အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီ အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား နေပြည်တော်၊ ဇွန် - ၉

Tuesday, June 9, 2026 - 09:45

အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီ အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ ဇွန် - ၉

အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်း တွင် နိုင်ငံတော်သမ္မတရုံးတော်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အမျိုးသား အဆင့်ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက် ရောက် အမှာစကားပြောကြားသည်။

အဆိုပါ အစည်းအဝေးသို့ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတနှင့်အတူ ကော်မတီဒုတိယဥက္ကဋ္ဌ ပို့ဆောင်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးမြထွန်းဦး၊ ကော်မတီဝင်ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ကော်မတီအတွင်းရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ မြို့ တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။

ဦးစွာ အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတက အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံ၏ ရေအရင်းအမြစ်များကို အကျိုးရှိစွာ ဖြင့် ထိရောက်စွာ အသုံးချနိုင်ရေး၊ တစ်နိုင်ငံလုံးလွှမ်းခြုံသည့် ဘက်စုံစီမံခန့်ခွဲမှုများ ဆောင်ရွက်နိုင်ရေးနှင့် ရေကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထောက်အကူဖြစ် စေရန်၊ ရေနှင့်ဆက်နွှယ်သည့် ဒေသတွင်းနှင့် နိုင်ငံတကာ ရေကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် “အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီ” ကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့တွင် မိမိအနေဖြင့် ဥက္ကဋ္ဌအဖြစ် ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်ခဲ့ ကြောင်း။

အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီအနေဖြင့် လုပ်ငန်းတာဝန် ၁၂ ရပ် ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ အထူးသဖြင့် ရေအရင်းအမြစ် များကို ထိရောက်စွာအသုံးချရေး၊ နွေကာလ ရေရှားပါးမှုနှင့် ရာသီဥတုပြောင်းလဲမှု ကြောင့် ဖြစ်ပေါ်လာသည့် မြစ်ရေနည်းပါးမှုပြဿနာ ဖြေရှင်းပေးနိုင်ရေးအတွက် အစီအစဉ်များ ရေးဆွဲချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသားရေဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးအတွက်လည်း ဆောင်ရွက်နေကြောင်း၊ ထို့ အပြင် ရေနှင့်ပတ်သက်သည့် သဘာဝဘေးအန္တရာယ်များ ကျရောက်မှုကြောင့် ဖြစ် ပေါ်နိုင်သည့် ပျက်စီးဆုံးရှုံးမှုများ လျော့နည်းစေရေး အစီအမံများ ဆောင်ရွက်ခြင်းနှင့် ရေအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်းများရေးဆွဲရန် လိုအပ်သည့် ရေအရင်းအမြစ်ဆိုင်ရာ အချက်အလက် စုဆောင်းခြင်းများကိုလည်း အလေးပေး ဆောင်ရွက်လျက်ရှိကြောင်း။

အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီအနေဖြင့် ကော်မတီ၏ လှုပ်ရှား မှုအဖြစ် နှစ်စဉ် မတ်လ ၂၂ ရက်တွင် ကျရောက်သည့် “ကမ္ဘာ့ရေနေ့” အထိမ်းအမှတ် အခမ်းအနားနှင့် ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲများကို ကျယ်ကျယ်ပြန့်ပြန့်ဖြင့် အဓိပ္ပာယ် ပြည့်ပြည့်ဝဝ ကျင်းပပေးနိုင်ခဲ့ကြောင်း၊ ရေသည် လူသားများ၏ အလိုအပ် ဆုံး သဘာဝအရင်းအမြစ်တစ်ခုဖြစ်ပြီး လူမှုဘဝကဏ္ဍအားလုံးနှင့်  တိုက်ရိုက် ဆက်နွှယ်နေကြောင်း၊ ထို့ကြောင့်လည်း ယနေ့ကမ္ဘာပေါ်တွင် ရာသီဥတုပြောင်းလဲမှု၏ အကျိုး ဆက်များကြောင့် လျော့နည်းပျက်စီးလာသည့် ရေအရင်းအမြစ်များကို ထိန်းသိမ်းရေးသည် ရေရှည်ဖွံ့ဖြိုး တိုးတက်မှု အတွက် အရေးကြီးကြောင်း။

