်သက်၍ ကန့်သတ်ချက်များ ရှိမည်ဖြစ်ကြောင်း၊ ပညာရေးအရ အဆင့်မြင့်တန်းအဆင့်တွင် ရှိသူများအနေဖြင့် အလုပ်အကိုင်များစွာရှိမည်ဖြစ်ပြီး ၎င်းတို့၏ ကြိုးစားအား ထုတ်မှုများအလိုက် နယ်ပယ်အသီးသီးတွင် အောင်မြင်သူများ ဖြစ်လာနိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့်မိမိတို့အနေဖြင့် တိုင်းပြည်၏ ပညာရေးကိုမဖြစ်မနေ အဆင့်မြှင့်တင်နိုင်ရေး ဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း၊ ပညာရေးအဆင့်မြှင့်တင်မှု ကိုအထောက်အကူပြု ရန်အတွက် တက္ကသိုလ်များအားလုံးတွင် ဥပဒေဘွဲ့နှင့် စီးပွားရေးဆိုင်ရာဘွဲ့များကို သင်ကြားစေခဲ့ကြောင်း၊ ထိုသို့သင်ကြားပေးခြင်းဖြင့် ဥပဒေအမြင်နှင့် စီးပွားရေးအမြင်များ ရှိလာမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဥပဒေပညာနှင့် စီးပွားရေးပညာတတ်ကျွမ်းသူများ ပေါကြွယ် ဝစွာမွေးထုတ်ပေးခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးရှိမည် ဖြစ်ကြောင်း၊ အခြားဘာသာရပ် များအလိုက်လည်း ထူးချွန်သည့်သူများကို မွေးထုတ်ပေးနိုင်ရေး မိမိတို့အနေဖြင့် ဆောင်ရွက် ပေးလျက်ရှိကြောင်း။

MSME လုပ်ငန်းသည် မိမိတို့နိုင်ငံ၏ ပကတိအခြေအနေနှင့်ကိုက်ညီသည့် စီးပွားရေးလုပ်ငန်းဖြစ်

နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ပကတိအခြေအနေနှင့် ကိုက်ညီ သည့် စီးပွားရေးလုပ်ငန်းမှာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများပင်ဖြစ်ကြောင်း၊ ထို့ကြောင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရေး တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကြိုးပမ်းဆောင်ရွက်သွားကြရန်လို ကြောင်း၊ ဒေသတွင်းမှထွက်ရှိသည့် ကုန်ကြမ်းများဖြင့် MSME ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကုန်ကြမ်း၊ သွင်းအားစု၊ အရင်းအနှီးနှင့် လူသား အရင်းအမြစ်များသည် MSME လုပ်ငန်းများအတွက်မဖြစ်မနေလိုအပ်ကြောင်း၊ ပြီးခဲ့ သည့်နှစ်များမှစတင်၍ MSME လုပ်ငန်း များဖွံ့ဖြိုးတိုးတက်လာသည်ကိုတွေ့ရကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သကဲ့သို့ MSME ကုန်ထုတ်လုပ်ငန်းများကိုလည်း နိုင်ငံ၏အဓိကစီးပွားရေးမောင်းနှင်အား တစ်ခု ဖြစ်လာအောင်ဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံ၏အခြေအနေအရ MSME ကို ဗဟိုပြု၍ နိုင်ငံ၏ စီးပွားရေးကိုမြှင့်တင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အလားတူ အကြီးစားစီးပွားရေးလုပ်ငန်းများဖြစ်သည့် သံနှင့် သံမဏိလုပ်ငန်းများ၊ အထည်ချုပ် လုပ်ငန်းများ၊ လျှပ်စစ်ပစ္စည်းများနှင့် နည်းပညာဆိုင်ရာပစ္စည်းများ၊ မော်တော်ယာဉ် ထုတ်လုပ်ခြင်းများစသည့် နည်းပညာကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများကို အဆင့်မြင့်ပညာပြီးဆုံး ပြီးဖြစ်သည့် ပညာတတ်လူသားအရင်းအမြစ်များဖြင့် ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း။

