နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာသည့် PNLO၊ DPLA ၊ KNDF နှင့် PDF အမည်ခံအဖွဲ့ဝင်   ၄၀ ဦး လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့  ထပ်မံဝင်ရောက် နေပြည်တော်၊ ၂၀၂၆ ဇွန် ၈

Monday, June 8, 2026 - 07:15

နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာသည့် PNLO၊ DPLA ၊ KNDF နှင့် PDF အမည်ခံအဖွဲ့ဝင်   ၄၀ ဦး လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့  ထပ်မံဝင်ရောက်

နေပြည်တော်၊ ၂၀၂၆ ဇွန် ၈

            တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို အစဉ်တစ်စိုက် အလေးထား ဆောင်ရွက်လျက်ရှိသည်နှင့်အညီ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter – Terrorism Operation) များတွင် အောင်မြင်မှုများရရှိကာ အကြမ်းဖက် သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားသည့် နယ်မြေများအား အပြီးတိုင်ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီး ဆက်သွယ်ရေးလမ်းကြောင်းများအား အပြည့်အဝ ပြန်လည်ဖွင့်လှစ် ပေးနိုင်ခဲ့မှုအပေါ် ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် ဝမ်းသာအားရ ကြိုဆို ထောက်ခံလျက်ရှိကြပြီး စိတ်အားထက်သန်စွာ အားပေးထောက်ခံမှုများ၊ ယုံကြည် အားကိုးမှုများဖြင့် တပ်မတော်နှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်လာခဲ့ခြင်း များကြောင့် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့ဝင်များ အနေဖြင့်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အပေါ်နားလည်သဘောပေါက်လာကြကာ နီးစပ်ရာနယ်မြေခံ တပ်စခန်းများနှင့် လုံခြုံရေး ရဲကင်းများတွင် လာရောက်သတင်းပို့ပြီး ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက် လျက်ရှိကြသည်။

            ယနေ့တွင်လည်း အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ သံလွင်ခန်းမ၌ PNLO အဖွဲ့ဝင် ၇ ဦး၊ ဖယ်ခုံ PDF ၇ ဦး၊ မိုးဗြဲ PDF ၂ ဦး၊ DPLA ၁၂ ဦး၊ KNDF ၇ ဦး၊ ရှမ်း(တောင်) PDF ၁ ဦး၊ ကျောက်ဆည် PDF ၄ ဦး၊ စုစုပေါင်း ၄၀ ဦး တို့သည် M-16 ၄ လက်၊ M-22 ၁ လက်၊ လက်လုပ်စိန်ပြောင်း ၁ လက်၊ စုစုပေါင်း ၅ လက်၊ ကျည်အိမ်မျိုးစုံ ၃ ခု၊ ကျည်မျိုးစုံ ၁၆၁ တောင့်တို့နှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြသည်။