မိမိတို့ မြန်မာနိုင်ငံတွင် စီးဆင်းနေသည့်အဓိကမြစ်ကြီး ၄ သွယ်အပါအဝင် မြစ်ချောင်းများ၊ သဘာဝရေကန်ကြီးများ၊ စိမ့်တောများမှ နှစ်စဉ်ရေချိုဧက ပေ သန်း ၈၀၀ ကျော် စီးဆင်းလျက်ရှိနေကြောင်း၊ သို့သော်လည်း အဆိုပါစီးဆင်းနေသည့် ရေချို ပမာဏ၏ ရာခိုင်နှုန်းအနည်းငယ်ခန့်ကိုသာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုလုပ်ငန်း သုံးနှင့် အိမ်သုံးရေ စသည့်ကဏ္ဍများတွင် သုံးစွဲနိုင်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေ ဖြင့် ရေအရင်းအမြစ်များကို ပိုမိုပြီး ထိထိရောက်ရောက် အကျိုးရှိရှိအသုံးချပြီး နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန် ရေဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများဆောင် ရွက်ရန် အလားအလာကောင်းများရှိနေသည်ကို တွေ့ရမည်ပင်ဖြစ်ကြောင်း၊ ထို့ ကြောင့် ရေချိုအရင်းအမြစ်များ ထိန်းသိမ်းအသုံးချရန် အနိမ့်တမံများ တည်ဆောက် ရေး၊ ရေအားလျှပ်စစ်ထုတ်လုပ်ရေး၊ မြို့ပြနှင့်ကျေးလက် သောက်သုံးရေပေးဝေရေး၊ စိုက်ပျိုးရေ ပေးဝေရေးနှင့် ရေဆိုင်ရာထုတ်ကုန်များကို စီးပွားဖြစ်ထုတ်လုပ်ရေး အတွက် အလားအလာများ ရှာဖွေကြရန်လိုကြောင်း။

မိမိတို့နိုင်ငံတွင်ရှိသည့် မြစ်ချောင်းများမှ ထုတ်လုပ်နိုင်သည့် ရေအားလျှပ်စစ် ပမာဏသည် မဂ္ဂါဝပ် တစ်သိန်းကျော်ရှိသည်ဟု လေ့လာသိရှိရကြောင်း၊ လက်ရှိ ထုတ် လုပ်နိုင်သည့် ရေအားလျှပ်စစ်ပမာဏသည် ၃,၅၀၀ မဂ္ဂါဝပ်ခန့်သာ ရှိသည့်အတွက် ၃ ဒသမ ၅ ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်နိုင်သေးသည်ကိုလည်း တွေ့ရှိရကြောင်း၊ ထို့ကြောင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်ပြီး ထိထိရောက်ရောက် အကျိုးရှိနိုင်မည့် ရေအားလျှပ်စစ်ထုတ်လုပ်ရေးတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း။