စက်မှုကုန်ထုတ်လုပ်ငန်းများတိုးတက်လာမှသာ နိုင်ငံ၏ GDP လည်းတိုးတက်လာမည်

နိုင်ငံအတွင်းရှိ ပုဂ္ဂလိကပိုင်စက်ရုံများ၊ နိုင်ငံပိုင်စက်ရုံများ အားလုံး စဉ်ဆက် မပြတ်လည်ပတ်နေရန်လိုပြီး ကုန်ထုတ်စွမ်းအားများ ပြည့်မီအောင်ဆောင်ရွက် နေရန် လိုကြောင်း၊ စက်ရုံများလည်ပတ်မှုမရှိဘဲ ရပ်နားထားရခြင်းသည် နိုင်ငံတော်အတွက် နစ်နာဆုံးရှုံးမှုများပင်ဖြစ်ကြောင်း၊ စက်မှုကုန်ထုတ်လုပ်ငန်းများတိုးတက်လာမှသာ နိုင်ငံ၏ GDP လည်းတိုးတက်လာမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ စက်မှုလုပ်ငန်းများ ပိုမို ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် လုပ်ငန်းဆောင်ရွက်မှုစွမ်းပကားများ မြှင့်တင်နိုင်ရေး အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများအလိုက်မှ ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုကြောင်း။

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် မြေနှင့်ရေကို အကျိုးရှိစွာအသုံးချ

စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများတွင် ရေကိုအကျိုးရှိစွာဖြင့် စနစ်တကျ အသုံးချရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် စိုက်ပျိုးရေနှင့် အောင်ရေရရှိရေး သည် အလွန်အရေးကြီးကြောင်း၊ နိုင်ငံတော်တွင်ပိုင်ဆိုင်ထားရှိပြီးဖြစ်သည့် သဘာဝ အရင်းအမြစ်များဖြစ်သော မြေနှင့် ရေ တို့ကို အကျိုးရှိရှိနှင့် မှန်မှန်ကန်ကန် အသုံးချနိုင် ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပညာရှင်များဖြင့် စနစ်တကျဆောင်ရွက် သွားရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လူတစ်ဦးကဲ့ သို့စဉ်းစား၍ ဂရုစိုက် ဆောင်ရွက်ကြရန်လိုပြီး လူတစ်ဦးရှင်သန်ရေး၊ ကျန်းမာကြံ့ခိုင် ရေး တို့အတွက် လိုအပ်သည့် ရေ၊ အစားအစာနှင့် ကျန်းမာရေးဂရုပြုမှုများ အမြဲမပြတ်ဆောင်ရွက်ပေးရန်လိုသကဲ့သို့စိုက်ပျိုးရေးလုပ်ငန်းတွင်လည်း ထိုနည်းတူပင် ဖြစ်ကြောင်း၊ မြေကိုတန်ဖိုးရှိစွာဖြင့် အသုံးချရန်လိုပြီး မြေဆီမြေဩဇာများ ကောင်းမွန် အောင် မြေကိုပြုပြင်ဆောင်ရွက်ခြင်း များပြုလုပ်ရမည်ဖြစ်ကြောင်း၊ မြေဆီဩဇာ ကောင်းနှင့် ရေအရင်းအမြစ်ရရှိနိုင်ရန် ခက်ခဲသည့် နိုင်ငံများ၌ပင် ခေတ်မီနည်းပညာ များကိုအသုံးပြု၍ စိုက်ပျိုးရေးလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်လျက်ရှိ ကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ တိုးတက်ဖြစ်ထွန်းအောင် ကြိုးပမ်းဆောင်ရွက်ကြရန် လိုကြောင်း။