အဆိုပါ ဉပဒေဘောင်အတွင်းသို့ဝင်ရောက်လာကြသည့် အကြဖမ်းဖက်အဖွဲ့ဝင်များ သည် မိသားစုဝင်ဆွေမျိုးများနှင့် အကြပ်ကိုင်၍ အတင်းအဓမ္မစုဆောင်းခံကြရခြင်း၊ အကြမ်းဖက် အဖွဲ့များ၏အကျိုးစီးပွားအတွက် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများ အား ခြိမ်းခြောက်၊ဖမ်းဆီး၊သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အခြေခံအဆောက် အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက် လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် အထက်အောက် အဆင့်အတန်း ခွဲခြား၍ အချင်းချင်းဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုကျူးလွန် ခြင်း၊ အနေအစားဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာ နေထိုင်ရခြင်းနှင့် တပ်မတော်၏ တိုက်စစ်ကို ခုခံနိုင်မှု မရှိတော့ဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့်တပ်မတော်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဉပဒေဘောင်အတွင်း ငြိမ်းချမ်းစွာ နေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူ လူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင် လမ်းစဉ်အား စွန့်လွှတ်၍ ဉပဒေ ဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ဉပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသည့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပင်းတယမြို့နယ်မှ အမျိုးသား ၇ ဦး၊ အမျိုးသမီး ၂ ဦး၊ ကလောမြို့နယ်မှ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး၊ ရပ်စောက်မြို့နယ်မှ အမျိုးသမီး ၁ ဦး ၊ ဖယ်ခုံမြို့နယ်မှ အမျိုးသား ၈ ဦး၊ လွိုင်ကော်မြို့နယ်မှ အမျိုးသား ၅ ဦး၊ မောက်မယ်မြို့နယ်မှ အမျိုးသား ၃ ဦး၊ ဆီဆိုင်မြို့နယ်မှ အမျိုးသား ၅ ဦး၊ ကျောက်ဆည်မြို့နယ်မှ အမျိုးသား ၄ ဦး၊ ဒီးမော့ဆိုမြို့နယ်မှ အမျိုးသား ၁ ဦး၊ ၊ ရန်ကုန်တိုင်းဒေသကြီးမှ အမျိုးသား ၁ ဦး၊ မန္တလေးတိုင်းဒေသကြီးမှ အမျိုးသား ၁ ဦး၊ စုစုပေါင်း အမျိုးသား ၃၆ ဦး၊ အမျိုးသမီး ၄ ဦးတို့ကို ပြန်လည် ကြိုဆိုလက်ခံခြင်းနှင့် ဆုကြေးငွေ ထောက်ပံ့ခြင်းကို ယနေ့ မွန်းလွဲပိုင်း တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ သံလွင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ပအိုဝ်း/ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  စီမံအုပ်ချုပ်ရေးအဖွဲ့များမှ  တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊  ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင် အတွင်းသို့ ဝင်ရောက်လာကြသူများနှင့် ၎င်းတို့၏ မိဘ အုပ်ထိန်းသူများ၊ ဖိတ်ကြားထား သည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကား ပြောကြားပြီး တိုင်းမှူးက အလင်းဝင် ရောက်လာသူ လူငယ်များအား အသိပညာပေး ရှင်းလင်းပြောကြားသည်။ ထို့နောက် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်က ဉပဒေအကြောင်းအရာများအား ဆွေးနွေး ပြောကြားသည်။   ထို့နောက် ဉပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် ခဲ့ကြသူများက ၎င်းတို့နှင့်အတူပါရှိ လာသည့် လက်နက်/ခဲယမ်းများနှင့်ဆက်စပ်ပစ္စည်း များအား လွှဲပြောင်းအပ်နှံရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လက်ခံရယူခဲ့ပြီး ဉပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ သေနတ် ၁ လက် နှုန်းအတွက် ဆုကြေး ငွေကျပ်သိန်း (၅၀) နှုန်းဖြင့် ၅ လက်အတွက် ငွေကျပ် သိန်း (၂၅၀)၊ လက်လုပ်စိန်ပြောင်း ၁ လက်အတွက် ငွေကျပ် (၅)သိန်းနှင့် အလင်းဝင်ရောက်လာသူများအတွက် တစ်ဦးလျှင် ငွေကျပ် (၂) သိန်းနှုန်းဖြင့် ၄၀ ဦး အတွက် ဆုကြေးငွေ ကျပ် သိန်း (၈၀)၊ စုစုပေါင်း ငွေကျပ်(၃၃၅) သိန်းအား ချီးမြှင့် ပေးအပ်ခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူတို့က ဉပဒေဘောင် အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး    အလင်းဝင်ရောက်လာသူများ   ကိုယ်စားအလင်းဝင်ရောက်လာသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး မိဘ အုပ်ထိန်းသူများထံ ပြန်လည် လွှဲပြောင်း အပ်နှံပေးအပ်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဉပဒေဘောင် အတွင်း ပြန်လည်ဝင်ရောက်လာသူများမှ အပ်နှံထားသော လက်နက်/ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများအား ကြည့်ရှုစစ်ဆေး၍ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပြီး စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

            ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည် ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများ ထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဉပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ရန်ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်းသိရှိရပြီး ဉပဒေဘောင်အတွင်းပြန်လည် ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်း များနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်း များအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်သည်။

            ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများ၏ ရင်တွင်းစကားသံ များကိုလည်း ယခုကဲ့သို့ကြားသိရပါသည်-

၁။      ကျွန်တော်ကတော့ KNDF အကြမ်းဖက်အဖွဲ့ကနေ အလင်းဝင်ရောက်တဲ့သူ တစ်ဦး ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အကြမ်းဖက်အဖွဲ့ထဲကို မဝင်ရောက်ခင်မှာ မိသားစုနဲ့အတူ အေးအေးချမ်းချမ်းနေထိုင်ခဲ့ပါတယ်။ ဒါပေမယ့် အကြမ်းဖက်အဖွဲ့ထဲရောက်ရှိနေတဲ့ သူငယ် ချင်းနဲ့ လူမှုကွန်ယက်ကနေ အဆက်အသွယ်ရပြီးတော့ သူရဲ့စည်းရုံးမှုကြောင့် ကျွန်တော် KNDF ထဲကိုရောက်ရှိခဲ့ပါယ်။ ကျွန်တော် အကြမ်းဖက်အဖွဲ့ထဲရောက်ရှိချိန်မှာ အကြမ်းဖက် အဖွဲ့ဝင်အချင်းချင်း ကြီးနိုင်ငယ်ညှင်း အုပ်ချုပ်တာတွေ အနေအထိုင် အစားအသောက် ဆင်းရဲ ပင်ပန်းတာတွေအပြင် အကြမ်းဖက်အဖွဲ့တွေက သူတို့ကိုမထောက်ခံတဲ့ ဒေသခံပြည်သူတွေ ကို ဖမ်းဆီးချုပ်နှောင်တာတွေ၊ ညှင်းပန်းနှိပ်စက်တွေရှိတာကြောင့် ကျွန်တော်နဲ့အဆင်မပြေ တာကြောင့် ကျွန်တော်အကြမ်းဖက်အဖွဲ့ကနေ ထွက်ပြေးလာပြီး အလင်းလာရောက်ဝင်တာ ဖြစ်ပါတယ်။ကျွန်တော်အလင်းဝင်လာတဲ့အချိန်မှာလည်း တပ်မတော်က တာဝန်ရှိသူတွေက ကျွန်တော့်ကို နွေးနွေးထွေးထွေးကြိုဆိုကြပါတယ်။ ကောင်းကောင်းမွန်မွန်ထားပြီး မိသားစု ဝင် တစ်ဦးလို စောင့်ရှောက်တဲ့အတွက် ဝမ်းသာပီတိဖြစ်ရပါတယ်။ ကျန်ရှိနေတဲ့ လူငယ်များ အနေနဲ့လည်း အကြမ်းဖက်အဖွဲ့ရဲ့မဟုတ်မမှန် ပြောဆိုတာတွေ သူတို့နဲ့ ပတ်သက်သူများရဲ့ ဝါဒဖြန့်တာတွေကို နားယောင်ပြီးတော့ အကြမ်းဖက်အဖွဲ့ကို မဝင်ဖို့၊ ကျွန်တော် အခုလို အလင်းဝင်လာတဲ့ အတွက်လည်း မိသားစုနဲ့ မြို့မှာ အေးအေးဆေးဆေး နေထိုင်ရတယ်။ အကြမ်းဖက်အဖွဲ့ထဲမှာ ကျန်ရှိနေတဲ့ လူငယ်များကိုလည်း မိသားစုနဲ့အတူ အေးအေးချမ်းချမ်း နေထိုင်ဖို့အတွက် အမြန်အလင်းဝင်ရောက်ဖို့ ကျွန်တော်တိုက်တွန်းလိုပါတယ်။