စိုက်ပျိုးရေးတွင်ဆိုပါက တစ်နိုင်ငံလုံး စပါးစိုက်ဧက ၁၅ သန်းနီးပါး ရှိရာတွင် မိုးရာသီ၌ ဧက ၁၅ သန်းခန့် စိုက်ပျိုးနိုင်သော်လည်း နွေရာသီတွင် စိုက်ဧရိယာ ဧက ၂ ဒသမ ၇၁ သန်းခန့်သာ စိုက်ပျိုးနိုင်ကြောင်းကို တွေ့ရကြောင်း၊ စိုက်ဧက တိုးချဲ့ခြင်း သည် အဓိကမဟုတ်ဘဲ ရှိသည့် စိုက်ဧကအတွင်း အောင်မြင်အောင် စိုက်ပျိုးကြစေလို ကြောင်း၊ မိမိတို့နိုင်ငံ၏ တချို့ဒေသများ၌ တစ်နှစ်အတွင်း သီးထပ် ကြိမ်အထိ စိုက် ပျိုးနိုင်သည်ကို တွေ့ရပြီး တချို့ဒေသများတွင် သီးထပ် ကြိမ်အထိ စိုက်ပျိုးနိုင်သည် ကို တွေ့ရှိရကြောင်း၊ အချို့ဒေသများ၌မူ သီးထပ် လုံးဝမစိုက်ပျိုးနိုင်သည်ကိုလည်း တွေ့ရကြောင်း၊ နွေရာသီကာလတွင် စိုက်ပျိုးနိုင်ရန် လိုအပ်သည့် ရေအရင်းအမြစ်ကို ရရှိရန်အတွက် ချောင်းပိတ်၊ မြောင်းပိတ်ရေလှောင်ကန်များ တည်ဆောက်ခြင်း၊ သဲ ချောင်းများတွင် မြေအောက်တမံတွေ တည်ဆောက်ခြင်း၊ ဆိုလာမြစ်ရေတင်လုပ်ငန်း တွေ ဆောင်ရွက်ခြင်း၊ စက်ရေတွင်းများ တူးဖော်၍ ဆိုလာရေတင်စနစ်များ ဆောင် ရွက်နိုင်မည်ဆိုပါက နိုင်ငံ၏စားရေရိက္ခာဖူလုံစေနိုင်မည်ဖြစ်ကြောင်းကို တွေ့ရှိရ ကြောင်း။

နိုင်ငံတစ်ဝန်း တည်ဆောက်ပြီးဖြစ်သည့် ဆည်တမံများ၏ ကြံ့ခိုင်ရေး၊ သဲနုန်း ပို့ချမှုအခြေအနေ၊ ရေဝင်ရောက်မည့် ရေဝေရေလဲဒေသအခြေအနေ၊ ရေပိုလွှဲများနှင့် ရေမြောင်းစနစ် စသည်တို့ကို ပုံမှန်စစ်ဆေးပြီး လိုအပ်သည်များကို အစဉ်အမြဲ ပြုပြင် ထိန်းသိမ်းနေရန်လိုအပ်ကြောင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလျှော့ချရေးနှင့် ရေအရင်းအမြစ်များထိန်းသိမ်းရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များက ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ တောမီးရှို့ခြင်းများ၊ တောင်ယာမီးရှို့ခြင်းများသည်လည်း ရေဝေရေလဲ ဒေသများအပါအဝင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်သည့်အတွက် အသိပညာ ပေးမှုနှင့် ကာကွယ်တားဆီးမှုများ ဆောင်ရွက်နိုင်ရေး တိုင်းဒေသကြီး ပြည်နယ် အလိုက် စီမံချက်များ ချမှတ်ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။

နွေရာသီတွင် သောက်သုံးရေနှင့် စိုက်ပျိုးရေရှားပါးသည့် စစ်ကိုင်း တိုင်းဒေသ ကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးများမှ ကျေးရွာများတွင် ရေရ ရှိရေးအတွက် နှစ်အလိုက်စီမံချက်ချ ဆောင်ရွက်ခြင်းများကို  အရှိန်မြှင့်တင်သွားရန် လိုကြောင်း၊ အချို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အချို့နေရာများတွင်လည်း နွေရာသီ မိုးမကျမီကာလ၌ သောက်သုံးရေ ပြတ်လပ်မှုများရှိနေဆဲဖြစ်သည်ကို တွေ့ရ ကြောင်း၊ မိုးများသည့်ဒေသများဖြစ်သည့် မြန်မာနိုင်ငံအောက်ပိုင်းနှင့် ကမ်းရိုးတန်း ဒေသများအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် အိမ်တိုင်းတွင် တစ်ပိုင် တစ်နိုင်မိုးရေကို စုဆောင်းသိုလှောင်ကြရန်နှင့် ရပ်ကွက်၊ ကျေးရွာအလိုက် တစ်နှစ် ပတ်လုံး ရေဖူလုံစေရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရန် တိုက်တွန်း မှာ ကြားလိုကြောင်း၊ မိမိတို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ရေရရှိရေးဆိုင်ရာ အခက်အခဲများ၊ ဖြေရှင်းဆောင်ရွက်ပေးမည့် အစီအမံများကိုလည်း ယခုအစည်း အဝေးတွင် တင်ပြဆွေးနွေးသွားစေလိုကြောင်း။