ရေကိုအကျိုးရှိစွာအသုံးချရန်နှင့် ပတ်သက်၍ မိမိတို့တစ်နိုင်ငံလုံးရှိ မြစ်ချောင်း များမှ စီးဆင်းလာသည့်ရေများ၏ ၂၀ ရာခိုင်နှုန်းခန့်ကိုသာ ပြန်လည်အသုံးချနိုင်ပြီး ကျန်ရှိသည့် ၈၀ ရာခိုင်နှုန်းခန့်မှာ အသုံးပြုနိုင်မှုမရှိသေးသည်ကို အချက်အလက်များ အရသိရှိရကြောင်း၊ အဆိုပါရေများကို စိုက်ပျိုးရေးလုပ်ငန်းများနှင့် အခြားအကျိုး ရှိသည့် နေရာများတွင် အသုံးချနိုင်ရန်လိုကြောင်း၊ အပြည့်အဝအသုံးချနိုင်ရန်အတွက် ရေသို လှောင်ထိန်းသိမ်းရန် နေရာများ လိုအပ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေ စိုးမိုးမှုအပြည့်အဝ ဆောင်ရွက်နိုင်ရန် ကန့်သတ်ချက်များရှိနေသည့် အချို့ဒေသများ၌ မြစ်ချောင်းများအနီး တရားမဝင် ရွှေတူးဖော်သည့်လုပ်ငန်းများကို အလွန်အကျူး လုပ်ဆောင်လာမှုများကြောင့် မြစ်ချောင်းများတိမ်ကောခြင်း၊ နုန်းပို့ချမှုများပြားခြင်းနှင့် ရေစီးကြောင်းပျက်စီးခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ဒေသအလိုက်မှ အုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသူများအနေဖြင့် နိုင်ငံ၏အဖိုးတန် ရေသယံဇာတများ ပျက်စီးမှုမရှိစေရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရေး၊ ရေကြီးရေလျှံခြင်းများ မဖြစ်ပေါ်စေရေးတို့အတွက် တရားမဝင်ရွှေတူးဖော်ခြင်း လုပ်ငန်းများကို ထိထိရောက်ရောက် နှိမ်နင်းဆောင်ရွက်သွားရန်လိုကြောင်း၊ ဒေသခံပြည်သူလူထုအနေဖြင့်လည်း မိမိတို့ ဒေသအလိုက် တရားမဝင်ရွှေတူး ဖော်ခြင်းများ လုပ်ဆောင်မှုမရှိစေရေး သက်ဆိုင်ရာသို့ သတင်းပေးပို့ ဆောင်ရွက် ခြင်းဖြင့် နိုင်ငံ့အကျိုးစီးပွားကို ဝိုင်းဝန်းပူးပေါင်းထိန်းသိမ်း နိုင်ရန်လိုကြောင်း၊ နိုင်ငံ အတွင်းရှိမြစ်ချောင်းများ၌ နုန်းဆယ်ခြင်းလုပ်ငန်းများ၊ ရေ အရင်းအမြစ်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားရမည်ဖြစ်ပြီး ရေသယံ ဇာတကို အကျိုးရှိရှိ အသုံးချသွားနိုင်ရေး စီမံဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မြစ်ချောင်းများ၌ မြေအောက်တမံများ တည်ဆောက်၍ ရေအရင်းအမြစ်များကို ထိန်းသိမ်းနိုင်ပြီး မြေဆီ၏အစိုဓာတ်ကို ထိန်းသိမ်းဆောင်ရွက်နိုင်မည်ဖြစ်ပြီး စိုက်ပျိုးရေးလုပ်ငန်းများ အတွက်လိုအပ်သည့် ရေအရင်းအမြစ်များကို လုံလောက်စွာ ရရှိနိုင်မည်ဖြစ်ကြောင်း၊ ရေသုံးစွဲရာတွင် အဟောသိကံအသုံးပြုခြင်းမဖြစ်စေဘဲ ရေသုံးစွဲမှုများကို စနစ် တကျဖြစ်အောင်ဆောင်ရွက်တတ်သည့် ပညာရပ်များကို အခြေခံပညာ နှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများအပါအဝင် စာသင်ကျောင်း များ၌ သင်ကြားပေးသွားကြရန်လိုကြောင်း၊ ရေအရင်းအမြစ်များကို အကျိုးရှိရှိစီမံ အသုံးချနိုင်မှုမရှိဘဲ အထက်မှအောက်သို့ စီးဆင်းကာ မြစ်ချောင်းများအတွင်း စီးဝင်ခြင်း၊ ထိုမှတဆင့် ပင်လယ်အတွင်းသို့ ရောက်ရှိသွားခြင်းသည် နိုင်ငံတော် အတွက်နစ်နာ ဆုံးရှုံးမှုတစ်ခုပင် ဖြစ်သည်ကို သိရှိနားလည်ကြရန်လိုကြောင်း။

