မြန်မာ-အိန္ဒိယ စီးပွားရေးဆွေးနွေးပွဲ(Myanmar-India Business Dialogue)ကျင်းပ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်၍အဖွင့်အမှာစကားပြောကြား
နေပြည်တော်၊ ဇွန် - ၃
မြန်မာ-အိန္ဒိယ စီးပွားရေးဆွေးနွေးပွဲ(Myanmar-India Business Dialogue) ကို ယနေ့နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့ရှိ၊ The Taj Mahal Palace ဟိုတယ်၌ ကျင်းပရာ အိန္ဒိယနိုင်ငံသို့တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
ဦးစွာ နိုင်ငံတော်သမ္မတသည် ဆွေးနွေးပွဲကျင်းပမည့် The Taj Mahal Palace ဟိုတယ်သို့ရောက်ရှိရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)နာယက ဦးအောင်ကိုဝင်း၊ ဥက္ကဋ္ဌ ဦးအေးဝင်းနှင့် အဖွဲ့ဝင်များ၊ မြန်မာ-အိန္ဒိယ ချစ်ကြည်ရေး အသင်းဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။
ဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့ဝင်များ၊ အိန္ဒိယနိုင်ငံ အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံဆိုင်ရာမြန်မာနိုင်ငံ သံအမတ်ကြီး၊ မြန်မာ နိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး နှင့်တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် နာယကနှင့်အဖွဲ့ဝင်များ၊ မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော မြန်မာ-အိန္ဒိယ နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များနှင့် ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်သမ္မတက အဖွင့်အမှာစကားပြောကြားရာတွင် မိမိအနေဖြင့် ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ် နေရာတစ်ခုဖြစ်သည့် အိန္ဒိယနိုင်ငံ၏ ရှေးဟောင်း သမိုင်းဝင် အထင်ကရနေရာများစွာ တည်ရှိနေသည့်၊ The Gateway of India အဖြစ် လူသိများသည့် မွမ်ဘိုင်းမြို့ကို လာရောက်ခွင့်ရသည့်အတွက် ဝမ်းမြောက်ကြောင်း၊ ထို့ပြင်ယနေ့ အခမ်းအနားတွင် ဌာနဆိုင်ရာကိုယ်စားလှယ်ကြီးများ၊ မြန်မာ - အိန္ဒိယ စီးပွားရေးလုပ်ငန်းရှင် မိတ်ဖက်များနှင့် တွေ့ဆုံခွင့်ရသည့်အတွက်လည်း များစွာ ဂုဏ်ယူ ဝမ်းမြောက်ရကြောင်း။
ကိုလိုနီစနစ်ကို အတူတွက်တွန်းလှန်ခဲ့ကြသည့် သမိုင်းကြောင်းအရ မြန်မာ - အိန္ဒိယ သံတမန်ဆက်ဆံရေးသည် ၇၈ နှစ်တိုင်ခဲ့ပြီဖြစ်ကြောင်း၊ ဘာသာရေးနှင့် ယဉ်ကျေးမှုအရလည်း ရှေးယခင်ကတည်းက ခိုင်မာသည့် ဆက်နွှယ်မှုများ ရှိခဲ့ကြကြောင်း၊ ရှည်လျားသည့် ကုန်းမြေနှင့် ရေကြောင်းနယ်နိမိတ်များ ထိစပ်နေသည့် အပြင် ယခုအချိန်သည် စီးပွားရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများမှ တစ်ဆင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်တင်ရန် အကောင်းဆုံး အချိန်လည်း ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် ယခုခရီးစဉ်သည် အိန္ဒိယနိုင်ငံ၏ အရှေ့ထိတွေ့ ဆက်ဆံမှု (Act East Policy)နှင့် အိမ်နီးချင်းဦးစားပေးမူဝါဒ (Neighborhood First Policy) တို့အရ မြန်မာနိုင်ငံနှင့် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှု၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ တန်ဖိုးကွင်းဆက်များကို မြှင့်တင်ပေးနိုင်မည့် မဟာဗျူဟာကျသည့် မောင်းနှင်အား တစ်ရပ်ဖြစ်သည်ကို တွေ့ရမည်ဖြစ်ကြောင်း။
နိုင်ငံရေးအရတည်ငြိမ်မှုအနေဖြင့် မြန်မာနိုင်ငံသည် အကြောင်းအမျိုးမျိုးကြောင့် နှစ်ပေါင်းများစွာကြာ နိုင်ငံရေးမတည်ငြိမ်မှုများဖြစ်ပွားခဲ့ရာမှ ယခုအခါတွင် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်တွင် ကျင်းပပြုလုပ်ပြီးစီးခဲ့သည့် ရွေးကောက်ပွဲမှတစ်ဆင့် ဒီမိုကရေစီအရ တည်ဆောက်ခဲ့သည့်အစိုးရတစ်ရပ်ပေါ်ပေါက်ခဲ့သည့် အစိုးရတစ်ရပ်ပေါ်ပေါက်လာပြီ ဖြစ်သဖြင့် တည်တည်ငြိမ်ငြိမ်ဖြင့် ဆက်လက်ထိန်းသိမ်းသွားရန်အခြေအနေကောင်း များ မိမိတို့တွင်ရှိလာပြီဖြစ်ကြောင်း၊ ထို့ကြောင့်နိုင်ငံရေးတည်ငြိမ်မှုရှိလာသည့် မြန်မာ နိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်မည်ဆိုပါက အဆွေတော်တို့အတွက် အခွင့်အလမ်းများစွာရှိလာမည်ကို ထပ်လောင်းပြောကြားလိုကြောင်း။
ထို့ကြောင့် မိမိအနေဖြင့်သမ္မတအဖြစ် တာဝန်ယူပြီးချိန်တွင် စီးပွားရေးနှင့် ကုန်သွယ်မှုများ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရန်အတွက် အိန္ဒိယနိုင်ငံသို့ ပထမဆုံး လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့လာရောက်စဉ်အတွင်း အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် H.E. Shri Narendra Modi နှင့် အိန္ဒိယသမ္မတနိုင်ငံသမ္မတ H.E. Smt. Droupadi Murmu တို့နှင့်လည်း တွေ့ဆုံခဲ့သကဲ့သို့ နယူးဒေလီမြို့တွင်လည်း မြန်မာ-အိန္ဒိယ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆွေးနွေးပွဲကိုကျင်းပပြီး နှစ်နိုင်ငံစီးပွား ရေးဆိုင်ရာမြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်နိုင်ခဲ့ပြီး သဘောတူညီချက်များလည်း ရရှိခဲ့ကြောင်း၊ ယခုကဲ့သို့အခြေအအနေများအရ အိန္ဒိယနိုင်ငံမှတာဝန်ရှိသူများ အနေ ဖြင့် မြန်မာနိုင်ငံနှင့်ယုံကြည်စိတ်ချစွာ ပူးပေါင်းဆောင်ရွက်နိုင်သည်ကို ပြောကြား လိုကြောင်း။
အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ စတုတ္ထမြောက်ကုန်သွယ်မှု အများဆုံးနိုင်ငံ ဖြစ် ကြောင်း၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုဆိုင်ရာ စာချုပ်များလည်း ချုပ်ဆိုထားပြီး ဖြစ်သကဲ့သို့ ယခင်ကတည်းက နယ်စပ်ကုန်သွယ်ရေးစခန်းများမှလည်း ကုန်သွယ်မှု များပြုလုပ်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံမှ အိန္ဒိယနိုင်ငံသို့ အဓိကတင်ပို့သည့် ပစ္စည်းများမှာ ပဲမျိုးစုံ၊ သစ်တောထွက်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သတ္တုပစ္စည်း များကို အများဆုံးတင်ပို့လျက်ရှိကြောင်း၊ နှစ်နိုင်ငံကုန်သွယ်မှုအနေဖြင့် မိမိတို့ မြန်မာ နိုင်ငံဘက်မှ ထုတ်ပြန်သည့် စာရင်းများအရ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် မိမိတို့ နိုင်ငံမှပို့ကုန်သည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၂၆ ဘီလီယံထိရှိခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံ မှ ပို့ကုန် အမေရိကန်ဒေါ်လာ သန်း ၆၀၀ မှ ၈၀၀ အကြားတွင် ရှိကြောင်း၊ အများအားဖြင့် အိန္ဒိယနိုင်ငံဘက်မှ ဆေးဝါးပစ္စည်းများ၊ ရေနံထွက်ပစ္စည်း၊ ဓာတုဗေဒပစ္စည်းများ၊ မော်တော်ယာဉ်နှင့် ဆက်စပ်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ မော်တော်ဆိုင်ကယ်နှင့် ဆက်စပ်ပစ္စည်းများ၊ လယ်ထွန်စက်နှင့်ဆက်စပ်ပစ္စည်းများ တင်ပို့ခဲ့သည်ကို တွေ့ရှိရ ကြောင်း။
မိမိအနေဖြင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးချိန်တွင် ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော်သာရှိခဲ့သဖြင့် ပထမအဆင့်အနေဖြင့် အမေရိကန် ဒေါ်လာ ၃ ဘီလီယံအထိရောက်ရှိအောင် ဆောင်ရွက်ရန်၊ ဒုတိယအဆင့်အနေဖြင့် အမေရိကန်ဒေါ်လာ ၅ ဘီလီယံအထိရောက်အောင် မျှော်မှန်းဆောင်ရွက်သွားရန် ဆွေး နွေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ကုန်သွယ်မှုတွင်လည်း နှစ်နိုင်ငံကုန်သွယ်မှုတိုးတက်စေရေး ကျပ်နှင့် ရူပီးတိုက်ရိုက်ပေးချေရေးသဘောတူညီထားပြီးဖြစ်ကြောင်း၊ မိမိအိန္ဒိယနိုင်ငံ ဗဟိုဘဏ်မှတာဝန်ရှိသူများနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့အနေ ဖြင့် အိန္ဒိယနိုင်ငံမှ သွင်းကုန်များပိုမိုတင်သွင်းရန်ဆန္ဒရှိပြီး အထူးသဖြင့် သံနှင့် သံမဏိ များ၊ ဘိလပ်မြေ၊ ဆေးဝါး၊ စက်သုံးဆီများ၊ ဆိုလာနှင့်ပတ်သက်သည့် ပစ္စည်းများကို တင်သွင်းသွားလိုကြောင်း၊ မိမိတို့နိုင်ငံမှလည်း ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများ၊ ရေထွက် ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများ၊ အထည်အလိပ်နှင့် အထည်ချုပ်လုပ်ငန်းများ၊ ဆန်နှင့် ရာဘာထွက်ပစ္စည်းများ တင်ပို့သွားလိုကြောင်း၊ မိမိတို့မြန်မာနိုင်ငံတွင် အိန္ဒိယ နွယ်ဖွားများများစွာရှိပြီး အပြန်အလှန်ကူးသန်း သွားလာမှုများ၊ ဗုဒ္ဓဂယာသို့ သွားရောက် လည်ပတ်မှုများရှိသဖြင့် ခရီးသွားလုပ်ငန်းကဏ္ဍကိုလည်း တိုးမြှင့် ဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း၊ အလားတူ အိန္ဒိယနိုင်ငံအနေဖြင့် ကျန်းမာရေး ဆိုင်ရာပတ်သက်သည့် လုပ်ငန်းများမြင့်မားသကဲ့သို့ ပညာရေးနှင့်ဆိုင်သည့် လုပ်ငန်း ရပ်များသည်လည်း မြင့်မားသည်ကိုတွေ့ရှိရသဖြင့် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ များတွင်လည်း လာရောက် ရင်းနှီးမြှုပ်နှံသွားနိုင်ရန်အခွင့်အလမ်းများရှိကြောင်း။