ယခုအခါ တစ်ကမ္ဘာလုံးနှင့်ဆိုင်သည့် ရာသီဥတုပြောင်းလဲခြင်း ဖြစ်စဉ်များ ၏ အကျိုးသက်ရောက်မှုများကြောင့် အပူချိန်မြင့်မားလာခြင်း၊ မိုးရွာသွန်းမှု ပုံစံ မမှန်ခြင်း၊ မုန်တိုင်းများတိုက်ခတ်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ မိုးခေါင် ခြောက်သွေ့ ခြင်း၊ ရေရှားပါးခြင်း၊ ငလျင်လှုပ်ခြင်းစသည့် သဘာဝဘေးအန္တရာယ်များကလည်း ကမ္ဘာ့ နေရာအနှံ့အပြားမှာ ဖြစ်ပေါ်ခံစားနေကြရကြောင်း၊ ယခုနှစ်တွင် အယ်လ်နီညို ပေါ်ပေါက်ရန် ဖြစ်နိုင်ခြေ မြင့်မားနေသည့်အတွက် ၂၀၂၆ နှစ်လယ်ပိုင်းမှ ၂၀၂၇ နှစ်လယ်ပိုင်းအထိ အပူဒဏ်လွန်ကဲခြင်း၊ မိုးခေါင်ရေရှားခြင်း ဖြစ်လာနိုင်မည်ဖြစ်သဖြင့် ယင်းကို ကာကွယ်နိုင်ရန် ယခုကတည်းက ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ကြောင်း။

၁၉၅၀ ပြည့်နှစ်မှ ၂၀၂၆ ခုနှစ်အတွင်း အားကောင်းသည့် အယ်လ်နီညို ဖြစ် ပေါ်ခဲ့သည့်နှစ်များနှင့် အင်အားပြင်းထန်သည့် အယ်လ်နီညို ဖြစ်ပေါ်ခဲ့သောနှစ်များ ရှိခဲ့ပြီး ပြည်တွင်းဒေသအများစု၌ အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်ခြင်းများနှင့် မိုးခေါင်မှုနှင့် သောက်သုံးရေ ပြတ်လပ်မှုများ ကြုံတွေ့ခဲ့ကြရကြောင်း။

၂၀၀၉-၂၀၁၀ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သည့် အားအသင့်အတင့်ရှိသော အယ်လ်နီညို ဖြစ်စဉ်ကြောင့် ၂၀၁၀ ပြည့်နှစ်၊ မေလအတွင်း မိုးလေဝသစခန်းပေါင်း (၂၀) သည် အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်ခဲ့ကြကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့၌ အမြင့်ဆုံး အပူချိန် ၄၇ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်ဖြင့် စံချိန်သစ်တင်ခဲ့ပြီး ၎င်းစံချိန် သစ်သည် ယင်းအချိန်က မြန်မာနိုင်ငံတစ်နိုင်ငံလုံး၏ အမြင့်ဆုံးအပူချိန် စံချိန်သစ် လည်းဖြစ်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်သည် ကမ္ဘာတစ်ဝန်းတွင် အပူဆုံးနှစ်ဖြစ်ခဲ့ သည်နှင့် အညီ မြန်မာနိုင်ငံတွင်လည်း ဧပြီလအတွင်း ချောက်၊ မန္တလေးနှင့် ညောင်ဦး ဒေသတို့၌ အပူချိန် ၄၅ ဒီဂရီဆဲလ်စီးယပ်မှ ၄၈ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်အထိ စံချိန် သစ်တင် မြင့်တက်ခဲ့ကြောင်း၊ ထူးခြားချက်အနေဖြင့် တိုင်ဖွန်းမုန်တိုင်း “ရာဂီ” ၏ အကြွင်း အကျန်တိမ်များသည် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများကို လေပွေလှိုင်းအဖြစ် ဖြတ်ကျော်ခဲ့ခြင်းကြောင့် စက်တင်ဘာလ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ ဒေသအလိုက် နေရာကွက်ပြီး မိုးကြီးကာ စံချိန်သစ်တင် ရွာသွန်းခဲ့သည်ကို တွေ့ရှိရကြောင်း။