နိုင်ငံတွင်းရှိ မြစ်များ၊ ချောင်းများအတွင်း ရေအားလျှပ်စစ်ထုတ်လုပ်ခြင်းလုပ် ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်ပြီး လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့် ဆည်းပေးနိုင်ကြောင်း၊ သို့သော်လည်း ရေရှည်ဖြစ်ပေါ်လာမည့်အကျိုးရလာဒ်ကို သိရှိ နားလည်ခြင်းမရှိဘဲ နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည့်အရေးကို မလိုလားကြသည့် ပြည် တွင်း၊ ပြည်ပမှသွေးထိုးလှုံ့ဆော်နေကြသူများ၏စကားများကိုနားယောင်ကာ ကန့် ကွက်ခဲ့မှုများကြောင့် နိုင်ငံတော်တွင်ဖြစ်ပေါ်လာခဲ့သင့်သည့် ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း စီမံကိန်းကြီးများသည် ယခုအချိန်အထိ နှောင့်နှေးနေရဆဲဖြစ်ကြောင်း၊ ကန့်ကွက်မှုများမရှိခဲ့ပါက ယခုအချိန်တွင် မိမိတို့နိုင်ငံ၌ လျှပ်စစ်ဓာတ်အားများလုံ လောက်စွာ ဖြင့်ရရှိနေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အရှည်ကိုမျှော်တွေး၍ အားလုံးက စဉ်းစားဆောင်ရွက်ကြရန်လိုကြောင်း။

ဒေသအလိုက်မွေးမြူရေးလုပ်ငန်းများတိုးတက်အောင်ဆောင်ရွက်ရန်လို

မွေးမြူရေးနှင့် ပတ်သက်၍လည်း သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက်တွင် မွေးမြူရေးဇုန်များကို ဖော်ဆောင်ပေးလျက်ရှိကြောင်း၊ ဇုန်များအလိုက် သတ်မှတ်ထားသည့်အတိုင်း မွေးမြူထုတ်လုပ်နိုင်မည်ဆိုပါက ဒေသအတွင်း အသား၊ ငါးများ၏ဈေးနှုန်များမှာ ထိုက်သင့်သလောက်ကျဆင်းလာမည်ဖြစ်ကြောင်း၊ မွေးမြူ ရေးလုပ်ငန်းသည် အရင်းအနှီးကြီးမားသည်ဖြစ်သော်လည်း စနစ်တကျဖြင့် စီမံဆောင်ရွက် သွားမည်ဆိုပါက အကျိုးအမြတ်များစွာရရှိစေနိုင်သည့် လုပ်ငန်းတစ်ခု ဖြစ်ကြောင်း၊ အလုပ်ကိုအမှန်တကယ် အောင်မြင်အောင်ဆောင်ရွက်ကြစေလိုကြောင်း၊ အစိုးရအနေဖြင့် မြစ်ချောင်းများအတွင်းသို့ ငါးသယံဇာတများကို နှစ်စဉ်ထည့်သွင်း ပေးလျက်ရှိကြောင်း၊ အားလုံးအမှန်တကယ်အလုပ်လုပ်ရန်လိုကြောင်း၊ တစ်ဖက်မှ လည်း လုပ်ငန်းဆောင်ရွက်နိုင်သူများက မွေးမြူရေးဇုန်များကို အကောင်အထည် ဖော်ဆောင်ရွက် သွားကြရန်လိုကြောင်း၊ ထို့ကြောင့် မွေးမြူရေးလုပ်ငန်းများ တိုးတက် လာစေရေး တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကြိုးပမ်းဆောင်ရွက်သွား ကြရန်လိုကြောင်း။

မြေပြင်တွင်ဖြစ်ပေါ်နေသည့် အခြေအနေမှန်များကို အချိန်နှင့်တစ်ပြေး ညီ မှန်မှန်ကန်ကန် သိရှိအောင်ဆောင်ရွက်