မြန်မာနိုင်ငံတွင် အိန္ဒိယနိုင်ငံ၏ရင်းနှီးမြှုပ်နှံမှု သည် အမေရိကန်ဒေါ်လာ ၉၄ ဘီလီယံကျော်ရှိပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်သည့် နိုင်ငံများတွင် ၁၁ နိုင်ငံ မြောက်ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံတွင်လာရောက်၍ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေးဖိတ်ခေါ်ကြောင်း၊ အထူးသဖြင့်စိုက်ပျိုး မွေးမြူရေးကဏ္ဍ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းကဏ္ဍ၊ စက်မှုကဏ္ဍ၊ သယ်ယူ ပို့ဆောင်ရေးကဏ္ဍ၊ ဆက်သွယ်ရေးနှင့်ဝန်ဆောင်မှုကဏ္ဍ စသည့်ကဏ္ဍများတွင် လာ ရောက်ရင်းနှီးမြှုပ်နှံနိုင်ကြောင်း၊ သွင်းကုန်ပစ္စည်းများနှင့် ပတ်သက်၍လည်း ကုန်သွယ် မှုမြှင့်တင်သကဲ့သို့ မိမိတို့နိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံ၍ ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်နိုင် ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း အချို့ထုတ်ကုန်ပစ္စည်းများကို မြန်မာနိုင်ငံဈေးကွက်သာမက အိမ်နီးနားချင်းနိုင်ငံများဖြစ်ကြသည့် လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား စသည့်နိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ကြောင်း၊ အိန္ဒိယနိုင်ငံအနေဖြင့် သတင်းအချက်အလက်၊ ဒီဂျစ်တယ်နှင့် အဆင့်မြင့်နည်းပညာအခြေပြုကဏ္ဍတွင် ထိပ်တန်းနိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိသည့် အိန္ဒိယနိုင်ငံမှ နည်းပညာမြင့် လုပ်ငန်းများကို မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ရန်ဖိတ်ခေါ်လို ကြောင်း၊ ဆေးဝါးကုသမှုနှင့်ပတ်သက်၍လည်း အိန္ဒိယနိုင်ငံသည် ဆေးဝါးထုတ် လုပ်မှု တွင် ကမ္ဘာ့ထိပ်တန်းနိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံ၏ ဆေးဝါးသွင်းကုန်များကို အိန္ဒိယနိုင်ငံမှ အများဆုံးတင်သွင်းလျက်ရှိကြောင်း၊ ထို့ကြောင့် ဆေးဝါးထုတ်လုပ်မှုလုပ်ငန်းများကို မြန်မာနိုင်ငံ၌လာရောက်ဆောင်ရွက်နိုင်ကြောင်း၊ အလားတူ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဆိုင်ရာတွင်လည်း ကမ္ဘာထိပ်တန်းနိုင်ငံများတွင်ပါဝင်သဖြင့် လျှပ်စစ်ဓာတ် အားလိုအပ်ချက်ရှိသည့် မိမိတို့နိုင်ငံတွင်ရင်းနှီးမြှုပ်နှံနိုင်ရန် အခွင့်အရေးများစွာ ရှိကြောင်း၊ မိမိနှင့်အတူ အဖွဲ့ဝင်အဖြစ်လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူများနှင့် အသေးစိတ်ထပ်မံဆွေးနွေးနိုင်ကြောင်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်၍ မြန်မြန်ဆန်ဆန်ဆောင်ရွက်နိုင်သည့် အခွင့်အလမ်း များရရှိအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းဖြင့် ရင်းနှီးပွင့်လင်းစွာ ဆွေး နွေးပြောကြားခဲ့ပြီး နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်နိုင်ခြင်းအားဖြင့် နှစ်နိုင်ငံ ၏ ချစ်ကြည်ရင်းနှီးမှုများကို ပိုမိုခိုင်မာမှုကိုအထောက်အကူပြုမည်ဖြစ်သကဲ့သို့ သမိုင်း ကြောင်းအရတည်ရှိခဲ့သည့် မိမိတို့နှစ်နိုင်ငံ၏ ရင်းနှီးမှုကိုလည်း ပိုမိုအားပေးရာရောက် မည်ဖြစ်ကြောင်း၊ မိမိတို့နှစ်နိုင်ငံ၏ သံတမန်ဆက်ဆံမှုသည် ၇၈ နှစ်တာကာလသို့ ရောက်ရှိခဲ့ပြီဖြစ်ပြီး ၂၀၂၈ ခုနှစ်တွင် နှစ် ၈၀ ပြည့်မြောက်မည်ဖြစ်ပြီး အဆိုပါ နှစ်(၈၀) ပြည့်သံတမန်ဆက်ဆံမှု အထိမ်းအမှတ်ကိုအားဖြည့်သည့် အနေဖြင့် နှစ်နိုင်ငံကုန်သွယ် ရေးလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် အိန္ဒိယနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များက အိန္ဒိယနိုင်ငံမှစီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်လျက်ရှိမှုနှင့် နိုင်ငံတော်သမ္မတ အနေဖြင့် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုများ ထပ်မံတိုးမြှင့်ဆောင်ရွက်နိုင်ရေး အားပေးဆောင်ရွက်မှုအပေါ် ကျေးဇူး တင်ရှိမှုအခြေအနေများ၊ လက်ရှိ နိုင်ငံတော်သမ္မတ၏ အိန္ဒိယနိုင်ငံခရီးစဉ်သည် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင် မည်ဟု ၎င်းတို့အနေဖြင့် ယုံကြည်လျက်ရှိမှုအခြေအနေများ၊ နှစ်နိုင်ငံအကြား နည်းပညာကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ဇီဝစွမ်းအင် (Bio Energy) ထုတ်လုပ်မှု လုပ်ငန်းတွင် ပူးပေါင်း ဆောင်ရွက်ရေးကဏ္ဍ၊ သတ္တုတူးဖော်ရေးကဏ္ဍ၊ လယ်ယာ စိုက်ပျိုး ရေးလုပ်ငန်းများအတွက် လိုအပ်သည့် စက်ပစ္စည်းကိရိယာများနှင့် ဓာတ်မြေ ဩဇာများ ထုတ်လုပ်ရေးကဏ္ဍ တို့နှင့်ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်ရေး ဆိုင် ရာများအား ဆွေးနွေးတင်ပြကြသည်။
ဆွေးနွေးတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ကြောင်း၊ ဘိုင်အိုစွမ်းအင်နှင့် (Bio Energy) နှင့် ပတ်သက်၍လည်း လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ကြောင်း၊ သတ္တုတူးဖော်ရေးနှင့် ပတ်သက်၍ မိမိတို့နိုင်ငံမှထွက်ရှိသည့် သတ္တုများကို ပြည်ပ သို့ကုန်ကြမ်းအဖြစ် တင်ပို့ခြင်းထက် ကုန်ချောထုတ်လုပ်၍ တင်ပို့သွားမည်ဆိုပါက ဆောင်ရွက်၍ရကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးကဏ္ဍကို အဓိကထား ဆောင်ရွက်နေသည့် နိုင်ငံဖြစ်သဖြင့် စိုက်ပျိုးရေးကဏ္ဍကို အမှန်တကယ်အကျိုးရှိစွာ ဖြင့်ဆောင်ရွက်နိုင်မည့်လုပ်ငန်းရပ်များရှိပါကဖိတ်ခေါ်ကြောင်းနှင့် အခြား လိုအပ်သည် များကို ဖြည့်စွက် ဆွေးနွေးပြောကြားသည်။