မိမိတို့ကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ရာသီဥတု ပြောင်းလဲခြင်းဖြစ်စဉ် များတွင် အခြားနိုင်ငံများထက် ပိုမိုပြင်းထန်စွာ ခံစားရနိုင်သောကြောင့် လိုက်လျော ညီထွေ နေနိုင်ရေး ကြိုတင်သုံးသပ် စီမံထားရန်လိုကြောင်း။

              ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၊ အဖွဲ့အစည်းများအနေဖြင့် လမ်း၊ တံတား စသည့် အခြေခံအဆောက်အဦများ၊ လူနေအဆောက်အအုံများ တည် ဆောက်သည့်အခါတွင် သဘာဝဘေးအန္တရာယ်သက်ရောက်နိုင်မှုတို့ကို ကြိုတင် တွေးဆထည့်သွင်း စဉ်းစားပြီး ဆောင်ရွက်ကြရန်လိုကြောင်း၊ ရေနှင့်ဆက်နွှယ်သည့် သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးမှု လျော့နည်းသက်သာစေရေး၊ စီမံ ခန့်ခွဲရာတွင် အထောက်အကူပြုနိုင်ရေး သုတေသနလုပ်ငန်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ အားပေးဆောင်ရွက်ကြရန်လည်း တိုက်တွန်းလိုကြောင်း။

              ရေချိုအရင်းအမြစ်များကို စိုက်ပျိုးရေ၊ သောက်သုံးရေ၊ စက်မှုသုံးရေများ အပါအဝင် ကဏ္ဍစုံ၌ အသုံးချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ယနေ့အစည်းအဝေးတွင် ရေထုညစ်ညမ်းမှုနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျှော့ချ နိုင်ရေး ဆောင်ရွက်နေမှုများ၊ ရေဆိုင်ရာ အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေး နေမှုများနှင့် ရေဆိုင်ရာသဘာဝဘေးအန္တရာယ်များကို တုံ့ပြန်ဖြေရှင်းနိုင်ရေး ပြင်ဆင်ထားရန် ကိစ္စများနှင့်စပ်လျဉ်း၍ ကော်မတီဝင်များက ဆွေးနွေးပေးကြစေလို ကြောင်း၊ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီအနေဖြင့် နိုင်ငံတော်နှင့် ပြည် သူများအတွက် အကျိုးရှိစေမည့် ရေကဏ္ဍဖွံ့ဖြိုးစေရေး၊ ရေအရင်းအမြစ် ဘက်စုံ စီမံခန့်ခွဲမှုများ စနစ်တကျဆောင်ရွက်စေရေးတို့ကို ဆက်လက် ကြိုးပမ်းဆောင်ရွက် သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီ ဒုတိယဥက္ကဋ္ဌက အမျိုး သားအဆင့်ရေအရင်းအမြစ်ကော်မတီဖွဲ့စည်းဆောင်ရွက်မှု၊ ရည်ရွယ်ချက်နှင့် လုပ်ငန်း တာဝန်များချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ကော်မတီအတွင်းရေးမှူးက ကော်မတီ၏ ရေဆိုင်ရာလှုပ်ရှားဆောင်ရွက်မှု၊ ရေရရှိရေး အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် ရှေ့လုပ်ငန်းစဉ်များကိုလည်းကောင်း ရှင်းလင်း တင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန် ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ မြို့တော်ဝန်များက ရေနှင့် ဆက်နွှယ်သည့် လုပ်ငန်းဆောင်ရွက်ချက်များ၊ ရေအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ဆောင်ရွက်ချက်များ၊ ရေအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေး နိုင်ငံ တကာနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ ရေအရည်အသွေးစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ မြစ်ရေတင်လုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ သောက်သုံးရေနှင့်၊ စိုက်ပျိုးရေများ ပေးဝေလျက်ရှိမှုအခြေအနေများနှင့် ရေအရင်းအမြစ်ဖွံ့ဖြိုးတိုးတက် ရေးအတွက် လုပ်ငန်းများဆက်လက် ဆောင်ရွက်သွားမည့်အခြေအနေများနှင့် လုပ်ငန်း လိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