လက်ရှိအချိန်တွင် ကျောင်းများဖွင့်လှစ်သင်ကြားလျက် ရှိနေပြီဖြစ်သဖြင့် သင်ကြားရေးဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ ဘေး ကင်းလုံခြုံစွာဖြင့် စာပေသင်ကြားနိုင်ရန်လိုကြောင်း၊ အထူးသဖြင့် အဖျက်အမှောင့် လုပ်ငန်းများ ဖြစ်ပေါ် ခဲ့သည့်ဒေသများ၌ လုံခြုံရေးကိစ္စရပ်များကို အထူးအလေးထား ဆောင်ရွက်သွားကြရန် လိုကြောင်း၊ လုံခြုံရေးဆိုင်ရာတာဝန်ရှိသူများနှင့် အုပ်ချုပ်ရေး ပိုင်းဆိုင်ရာတာဝန်ရှိ သူများပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်သွားကြ ရန်လိုကြောင်း၊ မြေပြင် တွင်ဖြစ်ပေါ်နေသည့် အခြေအနေမှန်များကို အချိန်နှင့်တစ်ပြေးညီ မှန်မှန် ကန်ကန် သိရှိအောင်ဆောင်ရွက်ထားရန်နှင့် အထက်ဌာနများသို့ အချိန်နှင့်တစ်ပြေးညီ တင်ပြ ဆောင်ရွက်သွားနိုင်ရန်လိုကြောင်း၊ မိမိတို့အနေဖြင့် အခြေအနေမှန်များကို အချိန်နှင့် တစ်ပြေးညီသိရှိမှသာလျင် အမြန်ဆုံးနှင့် အမှန်ကန်ဆုံးဖြေရှင်း ဆောင် ရွက်ပေးနိုင်မည် ဖြစ်ကြောင်း၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ အနေဖြင့်လည်း မိမိတို့ဝန်ကြီးဌာနအလိုက်၊ ဒေသများအလိုက် မြေပြင် တွင် ဖြစ်ပေါ်နေသည့် အခြေအနေမှန်များကို သိရှိနားလည်အောင် မြေပြင်ကွင်းဆင်း စစ်ဆေးခြင်း၊ ထိတွေ့ဆက်ဆံခြင်းများဖြင့် ကွပ်ကဲကြပ်မတ် ဆောင်ရွက်သွားကြရန်လို ကြောင်းပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးများက ရှင်းလင်းတင်ပြ

ထို့နောက် ပြည်ထောင်စုဝန်ကြီးများ က သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေး တင်ပြကြသည်။

ပြည်သူ့ဆက်ဆံရေးကောင်းမွန်ရမည်ဖြစ်သကဲ့သို့ ဝန်ထမ်းများအချင်းချင်း ညီညွတ် မျှတစွာဖြင့် အထက်အောက်ကွပ်ကဲအုပ်ချုပ်သွားရန်လို

          ယင်းနောက် နိုင်ငံတော်သမ္မတက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် မိမိတို့ အနေဖြင့်ရွေးကောက်ခံအစိုးရဖြစ်ပြီး ပြည်သူများမှရွေးခြယ်ထားသည့် ပြည်သူ့အစိုးရ ဖြစ်ကြောင်း၊ ပြည်သူများ၏ကိုယ်စား နိုင်ငံ့အကျိုးကိုထမ်းဆောင်ကြရမည့် ပြည်သူ့ တို့၏ အကျိုးကိုဖော်ဆောင်ကြရမည့်အစိုးရဖြစ်သဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အချင်းချင်းပေါင်းစပ်ညှိနှိုင်းမှုကောင်းစွာဖြင့်တာဝန်ထမ်းဆောင်သွားကြရန်လိုကြောင်း၊ ပြည်သူ့ဆက်ဆံရေးကောင်းမွန်ရမည်ဖြစ်သကဲ့သို့ ဝန်ထမ်းများအချင်းချင်း ညီညွတ် မျှတစွာဖြင့် အထက်အောက်ကွပ်ကဲအုပ်ချုပ်သွားရန်လိုကြောင်း၊ ပြည်သူများကြုံတွေ့ နေရသည့် အခက်အခဲများအား ထုတ်ပြန်ထားသည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးရမည်ဖြစ်သော်လည်း  မလိုလားအပ်ဘဲ ပြည်သူတို့ အပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်လည်း ဂရုပြုဆောင်ရွက်သွားရန်လိုကြောင်း၊ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍ ကောင်းစွာသိရှိနားလည် နေရမည်ဖြစ်သကဲ့သို့ ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်ကြရန်လည်းလိုကြောင်း။