မြန်မာ-အိန္ဒိယ စီးပွားရေးဆွေးနွေးပွဲအပြီးတွင် နိုင်ငံတော်သမ္မတက တက် ရောက်လာကြသည့် အိန္ဒိယနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက် ပြီး စုပေါင်မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် Gateway of India, Mumbai သို့သွားရောက်ကြည့်ရှု လေ့လာကြရာ တာဝန်ရှိသူများကကြိုဆိုနှုတ်ကြပြီး နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင် များသည် Gateway of India, Mumbai အတွင်း လှည့်လည်ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက သိရှိလိုသည်များအား ပြန်လည် မေးမြန်း ဆွေးနွေးခဲ့သည်။
အဆိုပါ Gateway of India, Mumbai သည် အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့၊ မွန်ဘိုင်း ပင်လယ်ကမ်းစပ်တွင်တည်ရှိသည့် ကမ္ဘာကျော်သမိုင်ဝင်အထိမ်းအမှတ် အဆောက် အအုံကြီး တစ်ခုဖြစ်ကြောင်း၊ ဗြိတိသျှဘုရင် King George V နှင့် မိဘုရား Queen Mary တို့သည် ၁၉၁၁ ခုနှစ်တွင်အိန္ဒိယနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်လည်ပတ် စဉ် ၎င်းတို့ခြေချဆိုက်ရောက် ခဲ့သည့်နေရာကို အထိမ်းအမှတ်ပြုလုပ်ရန်အတွက် အဆိုပါမုခ်ဦးကြီးကို တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၁၉၁၅ ခုနှစ်တွင် အုတ်မြစ် ချခဲ့ပြီး ၁၉၂၄ ခုနှစ်တွင်တည်ဆောက်မှုပြီးစီးခဲ့ကြောင်း၊ ၁၉၄၈ ခုနှစ်တွင် အိန္ဒိယနိုင်ငံ လွတ် လွတ်လပ်ရေးရပြီးနောက် နောက်ဆုံးကျန်ရှိနေသည့် ဗြိတိသျှတပ်ရင်းများသည် ယခု မုခ်ဦးကြီးအောက်မှဖြတ်သန်းကာ သင်္ဘောများဖြင့် အိန္ဒိယနိုင်ငံမှ ထွက်ခွာ ခဲ့ကြခြင်း ဖြစ်သဖြင့် ဗြိတိသျှတို့၏အုပ်စိုးမှုနိဂုံးချုပ်ခြင်းကို ပြသသည့် ပြယုဂ်တစ်ခု လည်းဖြစ်ကြောင်း၊ အဆောက်အအုံ၏ ဗိသုကာလက်ရာသည် ၁၆ ရာစုဂူဂျာရက်စတိုင် အစ္စလာမ် နှင့် ဟိန္ဒူရိုးရာဗိသုကာလက်ရာများကို ရောနှောပေါင်းစပ်ထားသည့် Indo-Saracenic စတိုင်ဖြစ်ပြီး အဝါရောင်သဲကျောက်(Yellow basalt) များဖြင့် တည်ဆောက်ထားခြင်းဖြစ်ကာ အလယ်မုခ်ဦးခုံးကြီး၏ အမြင့်မှာ ၈၅ ပေခန့်ရှိကြောင်း၊ Gateway of India, Mumbai သည် မွန်ဘိုင်းမြို့၏အထင်ကရပြယုဂ်(The Taj Mahal of Mumbai) ဟု တင်စားခေါ်ဆိုကြပြီး ကမ္ဘာလှည့်ခရီးသွားများ စိတ်ပါဝင်စားစွာ လာရောက်လည် ပတ်ကြသည့်နေရာတစ်ခုဖြစ်ကြောင်းသိရှိရသည်။
ဆက်လက်၍ Chhatrapati Shivaji Maharaj အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ရောက်ရှိကြရာ လေဆိပ်မှတာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက် ကြပြီး နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် လေဆိပ်အတွင်း လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုလေ့လာကြကာ တာဝန်ရှိသူ များ၏ တင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက သိရှိလိုသည်များ ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။