              ရှင်းတင်ပြမှုများနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတက ဖြည့်စွက်ဆွေးနွေး‌ ပြောကြားရာတွင် ကျောင်းနေအရွယ်မှစ၍ ရေ၏တန်ဖိုးကိုသိရှိနေရန်လိုကြောင်း၊  အမှိုက်များ စနစ်တကျစွန့်ပစ်မှုမရှိခြင်းကြောင့် ရေများညစ်ညမ်းမှုဖြစ်သည်ကို သိရှိရန် လိုကြောင်း၊ ထို့ကြောင့် စာသင်ကျောင်းများတွင် အမှိုက်များစနစ်တကျစွန့်ပစ်စေရေး ဆရာ၊ ဆရာမများ၏ ကြီးကြပ်မှုများဖြင့် ပညာပေးသင်ကြား ဆောင်ရွက်သွားကြရန် လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း ကျောင်းသားကျောင်းသူ လူငယ်များအနေ ဖြင့် အမှိုက်ကိုစနစ်တကျစွန့်ပစ်သည့် Mind Set ကို ရရှိသည်အထိ ဆောင်ရွက်ပေး သွားကြရန်လိုကြောင်း။

မိမိတို့နိုင်ငံတွင် အဓိကအားဖြင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် ရေများ လုံလောက်စွာရရှိရန်လိုကြောင်း၊  ထို့ကြောင့် ဧရာဝတီ၊ စစ်တောင်း၊ သံလွင်၊ ချင်းတွင်း စသည့်မြစ်ကြီးများမှ မြစ်ရေတင်လုပ်ငန်းများဖြင့် စိုက်ပျိုးရေများလုံလောက်စွာ ရရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သောက်သုံးရေနှင့် စိုက်ပျိုးရေများ လုံ လောက်စွာရရှိရန်လိုကြောင်း၊ မြစ်ရေ၊ ချောင်းရေ၊ ဆည်မြောင်းရေ၊ မိုးရေများမှ ရေများထိန်းသိမ်း၍ အကျိုးရှိစွာပြန်လည်အသုံးချနိုင်ရန်လိုကြောင်း၊ ရေကိုစနစ်တကျ အကျိုးရှိစွာအသုံးချသည့် အကျင့်များကိုမွေးမြူနိုင်ရန်လိုကြောင်း၊ သန့်ရှင်းသည့် ရေများ ရရှိစေရေးနှင့် ထိန်းသိမ်းနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် သုတေသနပြု ဆောင်ရွက်သွားရန်လိုကြောင်း။