သုတေသနလုပ်ငန်းများနှင့်ပတ်သက်၍ သုတေသနလုပ်ငန်းသည် လုပ်ငန်း တစ်ခု အောင်မြင်မှုရှိစေရေးအတွက် ကြိုတင်လေ့လာဆန်းစစ် ဆောင်ရွက်ခြင်းပင်ဖြစ် ကြောင်း၊ လက်တွေ့ဆောင်ရွက်နိုင်သည်များကို သုတေသနပြုဆောင်ရွက်သွားရန်လို ပြီး အကျိုးရှိရှိအသုံးချနိုင်ရန်လိုကြောင်း၊ စက်မှုလက်မှု၊ စိုက်ပျိုးမွေးမြူရေး၊ ကုန်ထုတ် လုပ်မှုအပါအဝင် ပညာရေးလုပ်ငန်းများနှင့်ပတ်သက်၍ လက်တွေ့အသုံးချနိုင်သည် များကို အမြဲဆန်းစစ်သုတေသနပြုလုပ်နေရန်လိုကြောင်း၊ သုတေသနလုပ်ငန်းများကို ဝန်ကြီးဌာန များအားလုံးက အလေးထား ဆောင်ရွက်ကြရန်လိုကြောင်း။

          ဘဏ္ဍာငွေများ အသုံးချမှုနှင့်ပတ်သက်၍လည်း ခွင့်ပြုပေးထားသည့်ဘဏ္ဍာငွေ များကို သက်ဆိုင်ရာကဏ္ဍများအလိုက် မှန်မှန်ကန်ကန်နှင့် အကျိုးရှိရှိ အသုံးချနိုင် ရန်လိုကြောင်း၊ အသုံးချနိုင်မှုမရှိဘဲ ပိုလျှံရန်ပုံငွေစာရင်းသို့ ပြန်လည်အပ်နှံခြင်းသည် နိုင်ငံအတွက် နစ်နာဆုံးရှုံးမှုပင်ဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုပေး ထားသည့်ဘဏ္ဍာငွေများအား သတ်မှတ်ကာလအတွင်း သုံးစွဲနိုင်မှုမရှိပါကလည်း ဆောလျင်စွာပြန်လည်အပ်နှံသွားရန်လိုပြီး ထိုသို့ဆောင်ရွက်မှသာ အခြားနိုင်ငံတော် အတွက်လိုအပ်သည့်နေရာများ၌ လွှဲပြောင်းအသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ပြည်သူလူထု အတွက်လိုအပ်သည့် အခြေခံအဆောက်အဦများ ကောင်းမွန်စေရေး၊ လမ်းပန်း ဆက်သွယ်မှုများကောင်းမွန်စေရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများတွင် ဝန်ဆောင် မှုကောင်းမွန်အောင် ဆောင်ရွက်ပေးခြင်းတို့ဖြင့် ဘဏ္ဍာငွေများကို အကျိုးရှိရှိ အသုံး ချသွားကြရန်လိုကြောင်း၊ ထို့ပြင် ခွင့်ပြုပေးထားသည့် ဘဏ္ဍာငွေများအား အလွဲသုံးစား ခြင်းများ မရှိစေရေးအတွက်လည်း ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း။

          တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လုံခြုံရေးစစ်ဆေးကြပ်မတ်ခြင်းများ ဆောင်ရွက်နေသည်များရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင်လည်း လုံခြုံရေးပိုင်း ဆိုင်ရာအရ စစ်ဆေးကြပ်မတ်ခြင်းသာဖြစ်ရန်လိုပြီး ပြည်သူများအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန်လိုကြောင်း၊ လုံခြုံရေးအရ၊ တရားမဝင်ကုန်စည်စီးဆင်းမှုနှင့် မူးယစ်ဆေး ဝါးတိုက်ဖျက်ရေးတို့အရ စစ်ဆေးခြင်းများဆောင်ရွက်သည်ကို လက်ခံ၍ရသော်လည်း တရားမဝင်ငွေကြေးကောက်ခံခြင်းများ မဖြစ်ရန်လိုကြောင်း၊ တာဝန်ရှိသူများအနေဖြင့် လည်း စနစ်တကျဖြင့် စစ်ဆေးကြပ်မတ်ဆောင်ရွက်သွားကြရန်လိုကြောင်း။

