ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဝမ်လုံးကျေးရွာ၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများအား ဖမ်းဆီးရမိ
နေပြည်တော်၊ ၂၀၂၆ ဇွန် ၂
မြန်မာနိုင်ငံအစိုးရအနေဖြင့် တစ်ကမ္ဘာလုံးကိုအန္တရာယ်ပေးနေသည့် အွန်လိုင်း လိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသား ရေး တာဝန်တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံ အစိုးရ များနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ တက်ကြွစွာ ဆောင်ရွက်လျက်ရှိသည်။
ထိုကဲ့သို့ လုံခြုံရေးပူးပေါင်းအဖွဲ့များက သက်ဆိုင်ရာ နယ်မြေများအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူများ အခြေပြုနေထိုင်ခြင်း မရှိစေရန်နှင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုများ ဆောင်ရွက်ခြင်းမရှိစေရန်အတွက် နယ်မြေရှင်း လင်းခြင်းနှင့် ရှာဖွေဖော်ထုတ်စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့အနီး ဝမ်လုံး ကျေးရွာရှိ စဝ်နွဲ့(ခ)စဝ်နွဲ့လင်း ပိုင်ဆိုင်သည့် အိမ်အမှတ်(ဝလ-၀၀၁) နေအိမ်အတွင်း အွန်လိုင်း လိမ်လည်လောင်းကစားမှုလုပ်ဆောင်နေကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့မှုအရ လုံခြုံရေးပူးပေါင်းအဖွဲ့က သွားရောက်ရှာဖွေစစ်ဆေးခဲ့ရာ အွန်လိုင်း လိမ်လည်လောင်းကစားမှုကျူးလွန်သူ မြန်မာနိုင်ငံသားအမျိုးသား ၁၉ ဦးနှင့် အမျိုးသမီး ၁၂ ဦး၊ စုစုပေါင်း ၃၁ ဦးတို့အား Destop ၅၈ လုံး၊ System ပုံး ၆၀ လုံး၊ ဖုန်းမျိုးစုံ ၆၀ လုံး၊ စားပွဲ ၂၀ လုံး၊ ထိုင်ခုံ ၅၄ လုံး တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်လျက်ရှိသည့် ဖမ်းဆီးရမိ သူများအား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်း သုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရှိရသည်။
နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်ခြင်းများ ပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှု မရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတာကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အွန်လိုင်း လိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တက်ကြွစွာ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