၂။       ကျွန်တော်ကတော့ ဖယ်ခုံမြို့နယ်မှာရှိတဲ့ ကယန်းတိုင်းရင်းသား လူမျိုးတစ်ယောက် ပါ။ ကျွန်တော်တို့ ဖယ်ခုံမြို့နယ်မှာ KNDF / PDF အကြမ်းဖက် ပူးပေါင်းအဖွဲ့တွေနဲ့ တပ်မတော် က နှစ်ဖက်ထိတွေ့ တိုက်ပွဲတွေ ဖြစ်တဲ့အတွက် ဖယ်ခုံမြို့နယ် အနောက်ဖက်ခြမ်းကို တိုက်ပွဲ ရှောင်ခဲ့ရပါတယ်။ တိုက်ပွဲရှောင်ခဲ့ရတဲ့ အချိန်အတွင်းမှာ အကြမ်းဖက် PDF အဖွဲ့က ကျွန်တော့် ကို အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ခဲ့တယ်။ အကြမ်းဖက်အဖွဲ့ထဲ ရောက်ရှိပြီး တပ်သား အဆင့်နဲ့ တာဝန်ထမ်းဆောင်နေချိန်မှာတော့ အဖွဲ့ထဲမှာရှိတဲ့ ခေါင်းဆောင်ပိုင်းတွေက ရာထူး အလိုက်ခွဲခြားဆက်ဆံတာတွေ အာဏာပြ ဆဲဆိုတာတွေ လူမျိုးရေး၊ ဘာသာရေး ခွဲခြားဆက်ဆံတာတွေ ပြုလုပ်လာတဲ့ အတွက် အကြမ်းဖက် အဖွဲ့ထဲမှာ နေထိုင်ရတာ အချိန် ကြာတာနဲ့အမျှ စိတ်ဓာတ်ကျဆင်းလာခဲ့တယ်။ ထွက်ပြေးမယ်ဆိုရင်လည်း ကျွန်တော့်မိသားစု တွေကို ခြိမ်းခြောက်ပြောဆိုမှုတွေ လုပ်တဲ့အတွက် ကျွန်တော်ထွက်ပြေးဖို့ ကြောက်ရွံ့ခဲ့တယ်။ အလင်းဝင်ရောက်လာတဲ့အချိန်မှာတော့ တပ်မတော်က တာဝန်ရှိသူတွေက မိသားစုသဖွယ် နွေးထွေးစွာ ပြောဆိုဆက်ဆံတယ်။ ကောင်းကောင်းမွန်မွန် စောင့်ရှောက်ထားပြီး ဘဝလုံခြုံမှု ပေးတဲ့အတွက် ကျွန်တော် လွန်စွာ ဝမ်းသာမိပါတယ်။ တပ်မတော် အနေနဲ့ အလင်းဝင်ရောက် လာမယ့် လမ်းမှားလူငယ်တွေကို နွေးထွေးစွာ ကြိုဆိုပေးလျက်ရှိတဲ့ အပြင် အလင်းဝင်ရောက် လာသူတွေကို မိသားစုနဲ့အတူ မြို့ရွာအတွင်းမှာ အေးအေးချမ်းချမ်း နေထိုင်ခွင့်ပေးတဲ့ အတွက် အကြမ်းဖက် အဖွဲ့ထဲမှာ ကျန်ရှိနေသေးတဲ့ သူငယ်ချင်းတွေကို မိသားစုနဲ့အတူ ပြန်လည်နေ ထိုင်ပြီး ဘဝကို အေးချမ်းစွာ ဖြတ်သန်းနိုင်ဖို့အတွက် အကြမ်းဖက် ဝါဒဖြန့်စကားတွေကို နားမယောင်ဘဲ အမြန်ဆုံးအလင်းဝင်နိုင်ဖို့ ကျွန်တော် တိုက်တွန်းပါတယ်။