          နိုင်ငံ့ဝန်ထမ်းများ၊ လုံခြုံရေးဝန်ထမ်းများအတွက် ဖြစ်သင့်ဖြစ်ထိုက်သည့် လစာ နှုန်းထားနှင့် ထောက်ပံ့ကြေးများကို ပေးထားကြောင်း၊ သို့ဖြစ်၍ ငွေကြေးအလွဲ သုံးစားခြင်း၊ လုပ်ပိုင်ခွင့်အာဏာများကို မလျော်မညီအသုံးချ၍ ငွေကြေးရယူခြင်း၊ ကောက်ခံခြင်းများ လုပ်ဆောင်ခြင်း မပြုကြရန်လိုကြောင်း၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့်လည်း မိမိတို့တစ်ဦးတစ်ယောက်၏အကျိုးစီးပွားကို လိုလားမှုဖြင့် လုံခြုံရေးဆောင်ရွက်နေသူများ၊ နိုင်ငံ့ဝန်ထမ်းများကို ငွေကြေးပေး လာဘ်ထိုးခြင်းများဖြင့် မဖျက်ဆီးကြရန်လိုကြောင်း၊ လာဘ်ပေးလာဘ်ယူခြင်း၊ ငွေကြေးအလွဲသုံးစားခြင်း၊ လုပ်ပိုင်ခွင့်အာဏာကို မလျော်ညီစွာ အသုံးပြုခြင်းတို့ဖြင့် အားကောင်းသော နိုင်ငံတော်အစိုးရတစ်ရပ်၏ပုံရိပ်ကို ထိခိုက်ကျဆင်းစေပြီး နိုင်ငံ၏တည်ငြိမ်အေးချမ်းရေးကိုလည်း ထိခိုက်ပျက်စီးစေနိုင်ကြောင်း၊ သို့ဖြစ်၍ နိုင်ငံ့ဝန်ထမ်းများအားလုံး အဂတိတရား ကင်းရှင်းမှုရှိစေရေး ဆောင်ရွက်သွား ကြရန်နှင့် ကြပ်မတ်ကွပ်ကဲရန်တာဝန်ရှိသူ များအနေဖြင့်လည်း စနစ်တကျကွပ် ကဲကြပ်မတ်သွားကြရန်လိုကြောင်း။

          နိုင်ငံတစ်နိုင်ငံတွင် အဓိကအားဖြင့် စီးပွားရေးအားကောင်းရန်လိုပြီး စီးပွားရေး အားကောင်းမှသာလျင် ငွေကြေးခိုင်မာမှုရှိလာမည်ဖြစ်ကြောင်း၊ မိမိတို့ အစိုးရအနေဖြင့် တိုင်းပြည်၏ ငွေကြေးကိုခိုင်မာအောင်လုပ်ဆောင်ပေးရမည်ဖြစ်ပြီး စီးပွားရေးအရ အားကောင်းလာစေရေး၊ ပြည်သူတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ် အေးချမ်းရေးတို့ကို ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊ လက်ရှိအချိန်တွင် နိုင်ငံတော်အစိုးရအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် အရှိန်အဟုန် ကောင်း ကောင်းဖြင့် ခိုင်ခိုင်မာမာ လျှောက်လှမ်းနေပြီဖြစ်ကြောင်း၊ လုပ်ဆောင်ချက်များ အားလုံးကိုမရေမရာဖြင့် စမ်းတဝါးဝါးဆောင်ရွက်နေခြင်းမဟုတ်ဘဲ တိကျခိုင်မာသည့် ဦးတည်ချက်၊ ရည်မှန်းချက်များထားရှိပြီး မိမိတို့ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံ များဖြင့် အကောင်းဆုံးအသုံးချ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် အစိုးရအဖွဲ့ အပါအဝင် တာဝန်ရှိသူများအားလုံးအနေဖြင့် မိမိတို့သက်ဆိုင်ရာ တာဝန်ယူထား ရသည့် လုပ်ငန်းများအားလုံး အောင်မြင်မှုရှိစေရေး အားလုံးကဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်းပြောကြားပြီးအစည်းအဝေးကို ရုပ်သိမ်း လိုက်ကြောင်း သတင်း ရရှိသည်။