သမဝါယမလုပ်ငန်းဖြင့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျေးရွာများအားလုံး သောက်သုံးရေနှင့် စိုက်ပျိုးရေများ လုံလောက်စွာရရှိရေး ဆောင် ရွက်ပေးသွားရန်လိုကြောင်း၊ ရှိပြီးဖြစ်သည့်ရေများကိုလည်း အကျိုးရှိရှိစနစ်တကျ အသုံးချနိုင်ရန်လိုကြောင်း၊ သဘာဝကပေးထားသည့် ကမ္ဘာ့အမွေအနှစ်၊ မြန်မာ့အမွေ အနှစ်ဖြစ်သည့် အင်းတော်ကြီးကန်နှင့် အင်းလေးကန်ထိန်းသိမ်းရေးအတွက်လည်း အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ထိန်းသိမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ရေဝေရေလဲ သစ်တောများထိန်းသိမ်းရေးနှင့် ဆည်တာတမံများထိန်းသိမ်းရေး ကိုလည်း စနစ်တကျ ဆောင်ရွက်သွားရန်လိုကြောင်း၊ ရေရှားပါးသည့် ဒေသများတွင် မိုးရေကိုသိုလှောင်ပြီး သုံးစွဲသွားကြရန်နှင့် မြေအောက်ရေရယူသုံးစွဲနိုင်ရေး ဆောင်ရွက်သွား ကြရန်လိုကြောင်း၊ သစ်ပင်စိုက်ပျိုးရာတွင် အချိန်နှင့်ငွေကြေး ကုန်ကျမှုများရှိကြောင်း ထို့ကြောင့် ရေအရင်းအမြစ်များကို ထိန်းသိမ်းနိုင်သည့် သစ်ပင်များ ကိုလည်း ရှင်သန်ဖြစ်ထွန်း အောင်စိုက်ပျိုးကြရန်လိုကြောင်းဖြင့် ဖြည့်စွက် မှာကြားသည်။

ထို့နောက် အထွေထွေဆွေးနွေးမှုအဖြစ် အမျိုးသားအဆင့်ရေအရင်းအမြစ် ကော်မတီဒုတိယဥက္ကဋ္ဌကရေအရင်းအမြစ်များကို စနစ်တကျသုံးစွဲရန်နှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ ကာကွယ်ရေးကိစ္စရပ်များကိုရှင်းလင်းတင်ပြသည်။

ယင်းနောက် အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော် သမ္မတက မိမိတို့အနေဖြင့် ရေအရင်းအမြစ်နှင့်သဘာဝဘေးအန္တရာယ်ကို ခွဲခြားရန်လို ကြောင်း၊ ရေအရင်းအမြစ်ဆိုသည်မှာ ရေရရှိရေးကို ဦးစားပေးဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ပြည်ထောင်စုအဆင့်မှ ဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့် ပြည်နယ်နှင့်တိုင်း အလိုက်အုပ်ချုပ်မှုပိုင်းဆိုင်ရာ ဆောင်ရွက်ရမည့်ကိစ္စရပ်များကိုလည်း ခွဲခြားဆောင် ရွက်ရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များအနေဖြင် ရဲရဲ တင်းတင်း ဖြင့်ဆောင်ရွက်သွားရန်လိုကြောင်း၊ အမျိုးသားအဆင့် ရေအရင်းအမြစ် ဥပဒေအား မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့်အခြေအနေအတိုင်း ပြန်လည်ပြင်ဆင် ရေးဆွဲသွားရန်လိုကြောင်း ပြောကြားသည်။

ဆက်လက်၍ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော် သမ္မတက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ယနေ့ဆွေးနွေးမှုတွင် အချက် အလက်များကို ပြည့်ပြည့်စုံစုံဖြင့်ဆွေးနွေးနိုင်ခဲ့ကြောင်း၊ ထိုအထဲမှ အဓိကကျသည့် အချက် အလက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ရာသီဥတု ကြောင့် ဖြစ်ပေါ်တတ်သည့် ပြဿနာများလည်းရှိသဖြင့် အချိန်ကာလအလိုက် လုပ်ငန်း များကို အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မူဝါဒများချမှတ်၍ သက်ဆိုင် ရာလုပ်ငန်းကော်မတီ၊ ဦးစီးကော်မတီများက ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက် သွားကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၏ ရာသီဥတုအလိုက် ဖြစ်ပေါ်လာ နိုင်သည့် အခြေအနေများအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်သွားနိုင်ရန်လို ကြောင်း၊ ပြည်ထောင်စုအဆင့်အလိုက်၊ တိုင်းဒေသကြီးအဆင့်အလိုက် ဆောင်ရွက်ရ မည့် ကိစ္စရပ်များကို အလေးထားဆောင်ရွက်သွားကြစေလိုကြောင်းဖြင့် မှာကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်းသတင်းရရှိသည်။